Monday, June 24, 2019

ငြိမ်းချမ်းရေးလမ်းစဉ်သည် မြတ်သောလမ်းစဉ်

မြန်မာ့အလင်းအယ်ဒီတာအာဘော်




လူတို့တွင် ချမ်းသာကြွယ်၀သူ၊ ဆင်းရဲနွမ်းပါးသူ ဆိုသည်ကို ပိုင်ဆိုင်သည့် ငွေကြေးဥစ္စာများပြားမှုဖြင့် တိုင်းတာပြောဆိုကြ၏။ ရာထူးဂုဏ်ရှိန် နိမ့်မြင့်ဆိုသည်ကို ဆောင်ရွက်လုပ်ကိုင်ရသော တာဝန်ကြီးမားလေးလံမှု ဖြင့် တိုင်းတာကြ၏။ ကျော်စောထင်ရှားရှိခြင်း၊ သာမန်အညတရဖြစ်ခြင်းကို လူသိများမှု၊ နည်းမှုဖြင့် တိုင်းတာကြ၏။
သိက္ခာကြီးသူ မြင့်မြတ်သူဆိုသည်ကိုမူ သီလဖြင့်တိုင်းတာ၏။
ရာထူးဩဇာကြီးသူတိုင်း မြင့်မြတ်သူမဖြစ်နိုင်။ ထင်ရှားကျော်စော သူတိုင်း မြင့်မြတ်သူ မဖြစ်နိုင်။ ချမ်းသာကြွယ်၀ စည်းစိမ်ကြီးသူတိုင်း မြင့်မြတ်သူ မဖြစ်နိုင်။


လူ့လောကတွင် ပညာရှိသူများ၊ ယဉ်ကျေးသူများသည် သိက္ခာကြီးသူ၊ မြင့်မြတ်သူများကို တန်ဖိုးထား၏။ မြင့်မြတ်သူတို့ကိုသာ လောကတွင် တန်ဖိုးကြီးသူများအဖြစ် ရှုမြင်ကြ၏။ မြင့်မြတ်သူတို့ကိုသာ ရိုသေ လေးမြတ် ကြည်ညိုကြလေ၏။


မြင့်မြတ်သူ ဟူသည် မြတ်သောတရားကို လိုက်နာကျင့်ကြံကြသူများ ဖြစ်၏။ မြတ်သောတရားဟူသည် သူတစ်ထူးကို မညှဉ်းဆဲ မနှိပ်စက်သော တရားဖြစ်သည်။ နိမ့်ကျသူတို့သည် နိမ့်ကျသော တရားကို ကျင့်ကြံကြ သူများဖြစ်၏။ နိမ့်ကျသောတရားဟူသည် ကိုယ်တိုင်က စည်းစိမ်ခံ သာယာစွာနေထိုင်ပြီး တစ်ပါးသူကို နာကျင်စေသည့်တရား ဖြစ်သည်။ သူတစ်ပါး ထိခိုက်ခံစားနေရသည်ကို သူတစ်ပါး နာကျင်သည်ကို မြင်လို၏။ မိမိ၏ သာယာမှုအတွက် သူတစ်ထူး ဒုက္ခရောက်အောင် ကြံစည်လုပ်ဆောင် ကြ၏။


မြတ်သောအကျင့်ကို ကျင့်သူသည် လောကကို ငြိမ်းချမ်းသာယာ စေလိုသော စေတနာရှိ၏။ လောကနှင့်အတူသာ မိမိ၏ ငြိမ်းချမ်းသာယာမှု ကို ရလိုသည့် မြင့်မြတ်သော သဘောထားရှိသူ ဖြစ်၏။ သူတစ်ပါး နစ်နာ ထိခိုက်နေမှုကို အားရဝမ်းသာရှိသူ မဟုတ်။ သူတစ်ပါးကို ကိုယ်ကာယ ဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်စေ၊ စိတ်နှလုံးကိုဖြစ်စေ ညှိုးနွမ်းနာကျင်စေလိုသူ မဟုတ်။ သူတစ်ပါး ထိခိုက်နစ်နာသည်ကို ကိုယ်ချင်းစာနာ ကရုဏာ ထားသူဖြစ်၏။
မြင့်မြတ်မှုသည် သစ္စာတရားဖြစ်၏။ မြင့်မြတ်မှုသည် သဘာ၀တရား ကို အမှန်အတိုင်း သိမြင်ကာ ဓမ္မကို တည်ဆောက်သော တရားဖြစ်၏။ ဂုဏ်သိက္ခာကြီးမြင့်မှုသည် ကောင်းမြတ်သော ဣန္ဒြေကို စောင့်ထိန်းမှု တရားဖြစ်၏။ ဤသည်ပင် သစ္စာတရားဖြစ်၏။


ဤသို့သော မြင့်မြတ်သည့်တရားကို စောင့်ထိန်းကျင့်ကြံခြင်း သည်ပင် လောကကောင်းကျိုးလိုလားသူတို့၏ ကျင့်စဉ်ဖြစ်၏။
မည်မျှပင် ချမ်းသာကြွယ်၀သည်ဖြစ်စေ၊ မည်သို့ပင် အာဏာ ဩဇာကြီးသည်ဖြစ်စေ၊ သီလစောင့်ထိန်းသူ ကျင့်ဝတ်သိက္ခာကြီးသူ တို့သာ မြင့်မြတ်သူများ ဖြစ်လေ၏။ မြင့်မြတ်စိတ်ရှိသူများသည် လောက ကောင်းကျိုးကို လိုလားကြသူများဖြစ်၏။ ထိုသူတို့သည်သာ လူသား တို့ကို မေတ္တာထားကြ၏။ မြင့်မြတ်သူများသည် အမုန်းစကားကို မည်သည့် အခါမှ မဆိုသူများဖြစ်၏။ ရန်သူကိုပင်လျှင် မေတ္တာထားနိုင်ရန် ကျင့်ကြံ ကြသူများဖြစ်၏။


ထို့ကြောင့် လောကငြိမ်းချမ်းရေးကို မြင့်မြတ်သူများဖြင့်သာ ထူထောင်နိုင်မည်ဟု ယုံကြည်ပါသည်။ နိုင်ငံနှင့်လူမျိုးကို အမှန်တကယ် ချစ်သည်ဆိုလျှင်၊ ပြည်သူလူထု အကျိုးစီးပွားကို အမှန်တကယ် လိုလား သည်၊ ကောင်းစားလိုစိတ်ရှိသည်ဟု ဆိုပါလျှင် အများပြည်သူအပေါ် မေတ္တာထားခြင်းဖြင့် စစ်မှန်သည့်မေတ္တာတရားကို ညွတ်နူးယုံကြည်စွာ တည်ဆောက်ကြခြင်းဖြင့်သာ တည်ဆောက်နိုင်ပါလိမ့်မည်။
မေတ္တာတရားဖြင့်သာ မြင့်မြတ်သော လမ်းစဉ်များဖြင့်သာ စစ်ပွဲ များကို ရှောင်ရှားနိုင်ပြီး လောကတစ်ဝန်း သာယာအေးချမ်းမှုနှင့်အတူ နိုင်ငံငြိမ်းချမ်း တိုးတက်လိမ့်မည်ဟု ယုံကြည်ပါသတည်း။ ။


No comments:

Post a Comment