Sunday, June 2, 2019

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးများအတွက်ပဏာမစစ်ဆေးခြင်းကျင်းပဖြေဆိုမှု ကြည့်ရှုအားပေး


Image may contain: 4 people, people sitting, table, child and indoor
ရန်ကုန်     ဇွန်     ၁

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ    ဒေါက်တာ ဝင်းသိမ်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အထက(၄)အလုံ၊ အထက(၁)လသာ၊ အထက(၂) လသာ စာဖြေဌာနများသို့သွားရောက်၍ ပြန်တမ်း ဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးနေရာအတွက် ပဏာမစစ်ဆေးခြင်း  အင်္ဂလိပ်စာဘာသာရပ်နှင့်  သုတရေးရာဘာသာရပ်  ဖြေဆိုမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး     စာမေးပွဲဖြေဆိုသူများကို အားပေးစကား ပြောကြားသည်။

တစ်ပြိုင်တည်းကျင်းပ

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာ အမှတ် (၁/၂၀၁၉)ပါ ဝန်ကြီးဌာန၊  အဖွဲ့အစည်း ခုနစ်ခုတွင်   လစ်လပ်လျက်ရှိသော     ပြန်တမ်းဝင် အရာရှိအဆင့် ဝင်ပေါက်ရာထူး ၂၂၁ နေရာအတွက် ပဏာမစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ နေပြည်တော်၊   ရန်ကုန်၊  မန္တလေး၊  မကွေးနှင့် မော်လမြိုင်မြို့ရှိ စာစစ်ဌာန ငါးခု၌ တစ်ပြိုင်တည်း ကျင်းပသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီး ဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့် အရာထမ်းများကို ရွေးချယ်ပေး ရာတွင်   လူမှန်၊   နေရာမှန် ဖြစ်စေရေးအတွက် ယခင်က အသုံးပြုလျက်ရှိသော  စာမေးပွဲစနစ်အစား ပဏာမစစ်ဆေးခြင်းကို  ပထမအဆင့်အနေဖြင့်  လည်းကောင်း၊   ပထမအဆင့် အောင်မြင်သူများအား Intermediate Levelမှ Upper Interme-diate Level အဆင့်သို့ မြှင့်တင်စစ်ဆေးမည့် ရေးဖြေစာမေးပွဲကို      ဒုတိယအဆင့်အနေဖြင့် လည်းကောင်း၊ ဒုတိယအဆင့် အောင်မြင်သူများ အား စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းကို တတိယအဆင့်အနေဖြင့်လည်းကောင်း စစ်ဆေး၍ ရာထူးရွေးချယ်ရေးလုပ်ငန်းစဉ်ကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စတုတ္ထအကြိမ် ကျင်းပခြင်းဖြစ်

နေပြည်တော်၊  ရန်ကုန်၊  မန္တလေး၊  မကွေးနှင့် မော်လမြိုင်မြို့တို့တွင်     ယနေ့ကျင်းပသည့် ပြန်တမ်းဝင်အရာရှိအဆင့်  ဝင်ပေါက်ရာထူးနေရာ အတွက်  ပဏာမစစ်ဆေးခြင်းသည် စတုတ္ထအကြိမ် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပဏာမစစ်ဆေးခြင်းသို့ ဝင်ရောက်ဖြေဆိုသူဦးရေ စုစုပေါင်း  ၆၂၃၆  ဦး ရှိကြောင်း သိရသည်။                     

သတင်းစဉ်

No comments:

Post a Comment