Saturday, June 29, 2019

မြန်မာ့အလင်း အယ်ဒီတာအာဘော်

ဘေးအန္တရာယ် ကင်း၍ အာဟာရပြည့်၀သည့်
စားနပ်ရိက္ခာသီးနှံများ စိုက်ပျိုးထုတ်လုပ်
========================

ကမ္ဘာ့ လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ စားနပ်ရိက္ခာပိုမိုလိုအပ် လာခြင်း၊ စိုက်ပျိုးမြေဧရိယာနှင့် သဘာ၀အရင်းအမြစ်များ လျော့နည်း ရှားပါးလာခြင်း စသည့် အရင်းခံအကြောင်းတရားများကြောင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ဓာတ်မြေဩဇာနှင့် အခြားဓာတုဆေးဝါးများကို အဓိကအားထားသုံးစွဲလာခြင်း၊ သီးနှံများ၊ သစ်သီး၀လံများကို မျိုးဗီဇ ပြုပြင်မှုများပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။ တစ်ဖက်တွင် အထွက်နှုန်းများ မယုံကြည်နိုင်လောက်စရာ တိုးတက်ခဲ့ကြသလို သစ်သီး ၀လံ၊ သီးနှံတို့၏ အရောင်အသွေးနှင့် အရွယ်အစားတို့မှာလည်း ဈေးကွက် တွင် ရောင်းပန်းလှသည့်အသွေးအမွေးနှင့် ပမာဏတို့ကို ထုတ်လုပ်နိုင်ခဲ့ ကြသည်။


ခေတ်မီဓာတ်မြေဩဇာ၊ ဓာတုဆေးဝါး၊ မျိုးဗီဇနည်းဖြင့် ပြုပြင် ထုတ်လုပ်ထားသည့် သီးနှံများနှင့် သစ်သီး၀လံများကို ကာလတစ်ရပ်ထိ ရောင်းဝယ်စားသုံးခဲ့ကြပြီးသည့်နောက်တွင်မူ ယင်းအစားအစာများကို စားသုံးခြင်းနှင့်စပ်လျဉ်း၍ ဘေးအ္တရာယ်ကင်းရှင်းမှုအပေါ် မေးခွန်းထုတ် လာခဲ့ကြသလို ပြန်လည်ဆန်းစစ်မှုများ၊ သုတေသနပြုမှုများနှင့်အတူ သဘာ၀နည်းဖြင့် ထုတ်လုပ်ထားသည့် အော်ဂဲနစ်အစားအစာများက ရှေ့တန်းသို့ ပြန်ရောက်လာသည်။ သစ်သီး၀လံတွင် ပိုးပေါက်ကလေးပါမှ ဓာတုပိုးသတ်ဆေးတို့ ကင်းလွတ်သည်ဟူသော အမြင်မျိုးပင်ရှိလာသည်။ မည်သို့ပင်ဆိုစေကာမူ စိုက်ပျိုးရေးထုတ်ကုန်သီးနှံများ စိုက်ပျိုးထုတ်လုပ် ရာတွင် မြေဧကနည်းနည်းတွင် များများစိုက်ပျိုးထုတ်လုပ်ရန်မှာလည်း မဖြစ်မနေ လုပ်ရမည်ဖြစ်သည့်အလျောက် ဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးများအပါအဝင် အခြားစိုက်ပျိုးရေးသုံးဆေးဝါးများကို အတိုင်းအတာ တစ်ရပ်အထိ သုံးစွဲရန် လိုအပ်နေဆဲဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ကျင့်သုံးရန်လိုအပ်လာသည်။


စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP (Good Agricultural Practices) ၏ ရည်ရွယ်ချက်မှာ စားသုံးသီးနှံများကို ဘေးအ္တရာယ်ကင်းရှင်းစွာနှင့် အာဟာရပြည့်၀စွာ ထုတ်လုပ်နိုင်ရေးပင် ဖြစ်သည်။ တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးကြရာတွင် အချက် ၁၆ ချက်ပါ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးခြင်း အားဖြင့် ဘေးအ္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်၀သည့် သီးနှံများကို စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကာ ဈေးကွက်တွင်လည်း ဈေးကောင်းရရှိ နိုင်မည်ဖြစ်သည်။ လက်ရှိတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း များကို ဥယျာဉ်ခြံသီးနှံများဖြစ်သည့် သရက်၊ ကျွဲကော၊ သခွားမွှေး၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ ထောပတ်သီး၊ လယ်ယာသီးနှံများဖြစ်သည့် အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ (မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်း)၊ နှမ်း၊ မြေပဲ၊ စပါး၊ ကော်ဖီတို့အတွက် လမ်းòန်ချက် (Guide Line)များ ရေးဆွဲထုတ်ပြန်ထားပြီးဖြစ်သည်။


ကျွန်မတို့က တစ်ကမ္ဘာလုံးနဲ့ ယှဉ်နေရတာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက သတ်မှတ်ထားတဲ့စံကို မီဖို့လိုပါတယ်။ ဖွံ့ဖြိုးပြီး ကြွယ်၀ချမ်းသာတဲ့ နိုင်ငံတွေမှာ သူတို့ရဲ့ ကျန်းမာရေးအတွက် ဂရုစိုက်ပါတယ်။ သူတို့သုံးတဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ကိုက်ညီရဲ့လားဆိုတာ အလေးထားပြီး လေ့လာပါတယ်။ ကျွန်မတို့နိုင်ငံကထွက်တဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေဟာ ကမ္ဘာက သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုရင် ကမ္ဘာ့ ဈေးကွက်မှာ ထဲထဲဝင်ဝင်တိုးဖို့ဆိုတာ ခက်သွားပါလိမ့်မယ်ဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧရာ၀တီ တိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ထည့်သွင်းပြောကြားထားသည်။ နိုင်ငံတစ်ဝန်း လုံးတွင်ရှိနေသည့် စားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမား ကြီးများအားလုံးကို အသိပေးပြောကြားခြင်းလည်း ဖြစ်သည့်အလျောက် မိမိတို့ ထုတ်လုပ်လိုက်သည့် စားသုံးသီးနှံများ ဘေးကင်းအာဟာရပြည့်၀ ဈေးကောင်းရခြင်းဖြင့် အတ္တပရနှစ်ဖက်အကျိုးစီးပွားတို့ကို ရရှိနိုင်ကြ ပါစေကြောင်း။ ။

No comments:

Post a Comment