Sunday, June 2, 2019

ဘောစနီးယားနိုင်ငံရှိ မီးလောင်မှုရွှေ့ပြောင်းနေထိုင်သူ ၃၂ ဦး ဒဏ်ရာရရှိ





ဘောစနီးယား  ဇွန် 
ဇွန် ၁ ရက်က ဘောစနီးယားနိုင်ငံ အနောက်မြောက်ဘက်ရှိ ရွှေ့ပြောင်းနေထိုင်သူများ၏ စခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ  လူ ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
မီးလောင်မှုသည် ဗယ်လီကာကလာဒူဆာမြို့ရှိ ပုဂ္ဂလိကပိုင် စက်ရုံတစ်ခုတွင် မိုးလင်းပြီးမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကို အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သော်လည်း ရွှေ့ပြောင်းနေထိုင်သူ ၃၂ ဦးသည် ယင်းမီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် တချို့သည် မီးလောင်မှုမှ  လွတ်မြောက်ရေးအတွက် ပြတင်းပေါက်များမှ  ခုန်ချကြရာ ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆီလ်ဂျဒီဒစ်ခ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။
ရွှေ့ပြောင်းနေထိုင်သူ ၅၀၀ ခန့်သည် မီးလောင်မှုဖြစ်ပွားချိန်၌ အဆိုပါစခန်းတွင် ရှိနေကြသည်ဟု ၎င်းက ဆိုသည်။ ယခု မီးလောင်မှုသည် ဒုတိယအကြိမ်မြောက် မီးလောင်မှု ဖြစ်သည်။ မကြာသေးမီက ဖြစ်ပွားသည့် မီးလောင်မှုသည်လည်း ဘောစနီးယားနိုင်ငံရှိ ရွှေ့ပြောင်း နေထိုင်သူများ အခြေချရာနေရာ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘောစနီးယားနိုင်ငံထဲမှ  ဥရောပသမဂ္ဂနိုင်ငံများသို့  ဝင်ရောက်ရန် ကြိုးစားသည့် ရွှေ့ပြောင်းနေထိုင်သူ ၃၅၀၀ ခန့်ရှိပြီး  ခိုလှုံစခန်းရှစ်ခုတွင်  နေရာထိုင်ခင်းချပေးထားသည်။ ရွှေ့ပြောင်းသွားလာသူများ၏စခန်းအများစုမှာ နိုင်ငံ၏မြောက်ဘက်  အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ခရိုအေးရှားနိုင်ငံနှင့် နယ်စပ်အနီးတွင် တည်ရှိကြောင်း သိရသည်။

ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-ဂျေတီ

No comments:

Post a Comment