Friday, June 28, 2019

ကောင်းကျိုးတရား တိုးပွားစေမှ ယဉ်ကျေးချိုသာ ပြောဆိုရာ

မြန်မာ့အလင်းအယ်ဒီတာအာဘော်



သတင်းအချက်အလက်နည်းပညာ၏ စွမ်းပကားကြောင့် ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာသဖွယ် ကျဉ်းကျုံ့သွားပြီဟု ဆိုကြသည်။ နည်းပညာ၏အစွမ်းဖြင့်ပင် ကမ္ဘာတစ်ခွင် အံ့မခန်းတိုးတက်ခဲ့သလို ဘေးထွက်ဆိုးကျိုး များလည်း ရှိခဲ့သည်။ နည်းပညာကို အလွဲသုံးစားပြုကာ လူတို့ပြုလေ့ရှိကြ သည့် ဒုစရိုက်အမှုတို့ ကမ္ဘာတစ်ခွင်ပြန့်ပွားရောက်ရှိကာ လူသားကမ္ဘာနှင့် လှူအသိုက်အဝန်းကို ထိပါးဆုတ်ယုတ်စေခြင်းပင်ဖြစ်သည်။


မကောင်းမှုဟုဆိုအပ်သည့် ဒုစရိုက်အပြုအမူတို့ကို ကာယဒုစရိုက်ခေါ် ကာယကံမြောက်ကျူးလွန်မှု သုံးမျိုး၊ ၀စီဒုစရိုက် ခေါ် နှုတ်အားဖြင့် ကျူးလွန်မှုလေးမျိုး၊ မနောဒုစရိုက်ခေါ် စိတ်ဖြင့်ကြံစည်မှုသုံးမျိုး စသည်ဖြင့် လူသားတို့ကျူးလွန်တတ်ကြသည်။ ၀စီဒုစရိုက်လေးမျိုးဖြစ်သည့် မမှန်သောစကားကို ဟုတ်ယောင်မှန်ယောင်ပြုလုပ်ပြောဆိုခြင်း၊ လူတစ်ဦး နှင့်တစ်ဦးအကြား ချစ်ခင်ရင်းနှီးမှုတို့ ပျက်ပြားကာ အမုန်းတရားတို့ ပေါ်ပေါက်လာအောင် ကုန်းတိုက်ပြောဆိုခြင်း၊ ကြမ်းတမ်းသော၊ ငေါက်ငမ်းသော၊ ယုတ်မာညစ်ထေးသော ဆဲရေးတိုင်းထွာမှုတို့ပြုခြင်း၊ အကျိုးမဲ့သော၊ သိမ်ဖျင်းသော၊ အနှစ်သာရကင်းမဲ့သော စကားတို့ကို ပြောဆိုခြင်းတို့သည် နှုတ်အားဖြင့် ကျူးလွန်ခဲ့ကြရာမှ နည်းပညာခေတ် တွင် လူမှုကွန်ရက်ဆိုရှယ်မီဒီယာတို့ပေါ်သို့ ရောက်လာသည်။ နှုတ်ဖြင့် ပြောသောစကားသည် အနီးဝန်းကျင်မျှကိုသာကြားနိုင်ရာမှ နည်း ပညာခေတ်လူမှုကွန်ရက်တို့မှတစ်ဆင့် ကာလ၊ ဒေသ အကွာအဝေး အကန့်အသတ်မရှိ သိနိုင်ကြားနိုင်လာကြသည်။ ဒေါသတို့၊ ဣဿာ မ္ဆရိယတို့က တစ်ခဏအတွင်း က္ဘာကိုပတ်လာနိုင်ကြသည်။ ဒုစရိုက် အမှုတို့ကို မိမိကိုယ်တိုင်ပြုရုံမျှက သူတစ်ပါးကိုလည်း လှုံ့ဆော်တိုက်တွန်းလာ နိုင်ကြသည်။ တစ်စုံတစ်ယောက်က ဆွကာ၊ ဖွကာ၊ ငြာသံပေးလိုက်သည်နှင့် အဆင်အခြင်မဲ့ နောက်မှလိုက်သူများ၊ မစဉ်းမစား ထပ်မံဖြန့်ဖြူးသူများ စသည်ဖြင့် အချိန်ကုန် အကျိုးမဲ့လုပ်ရပ်တို့ကို မြိန်ရေရှက်ရေလုပ်ကြသူ များစွာရှိသည်ကိုလည်း အံ့ဩဖွယ်ရာတွေ့ရသည်။


