Friday, June 28, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

Image may contain: 11 people, people standing and outdoor


နေပြည်တော် ဇွန် ၂၇


နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူနှင့် ဦးအုန်းဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီ ၅ မိနစ်တွင် နေပြည်တော်မှ မကွေးတိုင်း ဒေသကြီး မကွေးမြို့သို့ ရောက်ရှိကြသည်။


ကြိုဆိုနှုတ်ဆက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက မကွေး လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။


ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် တပ်မတော်ရဟတ် ယာဉ်များဖြင့် မင်းဘူး (စကု) မြို့ အနောက် တောင်ဘက် ၁၆ မိုင် ၃ ဖာလုံအကွာရှိ မင်းဘူး နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ရောက်ရှိရာ တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။



ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဖွင့်ပွဲ အခမ်း အနားကျင်းပသည့် ယာယီရှင်းလင်း ဆောင်သို့ ရောက်ရှိပြီး မင်းဘူး(စကု)ဒေသခံပြည်သူများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။


အဆင့်လေးဆင့်နှင့် ဆောင်ရွက်

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုဖွင့်လှစ်မည့် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးတည်ဆောက် ခဲ့သည့် စီးပွားဖြစ်ဓာတ်အား ထုတ်လုပ် မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံဖြစ်ပါကြောင်း၊ ယင်းစက်ရုံကို GEP ( Myanmar)Co., Ltd rS BOT စနစ်ဖြင့် အကောင် အထည်ဖော် တည်ဆောက်လျက်ရှိပါ ကြောင်း၊ စက်တပ်ဆင်အင်အား ၁၇၀ မဂ္ဂါဝပ်ရှိပြီး စီမံကိန်းကို အဆင့်လေးဆင့် နှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပထမအဆင့်မှ တတိယအဆင့်အထိ ၄၀ မဂ္ဂါဝပ်စီ အသီးသီးထုတ်လုပ်နိုင်ရန် တည်ဆောက်သွားမည်ဖြစ်ပြီး စတုတ္ထ အဆင့်ကို ၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းတစ်ခုလုံး ၁၇၀ မဂ္ဂါဝပ် တည်ဆောက်ပြီးစီးပါက တစ်နှစ်ကို လျှပ်စစ်စွမ်းအင် ကီလိုဝပ်နာရီသန်းပေါင်း ၃၅၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၂၁၀၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း။
နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်
ယခု စက်ရုံဖွင့်ပွဲအခမ်းအနားပြုလုပ် သည့် စီမံကိန်းပထမအဆင့် ၄၀ မဂ္ဂါဝပ်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် စတင်အကောင်အထည်ဖော် တည် ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်း ပထမအဆင့် ၄၀ မဂ္ဂါဝပ်က ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ၂၃၀ ကေဗွီ မန်း-အမ်း ဓာတ်အားလိုင်းမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်နေပြီဖြစ်ပါကြောင်း။


စဉ်ဆက်မပြတ်ရရှိနိုင်

နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံများအနေဖြင့် စက်ရုံတည် ဆောက်ရန် မြေနေရာ အကျယ်အဝန်း များစွာလိုအပ်ခြင်း၊ ရာသီဥတုအပေါ် မှီခို ရခြင်း၊ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းကြီး မြင့်ခြင်း၊ စွမ်းအင်ကို သိုလှောင်ထိန်းသိမ်း မှု (Battery Storage) အတွက် ကုန်ကျစရိတ် ကြီးမြင့်ခြင်းစသည့် အားနည်းချက်များရှိသော်လည်း လျှပ်စစ် ဓာတ်အားထုတ်ရန်လိုအပ်သည့် နေရောင် ခြည်စွမ်းအင်ကို စဉ်ဆက်မပြတ်ရရှိနိုင် သည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပါ ကြောင်း၊ ဒီဇယ်၊ ဓာတ်ငွေ့၊ ကျောက်မီး သွေးသုံး ဓာတ်အားပေးစက်ရုံများကဲ့သို့ လောင်စာလိုအပ်မှုမရှိခြင်း၊ ထိန်းသိမ်း ပြုပြင်မှု စရိတ်သက်သာခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လုပ်မှုလျှော့ချပေးနိုင် ခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုရရှိစေ နိုင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းစေသော ပစ္စည်းများ စွန့်ထုတ်မှု အလွန်နည်းပါး ခြင်းစသည့် အားသာချက်များစွာရှိပါ ကြောင်း၊ အချို့အားနည်းချက်များကို လည်း နည်းပညာသစ်များ ပေါ်ထွန်းလာ သည်နှင့်အမျှ ဖယ်ရှားသွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း။


အကောင်းဆုံးရွေးချယ်


တစ်ဆက်တည်းပြောရမည်ဆိုပါက မိမိတို့နိုင်ငံတွင် အမြဲတမ်းဆန်းသစ်တီထွင် နိုင်မည့် စိတ်ဓာတ်များ လိုနေပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ပတ်ဝန်းကျင် အခြေအနေနှင့်လိုက်၍ လုပ်ရပါကြောင်း၊ ယခုဆိုလျှင် နေရောင်ခြည်ဓာတ်အားပေး စနစ်နှင့် ပတ်သက်၍ အားနည်းချက်များ ရှိသည်ဆိုသော်လည်း ဓာတ်အားပေး စနစ်များ အားလုံးလိုလိုတွင် သူ့အားနည်း ချက်နှင့်သူ ရှိပါကြောင်း၊ အားသာချက် လည်းရှိပါကြောင်း၊ ယင်းတို့ အားလုံးကို တွက်၍ အကောင်းဆုံးရွေးချယ်ကာ လုပ်ရမည်ဖြစ်ပါကြောင်း၊ ရာသီဥတု ပြောင်းလဲလာသည်နှင့်အမျှ ရေအား လျှပ်စစ်ဓာတ်အားစနစ်သည် အမြဲစိတ်ချ ရမှုမရှိသည်ကိုလည်း သတိပြုမိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ခေတ်ပြောင်း သည်နှင့်အမျှ၊ ပတ်ဝန်းကျင်ပြောင်းသည် နှင့်အမျှ မိမိတို့၏ နည်းပညာများကို ပြောင်းနိုင်သည့်၊ ပြောင်းရဲသည့် အရည်အချင်းရှိရန် အလွန်အရေးကြီး ပါကြောင်း။
အစိုးရသစ်တာဝန်ယူပြီး ၂၀၁၆ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် မတ်လအထိ မကွေး တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားကဏ္ဍနှင့် ပတ်သက်ပြီး တိုးတက်မှုများမှာ ၄၀ မဂ္ဂါဝပ် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ (မြစ်သာ)မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ဓာတ်အားစတင်ဖြန့်ဖြူးနိုင်ခဲ့ပါကြောင်း၊ လျှပ်စစ်ဓာတ်အား လိုင်းသစ်များအနေ ဖြင့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၁၀၀ မိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၂၃၆ မိုင်၊ ၃၃ ကေဗွီဓာတ်အားလိုင်း ၁၀ မိုင်၊ ၁၁ ကေဗွီ ဓာတ်အားလ်ိုင်း ၅၅၇ မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁၉၁ မိုင် သွယ်တန်းနိုင်ခဲ့ ပါကြောင်း၊ ဓာတ်အားခွဲရုံများအနေဖြင့် ၆၆ ကေဗွီဓာတ်အားခွဲရုံ တပ်ဆင်အင်အား ၄၄၆ အမ်ဗွီအေ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ တပ်ဆင်အင်အား ၁၄၃ အမ်ဗွီအေ ၊ ၁၁/ ၀ ဒသမ ၄ ကေဗွီဓာတ်အားခွဲရုံ တပ်ဆင် အင်အား ၉၈ အမ်ဗွီအေတို့ကို တိုးချဲ့တပ် ဆင်နိုင်ခဲ့ပါကြောင်း၊ ဓာတ်အားစနစ် နှင့် ဓာတ်အားတိုးတက်ပေးနိုင်ခဲ့သည့် ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ကျော၊ မင်းတုန်း၊ ကံမမြို့ ၇ မြို့နှင့် ကျေးရွာပေါင်း ၃၁၇ ရွာ စုစုပေါင်း အိမ်ထောင်စု ၆၈၁၄၉ စု ရှိပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ များ၏ အခြေခံလူမှုစီးပွားရေးဘ၀ကို မြှင့်တင်ပေးနိုင်ရန်အတွက် လျှပ်စစ် ဓာတ်အားကို တစ်နိုင်ငံလုံးက ပြည်သူ များအားလုံး ရာနှုန်းပြည့် ရရှိနိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ နိုင်ငံပိုင် ဓာတ်အားပေးစက်ရုံများကို အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ နိုင်ငံပိုင် ဓာတ်အားပေးစက်ရုံများ တည်ဆောက် ခြင်း၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို နိုင်ငံပိုင် ရန်ပုံငွေ၊ နိုင်ငံခြားချေးငွေ၊ အထောက် အပံ့တို့နှင့် နှစ်စဉ်အဆင့်အလိုက် ဆောင် ရွက်လျက်ရှိသကဲ့သို့ ယခုစီမံကိန်းကဲ့သို့ ဥြွှ စနစ်နှင့် ဆောင်ရွက်မည့် ပုဂ္ဂလိက ပိုင် စီမံကိန်းများကိုလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် အကောင်အထည် ဖော်လျက်ရှိပါကြောင်း။
ဓာတ်အားထုတ်လုပ်မှုကို ရည်မှန်း ထားသည့် ပမာဏရောက်ရှိရန် ကြိုးစား ဆောင်ရွက်ရာတွင် ပုဂ္ဂလိကပိုင်ဓာတ်အား ပေးစက်ရုံများကို ရင်းနှီးမြှုပ်နှံနိုင်မှုနှင့် စီးပွားရေးတွက်ခြေကိုက်မှု စသည့်အခြေ အနေများအပေါ် အခြေခံပြီး တပ်ဆင် အင်အားမြင့်မားသည့် ဓာတ်အားပေး စက်ရုံကြီးများ၊ တပ်ဆင်အင်အား အလယ်အလတ်အဆင့်ရှိ ဓာတ်အားပေး စက်ရုံများနှင့် အငယ်စားအဆင့် ဓာတ် အားပေးစက်ရုံများ စသည်ဖြင့် အရွယ် အစားမျိုးစုံဖြင့် ရေတိုရေရှည်ကာလ ခွဲခြားပြီး အကောင်အထည်ဖော် ဆောင် ရွက်နေပါကြောင်း။


သေချာတွက်ချက်စဉ်းစား

ယခုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆောက်ရေး ကာလကြာမြင့်သည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက် နေချိန် ထိုစက်ရုံများက လျှပ်စစ်ဓာတ် အား ထုတ်လုပ်နိုင်ခြင်းမရှိသေးသည့် အချိန်ကာလအတွင်း ဓာတ်အား လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တည်ဆောက်ရေးကာလတိုသည် ယခု စက်ရုံကဲ့သို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို လက်ရှိ ဓာတ်အားစနစ်နှင့် ဓာတ်အားစီးဆင်း နိုင်မှုအခြေအနေ၊ ဓာတ်အားစနစ် တည်ငြိမ်နိုင်မှု အခြေအနေများကို သေချာတွက်ချက်စဉ်းစားပြီး တည် ဆောက်၍ ဓာတ်အားထုတ်လုပ်ဖြည့် ဆည်းသွားမည် ဖြစ်ပါကြောင်း။


နိုင်ငံတစ်ဝန်းလုံးကို လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရန် ဆောင်ရွက် ခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ ၇၄၆ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်ရန် စီမံဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်စမှ ဇွန်လအထိ ၃၉၃ မဂ္ဂါဝပ်ရှိသည့် သဘာ၀ ဓာတ်ငွေ့သုံးနှင့် နေရောင်ခြည်စွမ်းအင် သုံးဓာတ်အားပေး စက်ရုံ အသစ်များကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ပြည်သူ့ဝန်ဆောင်မှု ကောင်းမွန် စေရန်အတွက်လည်း ယခင်အိမ်သုံးမီတာ တစ်မျိုးတစ်စားတည်းကိုသာ အသုံးပြုခဲ့ ရာမှ ၂၀၁၈ ခုနှစ် ဧပြီလဆန်းမှ စတင်၍ ပြည်သူလူထုမှလည်း မိမိတို့ ကြိုက် နှစ်သက်ရာ မီတာများကို ရွေးချယ်သုံးစွဲ ပိုင်ခွင့်ရှိသည့် မီတာ (၄)မျိုးကို ဆောင် ရွက်ပေးနိုင်ခဲ့ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ၃ နှစ် တာကာလအတွင်း မြို့ပေါင်း ၆၈ မြို့၊ ကျေးရွာပေါင်း ၅၁၉၁ ရွာကို ၂၄ နာရီ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရန် ပိုမိုတိုးချဲ့ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၃၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ ၄၄ ရာခိုင်နှုန်းအထိ တိုးတက်အောင်ဆောင် ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု ၅၀ ရာခိုင် နှုန်း ပြည့်မီရန်လည်း စီမံဆောင်ရွက် လျက်ရှိပါကြောင်း။


နောင်မဖြစ်ရန် ကြိုးစားရမည်ဖြစ်

တချို့မှာ လျှပ်စစ်ဓာတ်အားရရှိပြီ ဆိုသော်လည်း မကြာခဏ မီးပျက်သည် ဟု ပြောကြပါကြောင်း၊ အမှန်ပင်ဖြစ်ပါ ကြောင်း၊ သို့သော်လည်း ယင်းကဲ့သို့ မကြာခဏ မီးပျက်သည်ဆိုသည့် အကြောင်းရင်းများမှာလည်း များစွာ ရှိပါကြောင်း၊ ယင်းကဲ့သို့ အကြောင်း ရင်းများကို မိမိတို့အနေဖြင့် ဖော်ထုတ် ပြီး နောင်မဖြစ်ရန် ကြိုးစားရမည်ဖြစ်ပါ ကြောင်း။


ရာနှုန်းပြည့်
လျှပ်စစ်မီးသုံးစွဲနိုင်ရန် စီမံ

နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ် ဓာတ်အားရရှိသုံးစွဲသူများ တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိစေရန် ဆောင်ရွက် ပေးနေသကဲ့သို့ လျှပ်စစ်ဓာတ်အား မရသေးသူများအတွက်လည်း လျှပ်စစ် ဓာတ်အားရရှိအောင် ဆောင်ရွက်ပေး လျက်ရှိသည့်နေရာတွင် ၂၀၂၁ ခုနှစ်၌ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲ နိုင်မှု ၅၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း သို့ လည်းကောင်း၊ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်မီး သုံးစွဲနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လာမည့်နှစ်တွင် လျှပ်စစ်သုံးစွဲ မှုတိုးတက်လာမည်ကို ဖြည့်ဆည်းသွား နိုင်ရန် ၁၂၀၀ မဂ္ဂါဝပ်ခန့်ရှိ LNG နှင့် Gas အင်ဂျင်သုံးစက်များဖြင့် ကာလတို အတွင်း အချိန်မီဖြည့်ဆည်းနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့သည် နည်းအမျိုးမျိုးဖြင့် လျှပ်စစ်ဓာတ်အားများ ရရှိအောင် လုပ်ရပါကြောင်း၊ နည်းတစ်မျိုးတည်းကို အားကိုး၍မဖြစ်ပါကြောင်း၊ နည်းတစ်မျိုး တည်းကို အားကိုးမည်ဆိုပါက မိမိတို့ နိုင်ငံ၏လိုအပ်ချက်နှင့် ကိုက်ညီအောင် မိမိတို့ ဆောင်ရွက်နိုင်မည် မဟုတ် ပါကြောင်း။


