Saturday, June 22, 2019

ကျောင်းစာသင်ခန်းများမှ တစ်ဆင့်

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ဇွန်လ မုတ်သုံနှင့်အတူ ရောက်လာသည့် မိုးရာသီ ပီပီကျသည့် ကာလသည် မြန်မာနိုင်ငံ၏ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ ဖွင့်ချိန် ဖြစ်သည်။

စာသင်နှစ်တစ်ခု၏ အစဖြစ်သည်နှင့်အညီ မိဘတို့မှာ သား၊ သမီးတို့၏ ကျောင်းဝတ်စုံမှအစ စာအုပ်၊ စာရေးကိရိယာ၊ ထမင်းဘူး အစရှိသည့် ကျောင်းတက်ရန်လိုအပ်သည်များအတွက် စရိတ်စက ရှာဖွေပြင်ဆင် ရသည်များဖြင့် မောပန်းကြရ၊ ငွေစာရင်းပြုစုကြရ ဖြစ်သူတို့ ဖြစ်နေကြ ရသော်လည်း ကျောင်းသား ကျောင်းသူတို့အတွက်မူ စာအသစ်များ သင်ကြားရန်၊ သူငယ်ချင်းများနှင့် ပြန်လည်ဆုံတွေ့ကြရန်၊ နွေကျောင်း ပိတ်ရက်က အတွေ့အကြုံများကို ဖလှယ်ပြောဆိုကြရန် ရွှင်လန်းတက်ကြွ နေကြချိန်လည်း ဖြစ်၏။

စာသင်ကျောင်းများဟူသည် ကျောင်းသားတို့ကို စာသင်ကြား ပေးရန် တစ်ခုတည်းမဟုတ်၊ လူမှုဆက်ဆံရေး မိုးကုပ်စက်ဝိုင်းကို ချဲ့ထွင် ပေးသည့် နေရာလည်းဖြစ်၏။ လူအချင်းချင်းတို့ကြား ယဉ်ကျေးဖွယ်ရာ သည့် ဆက်ဆံရေး ကိုယ်နှုတ်အမူအရာမှအစ လေ့ကျင့်သင်ကြားပေးရာ ဌာနလည်းဖြစ်၏။ တစ်ကိုယ်ရေသန့်ရှင်းရေး ကျန်းမာရေးအသိမှအစ လူမှုကျင့်ဝတ် ပြည်သူ့နီတိများကိုပါ လေ့လာဆည်းပူးရာ ဒေသလည်း ဖြစ်၏။ အားကစားမျိုးစုံကို မိမိတို့ ဝါသနာပါရာ ဆော့ကစားရင်း ကိုယ်ခန္ဓာသန်စွမ်းဖွံ့ဖြိုးကျန်းမာရေး၊ အသင်းအဖွဲ့နှင့်အတူ ပူးပေါင်း ဆောင်ရွက်တတ်ရေးတို့အတွက် လှုပ်ရှားအားထုတ်ရာ ပတ်ဝန်းကျင်လည်း ဖြစ်၏။ လက်မှုအနုပညာတို့ကို သင်ကြားရင်း အနုပညာကို မြတ်နိုးတန်ဖိုး ထားရာ၊ သဘာ၀ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးရာ အာဝါသလည်းဖြစ်၏။ ယင်းတို့ အားလုံးကို ဆရာမသင်ကြားသည့် ကျောင်းသင်ခန်းစာ တစ်ခုတည်းကချည်း ရသည်မဟုတ်ဘဲ အချင်းချင်းပေါင်းသင်းဆက်ဆံရာက ရသည်က အများစုဖြစ်သည်။

အတိုချုပ်ဆိုရလျှင် ကျောင်းဆိုသည်ကား နိုင်ငံကြီးသား တစ်ယောက် အဖြစ်၊ ယဉ်ကျေးသော၊ စာနာထောက်ထားတတ်သော လူကြီးလူကောင်း တစ်ယောက်အဖြစ် လောကအလယ် ရှင်သန်ရပ်တည်နိုင်ရန် ဆည်းပူး လေ့လာ သင်ကြားလေ့ကျင့်ရာ နေရာဌာန အာဝါသကြီး ဖြစ်ချေ၏။

ထို့ကြောင့်ပင် အနာဂတ်နိုင်ငံတော်အတွက် အလွန်အရေးကြီး လှသည့် ဤသို့သော ကျောင်းများကို အရင်းအနှီးစိုက်ထည့်ရန် မည်မျှ လောက် လိုအပ်သည်ဆိုခြင်းကို နားလည်နိုင်ကြမည်ဖြစ်ပါသည်။
အနာဂတ်နိုင်ငံတော်တွင် ပြည်သူလူထုက အားကိုးရသော ပြည်သူ့ အကျိုးဆောင် ပြည်သူ့ကိုယ်စားလှယ်များ၊ ထက်မြက်နိုင်နင်းသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ အရည်အသွေး ပြည့်၀သည့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ဗိသုကာကြီးများ၊ နိုင်ငံတကာထိ ပွဲလယ်တင့်ကြမည့် သိပ္ပံ၊ ဝိဇ္ဇာ အသိပညာရှင် အတတ်ပညာရှင်ကြီးများ၊ အမှန်တရားအတွက်၊ တရားမျှတမှုအတွက် မဆုတ်မနစ်အားထုတ်ကြမည့် ရှေ့နေများ၊ တရားသူကြီးများ၊ တာဝန်ကို တိတိကျကျ ကျေပွန်အောင် ထမ်းဆောင်ကြမည့် တပ်မတော်ခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီးများ၊ အနိမ့်ဆုံးအားဖြင့် တာဝန်ကျေသည့် နိုင်ငံသားကောင်းများကို သည်လို ကျောင်းများက မွေးထုတ်ပေးနေသည် မဟုတ်ပါလား။

ထို့ကြောင့် တိကျလေးနက်၍ ပန်းတိုင်ဦးတည်သောမူဝါဒနှင့် တည်ငြိမ်သော ပညာသင်ကြားရေးစနစ်၊ ကျောင်းစာသင်ခန်းများ သာမက ပြည့်စုံသာယာကာ ပျော်ပျော်ရွှင်ရွှင်ပညာသင်ကြားနိုင်သည့် ဝန်းကျင်အာဝါသနှင့် အခြေခံအဆောက်အအုံများ၊ ခေတ်မီ၍ ကျယ်ပြန့် စုံလင်သည့် သင်ရိုးòန်းတမ်းများတို့ ခိုင်ခိုင်မာမာ ထူထောင်ကြရန် လိုအပ်ပါမည်။

ထို့ကြောင့် အနာဂတ်ကို မျှော်မှန်းကာ စိုက်ပျိုးပေါင်းသင်ကြရမည့် သည်ကနေ့ နိုင်ငံသားများအနေဖြင့် သည်လိုအားထုတ်မှုမျိုးကို အလေး အနက်ထား စဉ်းစားစီမံကြခြင်း၊ ကျောင်းစာသင်ခန်းများတွင် အားစိုက် ရင်းနှီးပါဝင်ကြခြင်းဖြင့် လူလူချင်း စာနာယဉ်ကျေးသူများ၊ ငြိမ်းချမ်းရေး ကို မြတ်နိုးကြသူများ၊ အနုပညာကို တန်ဖိုးထားကြသူများ စသည့် လူကြီး လူကောင်းစစ်စစ်အများစု မိမိတို့နိုင်ငံတွင် ပေါ်ထွက်ရေးကို ဖော်ဆောင်နိုင် လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment