Monday, June 24, 2019

ပဏာမဆန်းစစ်လေ့လာရေးအဖွဲ့၏ အကြံပြုချက်(၃)ရပ်ကို အကောင်အထည်ဖော်ရန်နှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို တိုးမြှင့်ကူညီရန် အာဆီယံက သဘောတူ

Image may contain: one or more people and indoor
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသည့် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ယနေ့တွင် အထူးလေယာဉ်ဖြင့် ပြန်လည် ရောက်ရှိသည်။
ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး (မျက်နှာစုံညီ) တွင် စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲသည့် အာဆီယံ အသိုက်အဝန်းတည်ဆောက်ရာတွင် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာ စေရေးဆိုင်ရာ ကိစ္စရပ်ကို လည်းကောင်း၊ ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး(သီးသန့်)တွင် အာဆီယံ၏ ပြင်ပဆက်ဆံရေးနှင့် အနာဂတ်ဦးတည်ချက်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို လည်းကောင်း၊ ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ၌ အာဆီယံနိုင်ငံ ခေါင်းဆောင်များက ရခိုင်ပြည်နယ်အရေးကိစ္စသည် သိမ်မွေ့ရှုပ်ထွေးကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ပြင်ဆင်ဆောင်ရွက် ရမည့် လုပ်ငန်းပမာဏများစွာ ကြီးမားသဖြင့် အာဆီယံက တိုးမြှင့်ကူညီပံ့ပိုးရန် လိုအပ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများအတွက် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန် လိုအပ်ကြောင်းနှင့် ပဏာမ ဆန်းစစ်လေ့လာရေး အဖွဲ့၏ အကြံပြုချက်များ အကောင်အထည်ဖော်ရာတွင် အချိန်ဇယားသတ်မှတ်ရေး ကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း စသည်ဖြင့် အပြုသဘော ဆွေးနွေး ပြောကြားကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့ အနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စဖြေရှင်းရေးအပေါ် လက်တွေ့ကျပြီး၊ အပြု သဘောဖြင့် ချဉ်းကပ်ဆောင်ရွက်သည့်အတွက် အာဆီယံအတွင်းရေးမှူးချုပ်နှင့် AHA Centre တို့အား ကျေးဇူးတင်ရှိကြောင်း၊ လိုအပ်ချက်များ ပဏာမ ဆန်းစစ် လေ့လာရေးအဖွဲ့၏ အစီရင်ခံစာမှာ အပြုသဘောဆောင်ကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ကူညီပံ့ပိုးမှုများအား ကြိုဆိုကြောင်း၊ ယင်းပြဿနာအား ချောမွေ့ လျင်မြန်စွာ ဖြေရှင်းရေးကို မိမိတို့လောက် လိုလားသည့်နိုင်ငံ ရှိမည်မဟုတ်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘော တူညီချက် ဆောလျင်စွာ အကောင်အထည်ဖော်ရေးအတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် အပြန်အလှန်ဆက်စပ်လျက်ရှိသဖြင့် အသိုက်အဝန်း များအကြား ရှေရှည်သဟဇာတဖြစ်ရေးအတွက် ရခိုင်ပြည်နယ်၌ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပြန်လည်ပြောကြားသည်။
(၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဇွန်လ ၂၁ ရက်နေ့ ညနေတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလုပ်သဘော ညစာစားပွဲတွင် အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စတို့ကို အလွတ်သဘော ဆွေးနွေးခဲ့သည်။ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အာဆီယံခေါင်းဆောင်များ၏ လမ်းòန် ချက်နှင့်အညီ အာဆီယံနှင့်မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ် များကို ကွင်းဆင်းလေ့လာသည့် အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင် ခံစာနှင့် ယင်းအစီရင်ခံစာပါ အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များ၊ ဦးစားပေးဆောင်ရွက်လိုသည့် အခြေခံလိုအပ်ချက် များကို ရွေးချယ်သတ်မှတ်ရေးနှင့် အာဆီယံ၏ ဆွေးနွေးဖက်ဆက်ဆံရေးနိုင်ငံများ ထံမှ ကူညီပံ့ပိုးမှုများရရှိနိုင်မည့် အလားအလာများ၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက တစ်နိုင်ငံချင်းအလိုက် ပူးပေါင်းပြီး ကူညီပံ့ပိုးပေးကြသည့် အခြေအနေများ၊ စသည်တို့အပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြ သည်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကလည်း အစီရင်ခံစာပါ အကြံပြုချက် များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားပြီး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို ရှင်းလင်းအသိပေးခဲ့သည်။ ထို့နောက် အစီရင်ခံစာပါ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကို အာဆီယံအတွင်းရေးမှူးချုပ် အနေဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူညီခဲ့ကြသည်။
အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် (၃၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ၏ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အာဆီယံခေါင်းဆောင်များက ရခိုင်ပြည်နယ် အရေးကိစ္စနှင့် စပ်လျဉ်း၍ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် လည်းကောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေး အတွက် ကူညီပံ့ပိုးပေးကြရာတွင် လည်းကောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးကို တိုးမြှင့်ရာတွင် လည်းကောင်း၊ အာဆီယံ၏အခန်းကဏ္ဍ ပိုမိုမြှင့်တင်ရေးနှင့် ထင်သာမြင်သာရှိစေရေးကို ထောက်ခံအားပေးရန် ထပ်လောင်းအတည်ပြုကြောင်း၊ အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အဓိကအကြံပြုချက် (၃)ရပ် ဖြစ်သည့် ပြန်လည်လက်ခံရေးစခန်းနှင့် ကြားစခန်းတို့၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ နေရပ်ပြန်လာသူများအတွက် မြန်မာအစိုးရ၏ ပြင်ဆင်ဆောင်ရွက် ထားရှိမှုဆိုင်ရာ သတင်းအချက်အလက်များဖြန့်ဝေမှု ပိုမိုအားကောင်းစေရေးနှင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရာတွင် ကူညီပံ့ပိုးရေး၊ စသည်တို့ကို အာဆီယံအတွင်းရေးမှူးချုပ်အနေဖြင့် အကောင်အထည်ဖော်သွားစေရန် သဘော တူညီကြောင်း၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအားလုံး၏ ဘေးကင်းလုံခြုံရေး အတွက် လုံခြုံရေးအစီအမံများကို အတတ်နိုင်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်ရန် မြန်မာအစိုးရ၏ ကတိကဝတ်ပြုခြင်းကို ကြိုဆိုကြောင်း၊ ရခိုင် ပြည်နယ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက် ထောက်ခံအားပေး ကြောင်း ဖော်ပြထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ၂၃ရက်

No comments:

Post a Comment