Tuesday, June 4, 2019

လူမှုအသိုင်းအဝိုင်း၏ ကိုယ်ကျင့်တရားစံ


မြန်မာ့အလင်းအယ်ဒီတာအာဘော်



မကောင်းမှုပြုရမှာကို ရှက်ခြင်း၊ မကောင်းမှုပြုရမှာကို ကြောက်ခြင်း ဟူသည့် ဟီရိဩတ္တပ္ပဆိုသော လောကကိုစောင့်ရှောက်သည့် တရားနှစ်ပါး သည် လူမှုအသိုင်းအဝိုင်း၏ အခြေခံကိုယ်ကျင့်စံနှုန်းများ ဖြစ်၏။ မှားယွင်း သော တွေးကြံခြင်း၊ မှားယွင်းသော ပြောဆိုခြင်း၊ မှားယွင်းသော ပြုမူခြင်း၊ မှားယွင်းသော သက်မွေးကျောင်းမှုဖြင့် စီးပွားရှာခြင်းတို့ကို မကောင်းမှု ဟူ၍ သတ်မှတ်၏။ လူမှုကျင့်ဝတ်များအရ လက်သင့်မခံသလို တရား ဥပဒေဖြင့်လည်း သတ်မှတ်ပြဋ္ဌာန်းထား၏။
မည်မျှချမ်းသာကြွယ်၀သည်၊ မည်မျှစည်းစိမ်ဥစ္စာပေါများသည် ဆိုခြင်းထက် မည်မျှဖြောင့်မှန်သည်၊ မည်သို့မျှမျှတတ၊ ဖြူဖြူစင်စင် စီးပွားရှာသည် ဆိုခြင်းကို လူ့လောကတွင်ဂုဏ်ကြီးသည်၊ လေးစားကြည်ညို ထိုက်သည်ဟု တန်ဖိုးသတ်မှတ်ကြ၏။
ထို့ကြောင့် မတော်လောဘသမားများကို ရိုးရာအစဉ်အဆက် လေးစားနေရာပေးလေ့မရှိ။ မြန်မာ့ဓလေ့တွင် ကာယ၊ ၀စီ၊ မနော ဖြူစင် မြင့်မြတ်သူများကိုသာ တန်ဖိုးထားနေရာပေးသည်ဟူသည့် အစဉ်အလာ ကိုထားကာ ကိုယ်ကျင့်တရားပေါ် တန်ဖိုးထားမှုကို ဖော်ပြနေ၏။ ရပ်ထဲ ရွာထဲ၌ မည်မျှဥစ္စာစီးပွားကြွယ်၀သူဖြစ်စေ၊ အာဏာရာထူးကြီးသူ ဖြစ်စေကာမူ ကိုယ်ကျင့်သိက္ခာ မြင့်မားသူမဟုတ်လျှင် တန်ဖိုးထားလေ့မရှိ၊ နေရာပေးလေ့မရှိ။ ဒါသည်ပင် မြန်မာ့လူမှုအဖွဲ့အစည်း၏ ဓလေ့စရိုက် ဖြစ်ပေ၏။
သို့သော်...
ခေတ်ကာလတစ်ခုကို ဖြတ်သန်းလာပြီးသည့်အခါ ဤမျှယဉ်ကျေး သိမ်မွေ့မြင့်မြတ်လှသော ရိုးရာဓလေ့ တန်ဖိုးထားမှုများက တရွေ့ရွေ့ ပြောင်းလဲလာနေသည်ကို တွေ့နေရ၏။ ငွေကြေးဥစ္စာကြွယ်၀မှု၊ ရာထူး အာဏာကြီးမြင့်မှု၊ ကျော်ဇောထင်ရှားမှုတို့က ကိုယ်ကျင့်သိက္ခာထက် ပို၍ အရာရောက်သကဲ့သို့ ဖြစ်လာနေ၏။ အရေးပါနေရာရောက်သလို ဖြစ်လာသည်။
အချို့နေရာများတွင် တော်ရုံတန်ရုံ သီလမလုံရုံမျှမက တရားမျှတမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း၊ မတော်မတရားပြုလုပ်ခြင်း မျိုးစုံတို့ဖြင့် ကိုယ်ကျင့်တရားမဲ့ သိက္ခာမဲ့သူများက စင်ပေါ်တက်ကာ နေရာယူနေကြသည်ကိုပင် တွေ့မြင်လာရသည့်အခါ လူမှုအဖွဲ့အစည်း၏ စံနှုန်းများကို ဆန်းစစ်ပြုပြင်ရန် လိုအပ်လာပြီဟု ထင်မိပါ၏။
ယဉ်ကျေးသော၊ တိုးတက်ဖွံ့ဖြိုးသော က္ဘာ့လူမှုဝန်းကျင်၏ ဥပမာ များကို လေ့လာသင်ယူကာ ကိုယ်ကျင့်တရားတို့၏ တန်ဖိုး၊ လောကပါလ တရား၏ အနှစ်သာရ၊ မတရားမှုကို မပြုမူ မလိုလားသည့်စိတ်ဓာတ် အစ ရှိသည်တို့ကို ပညာရေးစနစ်တွင် ထည့်သွင်းပြဋ္ဌာန်းခြင်း၊ လူထုပညာပေး ရေး အစီအစဉ်များဖြင့် လှုံ့ဆော်နှိုးဆွခြင်း၊ အားကျနမူနာယူစေခြင်း၊ လွန်ကျူးလာမှုများကို သတိပေးတားမြစ်ခြင်း၊ ဥပဒေအရလိုအပ်လာ သည်နှင့် ထိထိရောက်ရောက် အရေးယူအပြစ်ပေးခြင်း စသော ဆောင်ရွက် မှုများဖြင့် တရားမျှတ မှန်ကန်သောလောကကို ဝိုင်းဝန်းတည်ဆောက် ကြရန်လိုပါမည်။မကောင်းမှုပြုရမည်ကို ရှက်ခြင်း၊ မကောင်းမှုပြုရမည်ကို ကြောက်ခြင်းဆိုသည်ကား လောကပါလတရား၏ အနှစ်သာရဖြစ်သည် မဟုတ်ပါလော။

No comments:

Post a Comment