ဝိုင်းဝန်းပူးပေါင်းကူညီ

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ လူထု၏ လူနေမှုအဆင့်တိုးတက်မြင့်မား ရေးသည် လျှပ်စစ်ဓာတ်အားတိုးတက် ထုတ်လုပ်နိုင်မှုနှင့် တိုက်ရိုက်ဆက်စပ် လျက်ရှိသည့်အတွက် မိမိတို့အစိုးရအနေ ဖြင့် တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ဖြန့်ဖြူးပေး နိုင်ရေး ရည်မှန်းချက်အောင်မြင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ အစိုးရမှ အကောင်အထည် ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များအပါ် ပြည်သူများကလည်း ဝိုင်းဝန်း ပူးပေါင်းကူညီပေးကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်က မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနေမှုအခြေ အနေများနှင့် လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်း တင်ပြသည်။


ယင်းနောက် Green Earth Power ( Myanmar) Co.,Ltd ၏ စီမံကိန်းဆောင်ရွက်မှု ရုပ်သံမှတ်တမ်း ကို ပြသသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က ကျေးဇူးတင်စကားပြောကြားသည်။
မှတ်တမ်းတင် ဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တွေ့ဆုံပွဲသို့ တက်ရောက်လာ ကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ တိုင်းဒေသကြီး ဝန်ကြီး ဦးမြင့်ဇော်၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မင်းဘူးနေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်း ကျောက်စာကို စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် စီမံကိန်းရှုရပ်မှ နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ရယူ ထုတ်လုပ်မှုအခြေအနေကို ကြည့်ရှုသည်။
အဆိုပါ မင်းဘူး နေရောင်ခြည်စွမ်း အင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း သည် မင်းဘူးမြို့၏ အနောက်တောင် ဘက် ၁၆ မိုင် ၃ ဖာလုံအကွာ ခုတ်ကြီး ကွင်းတွင် တည်ရှိပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။ ယခုဖွင့်လှစ်သည့် စီမံကိန်းပထမအဆင့်သည့် စက်တပ်ဆင် အင်အား ၄၀ မဂ္ဂါဝပ်ရှိပြီး ကီလိုဝပ်နာရီ သန်းပေါင်း ၈၀ ကို ထုတ်လွှတ်ကာ မန်းရွှေစက်တော် - အမ်း 220 KV ဓာတ်အားလိုင်းမှတစ်ဆင့် နိုင်ငံတော် ဓာတ်အားပေးစနစ်အတွင်း ထုတ်လွှတ် ထည့်သွင်းပေးလျက်ရှိသည်။ စီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် တည်ဆောက်သွား မည်ဖြစ်ပြီး စီမံကိန်းအဆင့်အားလုံး တည်ဆောက်ပြီးစီးပါက စက်တပ်ဆင် အင်အား ၁၇၀ မဂ္ဂါဝပ်ရှိမည်ဖြစ်ကာ နှစ်စဉ် ဓာတ်အားပမာဏ ၃၅၀ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ပွင့်ဖြူ မြို့နယ်၊ ရေပုတ်ကြီးကျေးရွာအုပ်စု၊ ရေပုတ်ကြီးကျေးရွာသို့ ရောက်ရှိပြီး ယာယီမဏ္ဍပ်၌ ကျေးလက်ဒေသနေ ပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရေပုတ်ကြီး ကျေးရွာမှ ကျောင်းနေအရွယ် ကလေး သူငယ်များ စတုတ္ထတန်းအထိသာ ပညာ သင်ကြားနေရသည်ဟု ကြားသိရသဖြင့် ပညာရေးဆုံးခန်းတိုင် သင်ကြားနိုင် ရေးနှင့် မိဘများအနေဖြင့်လည်း ပညာ ရေးမြှင့်တင်ပေးကြရန် မှာကြားသည်။


လမ်းညွှန်မှာကြား

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရေပုတ်ကြီး ကျေးရွာအုပ်စု၏ ပညာရေး၊ ကျန်းမာ ရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ် ရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိ ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ မေးမြန်း ရာ ကျေးလက်ဒေသနေပြည်သူများနှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြား ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က လက်တွေ့ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးရန် လမ်းညွှန် မှာကြားသည်။
ထို့နောက် ကျေးလက်ဒေသနေ ပြည်သူများက သိရှိလိုသည်များနှင့် စပ်လျဉ်း၍ မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။


ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ဦးအေးဇော်နှင့် ဇနီး ဒေါ်စုစုဇင်တို့က ရေပုတ်ကြီးကျေးရွာ သောက်သုံးရေရရှိရန် လှူဒါန်းငွေကျပ်ကျပ် ၇၅ သိန်း၊ ကျေးရွာတွင်းလမ်းများပြုပြင်ရန် လှူန်းဒါန်းငွေကျပ် ကျပ်သိန်း ၅၀ နှင့် မြိုင် မြို့နယ် ဆည်တော်ကျေးရွာ စာသင် ကျောင်းပြုပြင်ရန် လှူဒါန်းငွေကျပ်ကျပ်သိန်း ၂၀၀ တို့ကိုလည်းကောင်း၊ ဒေါက်တာ ခင်သူဇာကျော်မိသားစုက ကျေးရွာတွင်း လမ်းများ ပြုပြင်ရန် လှူဒါန်းငွေကျပ် ကျပ် သိန်း ၅၀ တို့ကိုလည်းကောင်း ပေးအပ် လှူဒါန်းရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လက်ခံရယူပြီး ကျေးရွာအုပ်ချုပ် ရေးမှူးထံ ပြန်လည်လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ကျေးလက်ဒေသနေ ပြည်သူများ၊ ဆံရစ် ဝိုင်း ၊ သျှောင်ပေစူးလူငယ်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ရွှေညာမြေ ဓာတ်ပုံပြခန်းကို ကြည့်ရှုအားပေးသည်။


ရေပုတ်ကြီးကျေးရွာကို ဆံရစ်ဝိုင်း တို့ရွာဟူ၍ ဒေသတွင်း၌ ခေါ်ဆိုကြပြီး ကျေးရွာ၏ ဆံရစ်ဝိုင်းယဉ်ကျေးမှုသည် ကျေးရွာစတင်ပေါ်ပေါက်စဉ်ကတည်းက ဖြစ်တည်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာသူ ကျေးရွာသားများသည် မွေးကင်းစမှ ၅ လအထိ ဆံပင်ကို ဦးစွန်းဖုတ်၊ ၅ လမှ ၄ နှစ်ထိကို ကြက်တောင်စည်း၊ ၅ နှစ် မှ ၁၄ နှစ်ထိကို ဆံရစ်ဝိုင်း၊ ၁၅ နှစ်မှ ၁၆ နှစ်ကို ဆံထောက်၊ ၁၇ နှစ် မှ ၁၇ နှစ် အထက်ကို ဆံထောက်ကောက်ဟူ၍ ဆံပင်ပုံစံ သတ်မှတ်ထားရှိကြကြောင်း၊ အမျိုးသားအများစုသည် ရှင်ပြုပြီး ကာလတွင် ဆံရစ်ဝိုင်းမထားကြတော့ ကြောင်း၊ အမျိုးသမီးများသည် အိမ်ထောင်ပြုပြီးကာလတွင် အုပ်လုံး သိမ်း၍ ဆံပင်ရှည်ထားကြကြောင်း၊ အိမ်ထောင်မပြုသူများ အနေဖြင့်လည်း အသက် ၃၀ နှစ်အထက်တွင် ဆံထောက် မထားကြတော့ဘဲ  အုပ်လုံးသိမ်း ဆံပင် ရှည်ထားကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရေပုတ်ကြီး ကျေးရွာ ရွာဦးကျောင်းသို့ရောက်ရှိပြီး ပဓာနနာယက ဆရာတော် ဘဒ္တ ဝဏ္ဍိဿရအား ဖူးမြော်ကြည်ညိုကာ အလှူငွေများ ပေးအပ်လှူဒါန်းသည်။


ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တပ်မတော် ရဟတ်ယာဉ်ဖြင့် ရေပုတ်ကြီးကျေးရွာမှ မကွေးမြို့သို့ ရောက်ရှိပြီး မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ နှင့် တွေ့ဆုံသည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့သည် အထူးလေယာဉ်ဖြင့် မကွေးမြို့မှ နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။


သတင်းစဉ်

No comments:

Post a Comment