Sunday, June 2, 2019

လူငယ့်အားမာန်

မြန်မာ့အလင်းအယ်ဒီတာအာဘော်



မြန်မာနိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသား လွတ်မြောက်ရေးသမိုင်းကို လည်ပြန်ကြည့်လျှင် လူငယ်တို့၏ အင်အားကို ထင်ထင်ရှားရှား မှတ်မှတ်သားသား မော်ကွန်းတင်ရမည်ဖြစ်ပါသည်။
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကြီးကို ထက်ထက်မြက်မြက်ပါဝင် ခေါင်းဆောင်သွားခဲ့သည်မှာ လူငယ်များဖြစ်ပါ၏။ ကျွန်ပညာရေးဟု ဆန့်ကျင်ခဲ့ကြသည့် ဗြိတိသျှတို့၏ ပညာရေးစနစ်သည်ပင် မြန်မာလူငယ် တို့၏ အတွေးအခေါ်အယူအဆတွင်ဖြစ်စေ၊ လက်တွေ့ အကောင်ထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများတွင်ဖြစ်စေ များစွာအထောက်အကူ ဖြစ်ခဲ့သည်ကို တွေ့နိုင်ပါသည်။ ပညာရေးစနစ်က လွတ်လွတ်လပ်လပ် တွေးခေါ်ယူဆရေးကို အားပေးရတာဖြစ်သည့်အတွက် ဗြိတိသျှအစိုးရ၏ လက်အောက်မှာ ကျွန်သက်ရှည်ရေး မွေးထုတ်ရန် ရည်ရွယ်သည်ဟု မည်သို့ပင်ဆိုစေကာမူ ကျောင်းသားလူငယ်တို့၏ အတွေးအမြင် အယူအဆ တို့ ပိုမိုထက်မြက်လာခဲ့သည်မှာ အမှန်။
အတွေးအမြင် အယူအဆတို့ ပိုမိုထက်မြက်လာသည်နှင့်အမျှ နယ်ချဲ့ ဆန့်ကျင်ရေး၊ လူမွဲတို့၏ ထွက်ရပ်လမ်း၊ ဖက်ဆစ်ဆန့်ကျင်ရေး အစရှိသည့် တော်လှန်ရေးစိတ်ဓာတ်များ မြင့်မားရင့်သန်လာခဲ့ကြသည်။
သို့ဖြင့် အင်္ဂလိပ်ခေတ်ပညာရေးစနစ်က ပညာတတ် ပညာရှင် မြန်မာ လူငယ်အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထို့ပြင် အင်္ဂလိပ်ပညာရေး စနစ်အောက်မှာပင် ကျောင်းသားသမဂ္ဂလို အဖွဲ့အစည်းက ရှင်သန်တိုးတက် ဖွံ့ဖြိုးလာခဲ့ပြီး ရင့်ကျက်သည့် လူငယ်များ ပေါ်ထွန်းခဲ့သည်။
သမိုင်းလည်ပြန်ကြည့်ကာ အတိုချုံးပြောရလျှင် နိုင်ငံ၏အရေးကြီး သော အပြောင်းအလဲများ တိုးတက်မှုများတွင် လူငယ်တို့၏ စွမ်းအားက အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ဆိုတာပဲ ဖြစ်ပါသည်။
လူငယ်တို့မှာ အားမာန်ရှိသည်။ လူငယ်ဆိုသည်က ဆန်းသစ်တီထွင် လိုသူများ၊ ခေတ်မီတိုးတက်လိုသူများ၊ က္ဘာကိုရင်ပေါင်တန်းလိုသူများ၊ တက်ကြွလှုပ်ရှားသူများ၊ အနစ်နာခံကိုယ်ကျိုးစွန့်ရန် ဝန်မလေးသူများ၊ အခက်အခဲကို ရင်ဆိုင်ရန်ဝန်မလေးသူများ စသည့် စသည့် အင်အားများ သတ္တိများနှင့် ဖြစ်သည်။
ယနေ့နိုင်ငံထူထောင်ရေးတွင် လူငယ်တို့ကို မည်သို့ နေရာပေးမည်၊ မည်သို့ တာဝန်ပေးမည် ဆိုသည်တို့ကို အလေးအနက်ထား ပြင်ဆင်ကြရန် လိုသည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment