Tuesday, June 18, 2019

ဘတ်ဂျက်တောင်းခံခြင်း မပြုမီကတည်းက စီမံကိန်းများကို စနစ်တကျ၊ အစီအစဉ်တကျ ရေးဆွဲထားရန်လို







Image may contain: 2 people, people sitting, table and indoor


အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်
အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၉) အစည်းအဝေး၌ အမှာစကားပြောကြား

နေပြည်တော် ဇွန် ၁၇
အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၉) အစည်းအဝေး ကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ စီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ် ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ ကျင်းပသည့် အစည်းအဝေးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ညှိနှိုင်းအတည်ပြုချက်ရယူရန် ကျင်းပသည့် အစည်းအဝေးဖြစ်ပါ ကြောင်း။
ယခုနှစ် အမျိုးသားစီမံကိန်းကို ရေးဆွဲရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ ထို့ပြင် စီမံကိန်းများ ရေးဆွဲရာတွင်လည်း လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်နှင့် ပြည်သူများအတွက် လက်ငင်း အကျိုးရှိစေမည့်၊ ထင်သာ မြင်သာဖြစ်စေသည့် လုပ်ငန်းစီမံကိန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ထားပါ ကြောင်း။
စီမံကိန်းနှင့် ဘတ်ဂျက်သည် ချိတ်ဆက်မှု အားကောင်းရန် လိုပါကြောင်း၊ လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ရာ တွင် ဘတ်ဂျက်ကို အခြေခံပြီး မိမိတို့၏ လုပ်ငန်းများကို ဆောင်ရွက်မည့်အစား လုပ်ငန်းစီမံကိန်းများကို ဦးစားပေး အလိုက် ရွေးချယ်သတ်မှတ်ထားပြီး အမှန်တကယ် လုပ်သင့် လုပ်ထိုက်သည့် နိုင်ငံတော်နှင့်ပြည်သူကို အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစီမံကိန်းများကို ရွေးချယ်အကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် ဘတ်ဂျက်တောင်းခံခြင်း မပြုမီကတည်းက စီမံကိန်းများကို စနစ်တကျ၊ အစီအစဉ်တကျ ရေးဆွဲထားရှိရန် လိုအပ်ပါကြောင်း၊ ယင်းကိစ္စသည် ပြည်ထောင်စုဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များကပါ အားလုံးလိုက်နာပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း။
လုပ်ငန်းစီမံကိန်းများကို ရွေးချယ်ရာတွင်လည်း စီမံကိန်း မစတင်မီ အဆင့်ကတည်းက စီမံကိန်းစက်ဝန်း တစ်ခုလုံးကို ကြိုတင်ဆန်းစစ်လေ့လာသုံးသပ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် ပေးချေ ရသည့် တန်ဖိုးနှင့်ညီမျှသည့် ရလဒ်ရရှိရေးသည်လည်း အရေး ကြီးပါကြောင်း။
ဦးစားပေးအလိုက် ရွေးချယ်
စီမံကိန်းအတွက် ကြိုတင်ပြင်ဆင်မှု အားနည်းလျှင် အကောင်အထည်ဖော်သည့် အဆင့်တွင်လည်း အားနည်းမည် ဖြစ်ပါကြောင်း၊ ဌာန၏ ဆောင်ရွက်နိုင်မည့် စွမ်းရည်ကို ကျော်လွန်ပြီး လုပ်ငန်းများအားလုံးကို ဖြန့်ကြက်ပြီး တစ်ပြိုင် တည်း လျာထားဆောင်ရွက်မည့်အစား အမှန်တကယ်ဆောင် ရွက်နိုင်မည့်၊ ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ဦးစားပေး အလိုက် ရွေးချယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မှသာ အားလုံးအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း။
ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း
