Sunday, June 30, 2019

လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးညီလာခံစားပွဲဝိုင်းတွင် ပါဝင်လာရေး နိုင်ငံတော်အစိုးရက တံခါးအမြဲဖွင့်လှစ်ထား



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံမှ အထူးဒေသ(၄) မိုင်းလားတွင် ကျင်းပသော အထိမ်းအမှတ်ပွဲတော်သို့ ပေးပို့သည့် သဝဏ်လွှာ
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်)
(၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်)
 
 
မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၌ အထူးဒေသ(၄)၊ မိုင်းလားတွင် ကျင်းပသော အထိမ်းအမှတ်မင်္ဂလာအခါသမယတွင် အထူးဒေသ(၄)၊ မိုင်းလားခေါင်းဆောင်များနှင့်တကွ တိုင်းရင်းသားညီအစ်ကိုမောင်နှမ မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သ အပ်ပါသည်။


လွန်ခဲ့သော နှစ်(၃၀)ကစတင်၍ ယနေ့အချိန်ထိ အထူးဒေသ(၄)၊ မိုင်းလားအနေဖြင့် နိုင်ငံတော်အစိုးရနှင့် လက်တွဲကာ ငြိမ်းချမ်းရေးလမ်းစဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး နှစ်ဦးနှစ်ဖက်အပြန်အလှန်လေးစားစောင့်ထိန်းကာ တည်ငြိမ်အေးချမ်းမှုကို ရရှိထားပြီးဖြစ်ပါသည်။ ယခုအခါတည်ငြိမ်အေးချမ်းမှုကြောင့် ရရှိလာသည့် ဒေသဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို အထူး ဒေသ(၄)၊ မိုင်းလားအတွင်းရှိ တိုင်းရင်းသားပြည်သူများခံစားနေရသည်ကို မြင်တွေ့ရ၍ ဝမ်းမြောက်ပါသည်။ အထူးဒေသ(၄)၊ မိုင်းလားခေါင်းဆောင်များနှင့် တိုင်းရင်းသားပြည်သူတို့၏ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအပေါ် ထားရှိသည့် စိတ်ရင်းစေတနာ အမှန်ကို မြင်တွေ့ရ၍လည်း ဝမ်းမြောက်ပါသည်။


ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင်ရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို ရေရှည်ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင်ပြီး တိုင်းရင်းသားများ၏ အခွင့်အရေးများ၊ လိုလားချက်များကို ဖော်ဆောင်ပေးနိုင်မည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် လိုအပ်ပါသည်။ ထိုသို့သော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ပါ ပြန်ဋ္ဌာန်းချက်များနှင့် အညီ ကျင်းပလျက်ရှိသဖြင့် အထူးဒေသ(၄)၊ မိုင်းလားအနေဖြင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အတူတကွဖော်ဆောင်ရန် ဖိတ်ခေါ်ပါသည်။ အထူးဒေသ(၄)၊ မိုင်းလား ဒေသခံတိုင်းရင်းသားပြည်သူများ၏ ရင်တွင်းစကားသံများ၊ သဘောထားအမြင်များကို အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးများတွင် ဖက်ဒရယ်အခြေခံမူ များအဖြစ် ရရှိအောင်ကြိုးပမ်းရန် အချိန်ရောက်ပါပြီ။ အထူးဒေသ(၄)၊ မိုင်းလားအပါအဝင် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးညီလာခံစားပွဲဝိုင်းတွင် ပါဝင်လာရေး နိုင်ငံတော်အစိုးရက တံခါးအမြဲ ဖွင့်လှစ်ထားပါသည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်စောင့်ထိန်းမှုဖြင့် လက်ရှိတည်ဆောက်ထားသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်အဆင့်မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်အဆင့်သို့ တက်လှမ်းကာ စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ထာ၀ရငြိမ်းချမ်းရေးတည်ဆောက်ရန် အလေးအနက်ထား တိုက်တွန်းလိုပါသည်။


နိဂုံးချုပ်အနေဖြင့် အထူးဒေသ(၄)၊ မိုင်းလားခေါင်းဆောင်များနှင့်တကွ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး အိပ်မက်ဖြစ်သော စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် အလေးအနက်ဆန္ဒပြုတိုက်တွန်းရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။


အထူးဒေသ(၄)၊ မိုင်းလားအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ငြိမ်းချမ်း သာယာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။


အောင်ဆန်းစုကြည်
ဥက္ကဋ္ဌ
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန

No comments:

Post a Comment