Monday, June 24, 2019

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များ ညီလာခံကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲသို့ တက်ရောက်

Image may contain: 1 person, sitting, table and indoor 

နေပြည်တော် ဇွန် ၂၃


ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌ၊ အာဆီယံပါလီမန်များညီလာခံ (AIPA) ဥက္ကဋ္ဌ မစ္စတာ ချွန်လိပိုင် ၏ဖိတ်ကြားချက် အရ အာဆီယံပါလီမန် ခေါင်းဆောင်များ ၏ အကြိုညှိနှိုင်းအစည်းအဝေး (AIPA Preparatory Meeting)နှင့် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေး၏AIPA-ASEAN Interface သို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဗန်ကောက် မြို့သို့ ဇွန် ၂၀ ရက် ညပိုင်းက ရောက်ရှိ ခဲ့သည်။


ကြိုဆိုနှုတ်ဆက်

ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံ အထက်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သံမှူးကြီးနှင့် တာဝန်ရှိသူများက သုဝဏ္ဏ ဘုမ္မိ အပြည် ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။


တက်ရောက်

ပြည်ထောင်စုလွှတ်တော် နာယက ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန်၂၁ ရက် နံနက် ၈ နာရီခွဲတွင် ကျင်းပ သည့် အာဆီယံနိုင်ငံခေါင်းဆောင်များ နှင့် အာဆီယံပါလီမန်များ ညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ ၏ အကြိုညှိနှိုင်းအစည်းအဝေးသို့ AIPA အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား ၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ ပါလီမန်ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက် ခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စု လွှတ်တော်နာယကသည် ထိုင်းနိုင်ငံ ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချွန်လိပိုင်နှင့် တွေ့ဆုံခဲ့သည်။


ဆွေးနွေး

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံပြည်သူ အချင်းချင်း၊ လွှတ်တော်အချင်းချင်း ဆက်ဆံရေး ခိုင်မာတိုးတက်လာစေရေး အတွက် နှစ်နိုင်ငံလွှတ်တော်ခေါင်းဆောင် များအကြား အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ လာရောက်လည်ပတ်ရေး၊ လွှတ်တော်ချင်း ဆက်ဆံရေးကိစ္စများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။


ဂုဏ်ပြုညစာစားပွဲ တက်ရောက်

ညပိုင်းတွင် ပြည်ထောင်စု လွှတ်တော်နာယက ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌနှင့် အာဆီယံ ပါလီမန်များညီလာခံဥက္ကဋ္ဌက တည်ခင်း သော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် ခဲ့ကြသည်။


မျက်နှာစုံညီတွေ့ဆုံပွဲတက်ရောက်

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၂ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ The Athenee Hotel ၌ ကျင်းပသည့် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာဆီယံပါလီမန် များ ညီလာခံကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ AIPA-ASEAN Interface သို့ တက်ရောက် ခဲ့ကြသည်။

ညနေပိုင်းတွင် ထိုင်းနိုင်ငံ အထက် လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ပရော်ဖက်ဆာ ဒေါက်တာ ပွန်ပက်စစ် ချစ်ချိုချိုင်း က တည်ခင်းသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။


ပြန်လည်ရောက်ရှိ

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Athenee Tower ရှိ Crystal Hall၌ ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေး ဖွင့်ပွဲအခမ်းအနား (Opening Ceremony of the 34th ASEAN Summit) သို့ တက်ရောက်ခဲ့ပြီး ဗန်ကောက်မြို့မှ ပြန်လည်ထွက်ခွာခဲ့ကြရာ နေပြည်တော်သို့ ညနေ ၆ နာရီခွဲတွင် ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိ သည်။


သတင်းစဉ်

No comments:

Post a Comment