Saturday, June 29, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၇၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ အာဇာနည်နေ့အခမ်းအနား ပြင်ဆင်ဆောင်ရွက်ထားရှိမှု လှည့်လည်ကြည့်ရှု


Image may contain: 5 people, people standing and outdoor

ရန်ကုန် ဇွန် ၂၈


၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်း မြို့နယ်ရှိ အာဇာနည်ဗိမာန်ကွပ်ကဲရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။


ညှိနှိုင်းအစည်းအဝေးသို့ (၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်မြင့်နွယ်နှင့် ဦးကြည်မင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပသည့် အစည်းအဝေးသည် ၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ကျင်းပမည့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေးအတွက် (၇၂) နှစ်မြောက်
အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုံခြုံရေးကော်မတီနှင့် ဆပ်ကော်မတီ (၈) ခုတို့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီများနှင့် ဆပ်ကော်မတီများ အနေဖြင့်လည်း သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို အချိန်မီပြီးစီးရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း။


သတ်မှတ်ချိန်အတွင်း ပြီးစီးရေး

(၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် ဗဟိုကော်မတီ၏ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၆ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၂၄)ချက် ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ချိန် အတွင်း အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် (၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ များ အစည်းအဝေးကို ဇွန်၂၀ ရက်တွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်၍လည်းကောင်း၊ ဇွန် ၂၄ ရက် တွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို ဦးဆောင်၍ လည်းကောင်း အစည်းအဝေးများ ကျင်းပပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါ ကြောင်း၊ အစည်းအဝေးဆုံးဖြတ်ချက် များနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း ပြီးစီးရေး အမြန် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား လိုပါ ကြောင်း။


အာဇာနည်နေ့အခမ်းအနားကို နိုင်ငံ ၏ လွတ်လပ်ရေးအတွက် အသက်ပေး ခဲ့ကြသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့ သည့် ခေါင်းဆောင်ကြီးများ၏ စွန့်လွှတ်အနစ်နာခံဆောင်ရွက်ခဲ့မှုများနှင့် ကျေးဇူး တရားများကို မမေ့မလျော့စေရန်အတွက် နှစ်စဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါ ကြောင်း၊ လွတ်လပ်ရေးသည် အသက် သွေးချွေးများကို စတေးပြီးမှ ခက်ခက်ခဲခဲ ရယူခဲ့ရသည်ကို နောင်လာနောက်သား များ သိရှိစေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း။


အာဇာနည်နေ့အခမ်းအနားသည် နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်နေကျဖြစ် သော်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမို အနှစ်သာရပြည့်၀အောင် ဆောင်ရွက် လျက်ရှိရာ ယခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြို့နယ်အသီးသီး၌ ပိုမို လှုပ်ရှားအသက်ဝင်အောင် စနစ်တကျ ဆောင်ရွက်သွားကြရန် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၆၊ ၁၇၊ ၁၈ ရက်များတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ အာဇာနည်နေ့နှင့် သက်ဆိုင်သည့် တေးသီချင်းများနှင့် တွေ့ဆုံမေးမြန်းမှု အစီအစဉ်များ စသည်တို့ကို အသံချဲ့စက် အသုံးပြု၍ သတ်မှတ်ဥပဒေနှင့်အညီ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် နှိုးဆော်ဆောင်ရွက် သွားရန် ညွှန်ကြားထားပြီးဖြစ်ပါ ကြောင်း။


ပြန်ကြားရေးဝန်ကြီးဌာန အနေ ဖြင့်လည်း အာဇာနည်နေ့နှင့် သက်ဆိုင် သည့် အကြောင်းအရာများကို ပြည်သူ များသိရှိနိုင်ရန်အတွက် ယခင်နှစ်များ နည်းတူ သတင်းဆောင်းပါးများ၊ တွေ့ဆုံ မေးမြန်းမှုအစီအစဉ်များ၊ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းများ၊ သီချင်းများ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့သည့် မှတ်တမ်းများ၊ ဓာတ်ပုံများ၊ ရုပ်ရှင်များ စသည်တို့ကို သတင်းစာ၊ ရုပ်မြင်သံကြား နှင့်ရေဒီယိုများတွင် ကြိုတင်ထုတ်လွှင့်နိုင် ရေး စီမံဆောင်ရွက်သွားရန်နှင့် ပညာ ရေးဝန်ကြီးဌာန အနေဖြင့်လည်း တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ အဆင့် ကျောင်းများတွင် အာဇာနည်နေ့ နှင့်သက်ဆိုင်သည့် စာစီစာကုံးပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ ကျပန်းစကား ပြောပြိုင်ပွဲများနှင့် ပန်းချီပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားကြရန် ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း။


စနစ်တကျ စစ်ဆေးကြပ်မတ်

(၇၂) နှစ်မြောက်အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယခင်နှစ်များနည်းတူ နေပြည်တော်နှင့်ရန်ကုန်မြို့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ် သဖြင့် နိုင်ငံတော်အဆင့်ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် လိုအပ် သည်များကို အသေးစိတ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ထို့အပြင် အခမ်းအနားများတွင် ဧည့်ခံ ကျွေးမွေးမည့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် စနစ်တကျ စစ်ဆေး ကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ် မည်ဖြစ်ပါကြောင်း။


အာဇာနည်ဗိမာန်တွင် ကျင်းပမည့်အာဇာနည်နေ့အခမ်းအနားသို့ တက် ရောက်လာကြမည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင် များအပါအဝင် တက်ရောက်လာကြသူ များကို ကြိုဆိုနေရာချထားခြင်းအပိုင်း နှင့် ဂါရ၀ပြုခြင်းအပိုင်းတို့တွင် လစ်ဟာမှု မရှိစေရေး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဝင်အထွက် အချိန်ကိုက်ဖြစ်စေရေးတို့အတွက် စေ့စပ် သေချာစွာ စီမံဆောင်ရွက်သွားရန်နှင့် စနစ်ကျပြီး အချိန်ကိုက်ဖြစ်အောင် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းများ ကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ကြိုတင်ဇာတ်တိုက် လေ့ကျင့်သည့်ရက်များနှင့် အခမ်းအနား ကျင်းပသည့် ရက်များတွင် ကားလမ်းများ ပိတ်ဆို့မှုမဖြစ်အောင် လမ်းလွှဲများ စီမံ ဆောင်ရွက်ပေးထားရန်နှင့် ပြည်သူလူထု ကိုလည်း ကြိုတင်အသိပေးထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။


နိုင်ငံတော်အကြီးအကဲများ တက် ရောက်သော အခမ်းအနားဖြစ်သည့် အတွက် တက်ရောက်ဂါရ၀ပြုသည့်အခါ ပြည်ထောင်စုအဂ¯စဉ်နှင့်အညီ စီစဉ် ဆောင်ရွက်ရန်နှင့် နိုင်ငံခြားသံရုံးများကို လည်း ဝါစဉ်အတိုင်း စီစဉ်ဆောင်ရွက်ပေး ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် မိုးရာသီ ဖြစ်သည့်အတွက် ဂါရ၀ပြုသူများ အဆင် ပြေချောမွေ့စေရေး လိုအပ်သည်များကို ကြိုတင်စီမံ ဆောင်ရွက်ထားရမည်ဖြစ်ပြီး ပြည်သူများ လာရောက်ဂါရ၀ပြုလေ့လာ ကြည့်ရှုနိုင်မည့် အချိန်နှင့် ဆောင်ရန် ရှောင်ရန်အချက်များကိုလည်း ကြိုတင် သိရှိနိုင်ရေးအတွက် ရုပ်မြင်သံကြား၊ သတင်းစာများနှင့် ရေဒီယိုများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာ ပေးသွားရမည် ဖြစ်ပါကြောင်း။


အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)၌ ကျင်းပမည့် အလံတင်ခြင်းနှင့် အလေးပြုခြင်းအခမ်းအနား အောင်မြင် စွာ ကျင်းပနိုင်ရေး စနစ်တကျစုဖွဲ့၍ ကြိုတင်ဇာတ်တိုက် လေ့ကျင့်သွားကြရန်၊ တိုင်းပြုပြည်ပြုလွှတ်တော် အစည်း အဝေးခန်းမ ကို ယခင်အတိုင်း ပြန်လည် ခင်းကျင်းပြသနိုင်ရေး မွမ်းမံပြင်ဆင် ဆောင်ရွက်သွားကြရန်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် အခန်း ကိုလည်း ယခင်နှစ်များအတိုင်း ပြသနိုင်ရေး စီမံဆောင်ရွက်သွားကြစေလို ပါကြောင်း။


ထို့အတူ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သည့် အသုံး အဆောင်ပစ္စည်းများကို ယခင်နှစ်များအတိုင်း ခင်းကျင်းပြသနိုင် ရေး၊ ခြံဝင်းအတွင်း သန့်ရှင်းသပ်ရပ် တင့်တယ်စေရေး၊ ဗိုလ်ချုပ် အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်ကကဲ့သို့ ရာသီသီးနှံ များ စိုက်ပျိုးထားရှိရေးနှင့် အဆောက် အအုံ၏ ကြံ့ခိုင်မှုအပေါ် မူတည်ပြီး ဝင်ရောက်လေ့လာသူများ အဆင်ပြေစေ ရေးအတွက် စနစ်တကျစီမံဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း။

နိုင်ငံတော်အဆင့်အခမ်းအနားဖြစ် သည့်အတွက် လုံခြုံရေးအပိုင်းကို အထူး အလေးထားဆောင်ရွက်ရန်နှင့် လုံခြုံရေး တာဝန်ရှိသူများအနေဖြင့် လုံခြုံရေး လုပ်ငန်းတာဝန် (၁၂) ချက်နှင့် အညီ စနစ်တကျ စီမံချက်များ ရေးဆွဲကာ လစ်ဟာမှုများမရှိအောင် ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း။


(၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အနှစ်သာရပြည့်၀စွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ယခင်နှစ်များက ဆောင်ရွက်ခဲ့ သည့် အတွေ့အကြုံများအပေါ် ပြန်လည် သုံးသပ်ပြီး လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများအချင်းချင်း ပေါင်းစပ် ညှိနှိုင်းကာ ချို့ယွင်းအားနည်းချက်များ မရှိစေရန် စနစ်တကျဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေး တွင် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ များနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိ သူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြု ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေး ပေးကြရန်ပြောကြားသည်။


ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်း

ထို့နောက် (၇၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက် ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများကို ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ (၇၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ များ၏ အကောင်အထည်ဖော် ဆောင်ရွက်ထား ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။


ယင်းနောက် အခမ်းအနားကျင်းပ ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက အာဇာနည်နေ့ အခမ်းအနားကို မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အသီးသီးတွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကော်မတီများနှင့် ဆပ်ကော်မတီများ၏ ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။


လုံခြုံရေးဆောင်ရွက်ထားရှိမှု တင်ပြ

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် မျိုးဆွေဝင်းနှင့် ရဲမှူးချုပ် တင်ကိုကိုတို့က လုံခြုံရေးဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် အခမ်းအနားပြင်ဆင် ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် တွဲဖက် အတွင်းရေးမှူး ဦးတင်မောင်ကြည်၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်း ပြုစုရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော် အေးမောင်နှင့် အတွင်းရေးမှူး ဒေါ်သန်း မြင့်အောင်၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ပြသရေးဆပ်ကော်မတီ အတွင်း ရေးမှူး ဦးကျော်ဦးလွင်၊ လွမ်းသူ့ ပန်းခွေချအလေးပြုအခမ်းအနား စီစဉ် ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဟံထွန်းနှင့် အတွင်းရေးမှူး ရဲမှူးချုပ် မျိုးမင်းထိုက်၊ ကျန်းမာရေးဆပ်ကော်မတီ မှ ဒေါက်တာ ခင်ဇော်၊ စည်းကမ်း ထိန်းသိမ်းရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ဆွမ်းဆက်ကပ် ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီနှင့် အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) အလံတင် အခမ်းအနား ကျင်းပရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်စိုးနှင့် အတွင်းရေးမှူး ဦးသန်းတို့က သက်ဆိုင်ရာဆပ်ကော်မတီ များအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီး မှုနှင့်ဆောင်ရွက်နေမှု အခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမင်းသိမ်း၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ ဗိုလ်မှူးကြီး သန်းထူးဇော်တို့က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား သည်။


ကြိုတင်ပြင်ဆင်ထားမှု ကြည့်ရှု

ဆက်လက်၍ ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တာဝန်ရှိသူများနှင့်အတူ အာဇာနည် ဗိမာန်သို့ သွားရောက်ပြီး အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှု သည်။
ထို့နောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်သို့ ရောက်ရှိ ပြီး ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်း ပြသထားရှိမှုအခြေအနေ၊ ပြတိုက် အဆောက်အအုံ မွမ်းမံပြင်ဆင်ထားရှိမှု အခြေအနေနှင့် ခြံဝင်းအတွင်း ရာသီ သီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးသည်။


ပြည်သူများ လေ့လာကြည့်ရှုနိုင်ရေး

ယင်းနောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် ဗိုလ်တထောင် မြို့နယ်ရှိ အတွင်းဝန်ရုံး (ယခင်ဝန်ကြီး များရုံး) သို့ ရောက်ရှိပြီး လွတ်လပ်ရေး ရသည့်နေ့တွင် ယူနီယံဂျက်အလံကို ဖြုတ်ချ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံကို ပြန်လည်လွှင့်တင်ခဲ့သည့် အလံတိုင်နေရာ၊ အာဇာနည်ခေါင်းဆောင် ကြီးများ၏ သမိုင်းဝင်မော်ကွန်း ကျောက် စာတိုင်နေရာ၊ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးခန်းမနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရသည့် အခန်းတို့ကို အများ ပြည်သူများ လေ့လာကြည့်ရှုနိုင်ရေးအတွက် မွမ်းမံ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို လှည့်လည် ကြည့်ရှုခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment