Monday, June 24, 2019

မိတ်ဖက်တိုးမြှင့်၍ ဖွံ့ဖြိုးတိုးတက်မှုဦးတည်



Image may contain: text

(၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၂ ရက်နေ့က အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့အား သီးခြားစီတွေ့ဆုံကာ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

(၃၄)ကြိမ်မြောက် အာဆီယံထိပ်သီး (မျက်နှာစုံညီ) အစည်းအဝေး တွင် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များသည် အာဆီယံအသိုက်အဝန်း ထူထောင်ခြင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်ပြုမှု တိုးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး လျက်ရှိသည်။ ယခုနှစ် ပထမဆုံးကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံရေးနှင့်   လုံခြုံရေးအသိုက်အဝန်းဆိုင်ရာတို့ကို   အဓိက ဆွေးနွေးကြပြီး အာဆီယံ ၁၀ နိုင်ငံအရေးကိစ္စများနှင့် အာဆီယံအသိုက် အဝန်းထူထောင်နေသည့် လက်ရှိအနေအထားများကို ဆွေးနွေးကြသည်။

အာဆီယံထိပ်သီးအစည်းအဝေးများကို အလှည့်ကျဥက္ကဋ္ဌနိုင်ငံက  တစ်နှစ်လျှင် နှစ်ကြိမ်လက်ခံကျင်းပရပြီး ပြီးခဲ့သည့်နှစ် အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် စင်ကာပူတွင်ကျင်းပသော ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့သည်။ ယခုထိပ်သီးအစည်းအဝေးကို ဗန်ကောက်မြို့တွင် လေးရက်ကြာကျင်းပပြီး အာဆီယံခေါင်းဆောင်များ မိတ်ဖက်ပြုမှုတိုးမြှင့်နိုင်သည်နှင့်အမျှ  အာဆီယံအသိုက်အဝန်း  ဖွံ့ဖြိုး တိုးတက်မှု မြင့်မားတိုးတက်လာမည်ဖြစ်သည်။

ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတနှင့်တွေ့ဆုံရာ၌ နှစ်နိုင်ငံအကူအညီများ ပေးအပ်နိုင်မှုအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး  သဘာ၀ဘေး အန္တရာယ်ကာကွယ်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်လိုအပ် ကြောင်းပြောကြားခဲ့သည်။ အင်ဒိုနီးရှားသမ္မတနိုင်ငံသည်  ရခိုင်ပြည်နယ်ရှိ  လူမှုအသိုက်အဝန်းအားလုံးအတွက်    လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ကျန်းမာရေးဆိုင်ရာအကူအညီများ  ပေးအပ်နိုင်ရန် ရခိုင်ပြည်နယ်တွင်  ဆေးရုံတစ်ရုံတည်ဆောက်ပေးခဲ့ပြီး  ဆက်လက်၍ လည်း  လူသားချင်းစာနာထောက်ထားမှုအကူအညီများ  ပေးအပ်သွား မည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ဆွေးနွေး ပွဲတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ပေါင်းစည်းဆက်သွယ်မှု တိုးမြှင့်နိုင် ရေးအတွက် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား စီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှုနှင့် အသုံးပြုမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား တရားမဝင်အလုပ်သမားများအား  တရားဝင်ဖြစ်ရေးနှင့်  နေရပ်စွန့်ခွာမြန်မာနိုင်ငံသားများ   နေရပ်တွင် ပြန်လည်လွှဲပြောင်းလက်ခံရေးကိစ္စရပ်များတွင်  ခင်မင်ရင်းနှီးမှု၊  စာနာ ထောက်ထားမှုများဖြင့် ဖြေရှင်းပေးလျက်ရှိရာ တိုးတက်မှုများရရှိနေသည်။ မြန်မာ-ထိုင်းနယ်စပ်ဒေသ မောတောင်-ဆင်ခွန်း နယ်စပ်စခန်းသစ်ဖွင့်လှစ် ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်အရေးကိစ္စ များတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အာဆီယံလုံခြုံရေးဆိုင်ရာအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေး၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဗဟိုဌာန (AHA) ၏ ကနဦးလေ့လာအကဲဖြတ်မှုအစီအစဉ်ပါ အကြံပြုတင်ပြချက်များအား  အကောင်အထည်ဖော်ရေးကိစ္စများကို ပူးပေါင်းကူညီဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ရာ အာဆီယံထိပ်သီး(မျက်နှာစုံညီ)အစည်းအဝေးတွင် အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်များ အာဆီယံအသိုက်အဝန်းထူထောင်ခြင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်ပြုမှုတိုးမြှင့်ဆောင်ရွက် နိုင်ခြင်းများကြောင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု များတိုးတက်ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံအတွက်လည်း ရလဒ်ကောင်း များ ဖြစ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း။   ။

No comments:

Post a Comment