ဗုဒ္ဓမြတ်စွာ၏ အလိုအရ မြင်လျှင်မြင်သည့်အတိုင်း ဤသို့မြင်ပါသည် ဟူ၍ ပြောဆိုခြင်း၊ ကြားလျှင် ကြားသည့်အတိုင်း ဤသို့ကြားပါသည်ဟူ ၍ ပြောဆိုခြင်း၊ တွေ့လျှင် တွေ့သည့်အတိုင်း ဤသို့တွေ့ပါသည်ဟူ၍ ပြောဆိုခြင်း၊ သိလျှင်သိသည့်အတိုင်း ဤသို့သိပါသည်ဟူ၍ ပြောဆိုခြင်း တို့သည်ပင်လျှင် အခါခပ်သိမ်းမှန်သည်ဟူ၍ မဆိုပေ။ မြင်ခြင်း၊ ကြားခြင်း၊ တွေ့ခြင်း၊ သိခြင်းတို့အပေါ် ပြောဆိုခြင်းဖြင့် အကုသိုလ် တရားတို့ တိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်စေလျှင် မပြောဆိုအပ်၊ ဤသို့ ပြောဆိုခြင်းဖြင့် ကုသိုလ်တရားတို့ တိုးပွားစေ၍ အကုသိုလ်တရားတို့ ဆုတ်ယုတ်စေပါမူ ပြောဆိုအပ်သည် ဟူ၍ ဆုံးမတော်မူခဲ့သည်။


ယနေ့မိမိတို့နိုင်ငံသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည် ထောင်ရေး ကြိုးပမ်းဆောင်ရွက်နေရသည့်အချိန်၊ လက်နက်ကိုင် ပဋိပက္ခ များ ရပ်ဆိုင်း၍ စားပွဲဝိုင်းထိုင်ဆွေးနွေးကာ ထာ၀ရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အားထုတ်နေရသည့် အချိန်၊ လူ့အခွင့်အရေး အကြောင်းပြ ပြည်ပဖိအားတို့နှင့် ရင်ဆိုင်နေရသည့်အချိန်ဖြစ်သည့် အလျောက် ပြည်တွင်းစည်းလုံးညီညွတ်ရေးသည် အသက်တမျှ အရေး ပါနေချိန်ဖြစ်သည်။ အမုန်းစကား၊ အာဃာတစကား၊ ကြမ်းတမ်းရိုင်းစိုင်း သည့် စကား၊ သေးနုပ်သိမ်ဖျင်းသည့်စကားစသည်တို့ကို တစ်ယောက်မှစ တစ်ရာဆိုသလို ဖြန့်ဝေနေရမည့်အချိန်၊ အပြန်အလှန်ပြောဆိုနေရမည့် အချိန်မဟုတ်ပေ။ နည်းပညာတို့ကို အသုံးပြု၍ မိမိကောင်းကျိုး၊ မိမိ ပတ်ဝန်းကျင်အသိုက်အဝန်း၏ ကောင်းကျိုး၊ မိမိဒေသ၊ မိမိနိုင်ငံ၏ ကောင်းကျိုးအတွက် ဆောင်ရွက်ခြင်းသည်သာ မှန်ကန်သည့် အပြုအမူ၊ တရားနှင့်ညီသည့် အပြုအမူဖြစ်သည့်အလျောက် မှန်သောအလုပ်ဖြင့် ကောင်းကျိုးဆောင်နိုင်ကြပါစေကြောင်း ။


No comments:

Post a Comment