Sunday, June 2, 2019

ရုရှားနှင့် ဂျပန်ငြိမ်းချမ်းရေးသဘောတူညီမှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု လေးကြိမ်မြောက် အစည်းအဝေးကျင်းပ



           
တိုကျို  ဇွန် 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေး လာရို့ဗ်တို့သည် မေ ၃၁ ရက်တွင် ငြိမ်းချမ်းရေးသဘောတူညီမှုဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးနှင့်ပတ်သက်ပြီး လေးကြိမ်မြောက် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။       
ရုရှားနှင့်ဂျပန်နိုင်ငံခြားရေးဝန်ကြီးများက နှစ်နိုင်ငံအငြင်းပွားလျက်ရှိသည့် ကျွန်းများပေါ်တွင် စီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် သဘောတူညီ ခဲ့ကြသည်။ 
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် ဇွန်လနှောင်းပိုင်းတွင် အိုစကာ မြို့၌ ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးအတွင်း သီးခြားတွေ့ဆုံကာ နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူညီ စာချုပ်တစ်ရပ် ပေါ်ထွက်လာရေးနှင့်ပတ်သက်ပြီး ဆွေးနွေးကြမည်ဖြစ်သည်။
ဇွန် ၁၁ ရက်တွင် အဆင့်မြင့်အရာရှိအဆင့် အလုပ်သဘောဆွေးနွေးပွဲတစ်ရပ်ကျင်းပရန်   ဝန်ကြီးနှစ်ဦးက သဘောတူညီခဲ့ကြသည်။ ထို့အပြင် အဆိုပါကျွန်းများပေါ်တွင် ယခင်က အခြေချနေထိုင်ခဲ့ကြသူများအား ၎င်းတို့၏ဆွေမျိုးသားချင်းများ၏ အုတ်ဂူများသို့ သွားရောက်ဂါရ၀ပြုရန် စီစဉ်မှုများလုပ်ဆောင်ရေးအတွက်လည်း သဘော တူညီခဲ့ကြကြောင်း သိရသည်။
နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအကြား ကောင်းမွန်သောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင် ခြင်းသည် နှစ်နိုင်ငံငြိမ်းချမ်းရေးသဘောတူညီစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် အထောက်အပံ့ကောင်း များဖြစ်စေသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုနိုက ပြောကြားခဲ့သည်။

အင်န်အိတ်ခ်ျကေ

No comments:

Post a Comment