Sunday, June 23, 2019

ကျန်းမာရေးနှင့် တရားရေး မူးယစ်ကင်းဖို့ လက်တွဲစို့

မြန်မာ့အလင်း အယ်ဒီတာအာဘော်


မူးယစ်ဆေးဝါးပြဿနာသည် က္ဘာနှင့်ချီသည့် နိုင်ငံဖြတ်ကျော်ပြဿနာ ဖြစ်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်မှု၊ ရောင်းဝယ်ဖောက်ကားမှုများ၏ နောက်ဆက်တွဲအနေဖြင့် တရားမဝင် ငွေကြေးခဝါချမှု၊ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်အဖွဲ့အစည်းများအတွက် ငွေကြေးထောက်ပံ့မှုတို့ အပါအဝင် ရာဇဝတ်မှုများ၊ ရာဇဝတ်ဂိုဏ်းများနှင့်လည်း ပတ်သက်နေသည်။ မူးယစ် ဆေးဝါးသုံးစွဲသူများဘက်တွင်မူ ကျန်းမာရေးပြဿနာ၊ လူမှုရေးပြဿနာ၊ စီးပွားရေးပြဿနာတို့နှင့် ရင်ဆိုင်ကြရသည်။

အန္တရာယ် ကြီးမားသလောက် ရှုပ်ထွေးနက်ရှိုင်း ကျယ်ပြန့်လှသည့် မူးယစ်ဆေးဝါး ပြဿနာကို နိုင်ငံအသီးသီးတို့တွင် ကိုယ့်နည်းကိုယ့်ဟန် တို့ဖြင့် နှိမ်နင်းခဲ့ကြသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့် တိုင်အောင် မည်သည့်နိုင်ငံတွင်မှ အပြီးတိုင်အောင်မြင်မှုမရ။ စစ်ပွဲတစ်ပွဲ ဆင်နွှဲသလို မူးယစ်ဆေးဝါး ရောင်းဝယ်သမားများကို တွေ့ရာသချိုင်း ဓားမဆိုင်းဘဲ ထောင်နှင့်ချီ၍ သုတ်သင်ရှင်းလင်းနှိမ်နင်းခဲ့သည့် နိုင်ငံ့ ခေါင်းဆောင်တစ်ဦးသည်ပင် နာမည်ပျက်ခဲ့ရသလောက် သူ့နိုင်ငံတွင် မူးယစ်ဆေးဝါးအမြစ်မပြတ်ခဲ့။ အထက်တွင် ဖော်ပြခဲ့သလိုပင် မူးယစ် ဆေးဝါး ထုတ်လုပ်သူ၊ ရောင်းဝယ်ဖောက်ကားသူ၊ သုံးစွဲသူများက ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ နိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော်ချိတ်ဆက်နေကြခြင်း ဖြစ်သည့်အလျောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာနှင့် ငွေကြေးထောက်ပံ့ကူညီမှုတို့လိုအပ်နေသည်။ မူးယစ်ဆေးဝါး ပြဿနာကို ရာဇဝတ်မှုသက်သက်အမြင်ဖြင့်သာ ချဉ်းကပ်မဖြေရှင်းဘဲ အခြား ကျန်းမာရေး၊ လူမှုရေးရှုထောင့်များမှပါ ပေါင်းစပ်ရှုမြင်၍ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်လာသည်။

မြန်မာနိုင်ငံ၏ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒကို ယမန်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး မဟာ ဗျူဟာ စီမံချက်ရေးဆွဲကာ ၂၀၁၉ မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်သည် မူးယစ်ဗဟိုနှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC) တို့၏ ကမကထ ပြုမှုဖြင့် ပေါ်ပေါက်လာခဲ့ပြီး မူးယစ်ဆေးဝါးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများစသည်ဖြင့် ကဏ္ဍပေါင်းစုံမှ ပါဝင်၍ ရှုထောင့်စုံမှ ချဉ်းကပ် ဖြေရှင်းသွားကြရန် ဦးတည်ထားခြင်းဖြစ်သည်။ တရားဥပဒေရှုထောင့် တစ်မျိုးတည်းမှ ရှုမြင်ကာ ဖမ်းဆီးနှိမ်နင်း ထောင်ချအပြစ်ပေးခြင်း နည်းလမ်းမျှသာမဟုတ်တော့ဘဲ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အစားထိုးဖွံ့ဖြိုးရေး၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို မြှင့်တင်ရေးတို့ပါလာသည်။ ရောင်းဝယ်ဖောက်ကားသူ များကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူအပြစ်ပေးမှုများကို ဆောင်ရွက်ရင်း မူးယစ်ဆေးဝါးသုံးစွဲသူများကိုမူ ပြုပြင်ပြောင်းလဲရန် အခွင့်အလမ်းပေးခြင်း၊ ပြစ်မှုနှင့် ညီမျှသည့် ပြစ်ဒဏ်မျှကိုသာ ပေးခြင်း အားဖြင့် မူးယစ်ဆေးဝါးအ္တရာယ် တိုက်ဖျက်ရေးမှာ ပို၍ လူသားဆန် လာသည်။

လာမည့်ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်မှာ ကျန်းမာရေးနှင့် တရားရေး မူးယစ်ကင်းဖို့လက်တွဲစို့ (Health for Justic. Justic for Health) ဟူ၍ဖြစ်သည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၏ ခေါင်းနှင့် ပန်းသဖွယ်ဖြစ်သော ကျန်းမာ ရေးနှင့် တရားဥပဒေတို့ကို ရည်òန်းခြင်းဖြစ်သည့်အလျောက် ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုများ၏ စုပေါင်းအားဖြင့် မူးယစ်ဆေးဝါးအ္တရာယ် ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် နိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment