Monday, June 3, 2019


ထူးချွန်ကြက်ခြေနီတွေ့ဆုံပွဲ စခန်းပိတ်သိမ်းပွဲနှင့် ဂုဏ်ပြုညစာစားပွဲကျင်းပ
Image may contain: 2 people, people standing, crowd and outdoor
မြစ်ကြီးနား ဇွန် ၂
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၁၉ ခုနှစ် ထူးချွန်ကြက်ခြေနီတွေ့ဆုံပွဲကို မေ ၂၇ ရက်မှ စတင်ပြီး မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း စခန်း ဖွင့်လှစ်၍ ကျင်းပခဲ့ရာ ဇွန် ၁ ရက် ညနေ ၄ နာရီခွဲတွင် စခန်းပိတ် သိမ်းပွဲကို မြစ်ကြီးနား တက္ကသိုလ်ဘွဲ့နှင်းခန်းမဆောင်ရှေ့၌ ကျင်းပ သည်။
စခန်းပိတ်သိမ်းပွဲတွင် ထူးချွန်ကြက်ခြေနီ လူငယ်မောင်/မယ်များက စစ်ကြောင်းပုံဖြင့် ချီတက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ပြည်နယ်ကြက်ခြေနီအသင်း တာဝန်ရှိသူများနှင့်အတူ နိုင်ငံတော်အလံအား အလေးပြုကြပြီး ဥက္ကဋ္ဌက အမှာစကားပြောကြား ရာ ထူးချွန်ကြက်ခြေနီလူငယ်များက စစ်ကြောင်း ပုံဖြင့် ဥက္ကဋ္ဌအား ချီတက်အ လေးပြုကြသည်။ထို့နောက် ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဂုဏ်ပြုညစာစားပွဲကို ဆက်လက် ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌက နှုတ်ခွန်း ဆက်အမှာစကားပြောကြားရာ ထူးချွန်ကြက်ခြေနီ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။

ထို့နောက် ဂုဏ်ပြုညစာကို ထူးချွန်ကြက်ခြေနီ လူငယ်များက ဒေသအလိုက် ရိုးရာအကအလှများ၊ တေးသီချင်းများသီဆိုဖျော်ဖြေမှုများဖြင့် ဖျော်ဖြေ တင်ဆက်ကာ ထူးချွန်ကြက်ခြေနီလူငယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြက်ခြေနီအသင်း ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များက ဂုဏ်ပြုညစာကို သုံးဆောင်ခဲ့ကြပြီး ဘွဲ့နှင်းသဘင် ခန်းမရှေ့ မနောကွင်းငယ်အတွင်း မနောအကကို ရင်းနှီးပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။
အဆိုပါ ထူးချွန်ကြက်ခြေနီများ တွေ့ဆုံပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပထမဆုံး အကြိမ် ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တိုင်းဒေသကြီး/ ပြည်နယ် များမှ လူငယ်ခေါင်းဆောင်များဖြစ်သော ထူးချွန် ကြက်ခြေနီ ၁၁၁ ဦးနှင့် တက္ကသိုလ်/ကောလိပ် ကြက်ခြေနီအသင်းခွဲများမှ ၂၅ ဦး စုစုပေါင်း ၁၃၆ ဦးတို့အား ထူးချွန်ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ် များပေးအပ်ခဲ့ပြီး ပြည်နယ်အတွင်း လေ့လာရေး ခရီးစဉ်အဖြစ် အင်းတော်ကြီးရွှေမဉ္ဇူဘုရား၊ မြစ်ဆုံ တို့ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment