Sunday, June 2, 2019

(၁၄)ကြိမ်မြောက် သုတစွယ်စုံစာပေဆု ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

Image may contain: 3 people, people standing


ရန်ကုန်   ဇွန်  ၁

(၁၄)ကြိမ်မြောက် သုတစွယ်စုံစာပေဆု ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။

(၁၄)ကြိမ်မြောက် ရှိသွားပြီ

အခမ်းအနားတွင်          ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာ စကားပြောကြားရာ၌  ယနေ့တွင် သုတစွယ်စုံစာပေဆုကို  ၂၀၁၇ ခုနှစ်အတွက် ချီးမြှင့်သည်ဟုသိရပြီး  ဆုချီးမြှင့်ပွဲ ပြုလုပ်သည်မှာ  (၁၄)ကြိမ်မြောက်  ရှိသွားပြီဟု သိရပါ ကြောင်း၊   ယခုနှစ်ထဲတွင်  စာပေဆုချီးမြှင့်သည့် အခမ်း အနား သုံး၊ လေးခုလောက်တက်ရပါကြောင်း၊   တက်ရောက် ရသည့်အတွက်လည်း      ဝမ်းသာပီတိဖြစ်ရပါကြောင်း၊  ဆုရသူများအတွက် ဝမ်းမြောက်ပြီး  မုဒိတာပွားပါကြောင်း၊    စာရေးသူများအနေဖြင့်   မိမိရေးသည့်စာကို  တခြား ဖတ်ရသူ တစ်စုံတစ်ယောက်က  နှစ်သက်သည်၊   သဘော ကျသည်ဆိုလျှင်  အင်မတန်မှ  ကျေနပ်အားရပါကြောင်း။   

ဖတ်ရှုသူများ၏   ကိုယ့်စာကောင်းကြောင်း အသိ အမှတ်ပြုခံရလျှင်  ကျေနပ်အားရမှုရှိပြီး    ကောင်းကြောင်း ချည်း မပြောလျှင်တောင်မှ အပြုသဘောဖြင့် ထောက်ပြ ပြောဆိုလျှင်လည်း   နောင်ပိုကောင်းအောင်   လုပ်ရန် အတွက် နည်းလမ်းအကြံဥာဏ်ရသည်ဆိုလျှင် အကျိုးရှိ သည့်အတွက်   မိမိတို့အနေဖြင့်  နှစ်သက်ပါကြောင်း၊  ကိုယ့်စာကို ဂရုစိုက်ပြီး ဖတ်ပေးဖော်ရလျှင် ကျေးဇူးတင် သည့်သဘောဖြစ်ပါကြောင်း၊   ဆုချီးမြှင့်သည်ဆိုသည်မှာ  ကိုယ့်စာကို ဖတ်လည်းပေးတယ်၊    ကြိုက်တယ်လို့ပြော တယ်၊    ကြိုက်တဲ့နေရာမှာလည်း   တော်တော်ကျေနပ် အားရတဲ့အတွက်ကြောင့် ရွေးချယ်ပြီး ဆုချီးမြှင့်တယ်ဆို တော့ စာရေးသူများအနေဖြင့် အင်မတန်  အားရကျေနပ် စရာကောင်းပါကြောင်း။ 

အထောက်အကူပြု

သုတစွယ်စုံစာပေဆုများကို   ဒေါက်တာ တင်ထွန်းဦး နှင့် ဇနီး ဒေါ်ခင်မိုးမိုး သုတစွယ်စုံစာပေမိသားစုက ချီးမြှင့် ခြင်းဖြစ်ပြီး ယင်းမှာ  အလွန်ကျေးဇူးတင်စရာကောင်းပါ ကြောင်း၊ ဆရာ ဒေါက်တာတင်ထွန်းဦးသည်  စာရေးချိန်က လည်း အင်မတန်ထင်ရှားအောင်မြင်သူဖြစ်ပြီး   နောက်ပိုင်း   စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ လုပ်သည့်အခါတွင်လည်း   ထင်ရှားအောင်မြင်ပါကြောင်း၊    ဆရာတို့၏ သုတစွယ်စုံ မဂ္ဂဇင်းထွက်ရှိသည်မှာ   ၃၇ နှစ် ရှိပြီဖြစ်ပြီး နှစ်ပေါင်း   လေးဆယ်နီးပါး  အောင်မြင်သည့်မဂ္ဂဇင်းတစ်ခု ဖြစ်ပါ ကြောင်း၊    ဒါသည်လည်း မိမိတို့စာပေ၊ စာနယ်ဇင်းသမိုင်း တွင် ကြီးမားသည့် မှတ်တိုင်တစ်ခုဟု ပြော၍ရပါကြောင်း။

ထိုကဲ့သို့ အောင်အောင်မြင်မြင်ဖြင့် စာပေလုပ်ငန်းကို လုပ်ကိုင်လာပြီးနောက်   လွန်ခဲ့သည့် ၁၄ နှစ်မှစပြီး   ကိုယ် တတ်နိုင်သည့်နေရာမှနေ၍  အထောက်အကူပြုသည့် ဒီစာပေဆုချီးမြှင့်သည့်အလုပ်ကို        လုပ်ခြင်းသည်  အင်မတန်မှ လေးစားစရာ၊ ချီးကျူးစရာကောင်းသည်ဟု  မိမိပြောချင်တာဖြစ်ပါကြောင်း။

သုတစွယ်စုံအမည်နှင့် ဆက်စပ်ပြီး ပြောချင်တာတစ်ခု က ကမ္ဘာတွင်  ဒီကနေ့ဖြစ်နေသည့်   သိပ္ပံနှင့် နည်းပညာ ပိုင်းဆိုင်ရာ ပြောင်းလဲမှုများသည်  အလွန်မြန်ဆန်ပြီး  မိမိ တို့ လူ့အဖွဲ့အစည်းအပေါ်  သက်ရောက်မှုသည်လည်း အင်မတန်ကြီးမားပါကြောင်း၊    ဒီကာလမျိုးတွင်  သိပ္ပံနှင့် နည်းပညာ၊ သုတသည် မိမိတို့ဆီမှာရှိရန် အလွန်အရေးကြီး သည်ဟု  မြင်ပါကြောင်း၊  ဘာကြောင့်လဲဆိုလျှင်  ယနေ့ ကမ္ဘာတွင်    စတုတ္ထစက်မှုတော်လှန်ရေး (Digital Revolution) ဆိုပြီး ပြောပါကြောင်း၊ Digital Trans formation ၊ IT ခေတ်ဆိုပြီးလည်း ပြောကြပါကြောင်း၊  အဲဒီအပြောင်းအလဲကြီးကလည်း အင်မတန်မြန်ပါကြောင်း၊  မြန်သည့်အတွက်  ဒါတွေကိုလိုက်ပြီး လေ့လာနေသူများ တောင်မှ ဒီအပြောင်းအလဲကို မီအောင်လိုက်ရန် အခက် အခဲရှိပါကြောင်း၊   ထို့ကြောင့်   ဒီကနေ့ခေတ်မှာလည်း   သိပ္ပံနှင့် နည်းပညာအသစ်များနှင့်ပတ်သက်သည့် စာအုပ် စာတမ်းမျိုး၊ စာစောင်မျိုးများကိုလည်း  လုပ်ပေးစေလို ကြောင်း၊ အဲဒါတွေကိုလည်း စာဖတ်ပရိသတ်များ စိတ်ဝင် စားလာအောင်  ဖြန့်ချိပေးပါဟု  မိမိတိုက်တွန်း မေတ္တာ ရပ်ခံလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။


ရှင်းလင်းတင်ပြ

 ထို့နောက် သုတစွယ်စုံ စာပေဆုအလှူရှင်နှင့် ဆုရွေး ချယ်ရေးအဖွဲ့ဝင် စွယ်စုံမီဒီယာဂရု(ပ်) ဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦးက ဆုချီးမြှင့်ရခြင်းအကြောင်း၊ ဆုရွေးချယ်ပုံ အဆင့်ဆင့်နှင့် ဆုရွေးချယ်ရေးအဖွဲ့၏ အကဲဖြတ်သုံးသပ် ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က သုတစွယ်စုံ တစ်သက်တာစာပေဆုရ ဒေါက်တာ ခင်အေး(မောင်ခင်မင်-ဓနုဖြူ)၊   "ကဗျာလူ စာလူ အရပ် ဝတ်အင်္ကျီနှင့်လူ"စာအုပ်ဖြင့်    သုတစွယ်စုံစာပေဆု (စာပဒေသာ) ဆုရ ဒေါက်တာအောင်ကြီးနှင့် "ခေါင်း ဆောင်မှု အနုပညာ"စာအုပ်ဖြင့်  သုတစွယ်စုံစာပေဆု (လူမှုစီးပွား)ဆုရ  စိန်လင်း (ခွဲစိတ်နှင့်ကင်ဆာပါရဂူ) တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ စည်သူဦးတင်လှိုင် (လယ်တွင်းသား စောချစ်)က "သားသို့"စာအုပ်ဖြင့် သုတစွယ်စုံစာပေ ဆု(လူငယ်စာပေ)ဆုရ လင်္ကာရည်ကျော်၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက "မဇ္ဈိမပြတိုက်"စာအုပ်ဖြင့် သုတစွယ်စုံစာပေဆု (ဝိဇ္ဇာ)ဆုရ နွယ်ဦးလှိုင်၊ စာပေဆုအလှူရှင် ဒေါက်တာတင်ထွန်းဦးက "လိုအပ်နေ သော ရေဥပဒေ"စာအုပ်ဖြင့် သုတစွယ်စုံစာပေဆု (သုတ သိပ္ပံ)ဆုရ ဒေါက်တာ ခင်မောင်လွင်နှင့် စာပေဆုအလှူရှင်  ဒေါက်တာခင်မိုးမိုးက "အသက်ကြီးသော်လည်း မပျက် စီးသေးသူများနှင့် ကျန်းမာရေးပညာပေးဆောင်းပါးများ" စာအုပ်ဖြင့်   သုတစွယ်စုံစာပေဆု(အသုံးချသိပ္ပံ) ဆုရ မီးအိမ်ရှင် ဒေါက်တာနိုက်တင်ဂေးလ်တို့ကို ဆုများချီးမြှင့် ကြသည်။

ပေးအပ်လှူဒါန်း

ယင်းနောက်         စွယ်စုံမီဒီယာဂရု(ပ်) ဥက္ကဋ္ဌ စာပေဆုအလှူရှင် ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာ ခင်မိုးမိုးတို့က စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီး စာပေပညာရှင်များအတွက်  အလှူငွေကျပ်ကျပ် ၁၅ သိန်း၊ ဟင်္သာတမြို့နယ်ရှိ   ဦးဖိုးကျားစာကြည့်တိုက်ပြုပြင်ရန် အလှူငွေကျပ် သိန်း ၂၀၀ နှင့် ဟင်္သာတမြို့နယ်ရှိ သုတ စွယ်စုံစာကြည့်တိုက်အတွက်   အလှူငွေကျပ်ကျပ် ငါးသိန်း စုစုပေါင်း အလှူငွေကျပ်ကျပ် သိန်း ၂၂၀ ပေးအပ်လှူဒါန်းပြီး သုတစွယ်စုံစာပေဆု ရွေးချယ်ရေးအဖွဲ့ ကိုယ်စား စည်သူ ဒေါက်တာသော်ကောင်းအား      မေတ္တာလက်ဆောင် ပေးအပ်သည်။

ထို့နောက် စာပေဆုရရှိသူများကိုယ်စား စာရေးဆရာ လင်္ကာရည်ကျော်၊ ဒေါက်တာခင်မောင်လွင်၊ မီးအိမ်ရှင် ဒေါက်တာနိုက်တင်ဂေးလ်နှင့်       ဒေါက်တာခင်အေး (မောင်ခင်မင် -ဓနုဖြူ)တို့က ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြသည်။

သတင်းစဉ်

No comments:

Post a Comment