နိုင်ငံတော်အတွက် အရေးပါပြီး မပြီးပြတ်သေးသည့် စီမံကိန်းများကို ဦးစားပေးရွေးချယ်ဆောင်ရွက်ရန် လမ်းòန် ထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းသစ်များကို ရွေးချယ်ရာ တွင်လည်း ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိမည့် စီမံကိန်းများနှင့် ထုတ်လုပ်မှုစွမ်းအားတိုးတက်နိုင်မည့် စီမံကိန်း များကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ထို့ပြင် စီမံကိန်းကိုဆောင်ရွက်ရာ၌ အနာဂတ်တွင် အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၊ ပြည်သူများ၏ လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် စီမံကိန်းများကို အလေးထား အကောင်အထည်ဖော်ရန်လည်း လိုအပ်ပါကြောင်း။
စီမံကိန်းဘဏ် တည်ထောင်ပြီးဖြစ်
ယခုနှစ်တွင် လုပ်ငန်းစီမံကိန်းများကို စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ပွင့်လင်းမြင်သာမှု တိုးမြှင့်နိုင် ရန်နှင့် နိုင်ငံတော်က ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို ပုဂ္ဂလိကကဏ္ဍအနေဖြင့် သိရှိပြီး ယှဉ်ပြိုင်မှုစွမ်းရည် တိုးမြှင့် လုပ်ဆောင်နိုင်ရန် စီမံကိန်းဘဏ်ကိုလည်း တည်ထောင်ပြီးဖြစ်ပါ ကြောင်း။
ပွင့်လင်းမြင်သာစွာ ဆောင်ရွက်
ထို့ကြောင့် စီမံကိန်းဘဏ် ညွှန် ကြားချက်နှင့်အညီ လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်ရေးသည် အရေးကြီးပါ ကြောင်း၊ နိုင်ငံတော်၏ လုပ်ငန်းစီမံကိန်းများသည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ပါက ယှဉ်ပြိုင်တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော် က ထုတ်ပြန်ထားသည့် ညွှန် ကြားချက်ကို တိတိကျကျ လိုက်နာ ကြရန်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ ကပါ ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
တွန်းအားပေး ဆောင်ရွက်လျက်ရှိ
လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အခြေခံ အဆောက် အအုံဆိုင်ရာ လုပ်ငန်းစီမံကိန်းကြီးများ ဆောင်ရွက်ရန် လျာထား ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ခြင်း၊ ငွေကြေးအရင်းအနှီး လိုအပ်သည့် စီးပွားရေး အခြေခံလုပ်ငန်းများသို့ ချေးငွေများ ဆက်လက်ထုတ်ချေးခြင်း၊ နိုင်ငံတော်က ဖြေလျှော့ပေးထား သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြောင့် လုပ်ငန်းများတိုးချဲ့လာ နိုင်ခြင်း၊ ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများ တွန်းအားပေး ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ပုဂ္ဂလိက အသေးစားနှင့်အလတ်စား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်မှန်းထားပါကြောင်း၊ ထို့ပြင် ပြည်သူ့အစိုးရ ဖြစ်သည်နှင့်အညီ ပြည်သူ့မျက်နှာကို ထောက်ထားပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အမှန် တကယ် လိုအပ်သည့် ကိစ္စရပ်များကိုလည်း အမျိုးသားစီမံကိန်း ရည်မှန်းရန် အဆိုပြုချက်များတွင် ထည့်သွင်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း။
အခြားတစ်ဖက်တွင်လည်း နိုင်ငံတော်၏စီးပွားရေးတွင် အဓိကကျသည့် လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စက်မှုကဏ္ဍကြီးအတွက် အဓိကလိုအပ်သည့် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိနိုင်ရေး၊ ၂၀၂၀ ခုနှစ် နွေရာသီတွင် ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေးတို့အတွက် စီမံဆောင်ရွက် ခြင်း၊ ခရီးသည်နှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးတွင် အဓိက ကျသည့် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရေး အတွက် လမ်းကွန်ရက်များနှင့် ကျေးလက်လမ်းများ တိုးတက် ကောင်းမွန်လာစေခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ ခေတ်မီတိုးတက်လာခြင်း၊ ငွေကြေးဝန်ဆောင်မှု အမျိုးအစား အသစ်များ ဖြစ်ထွန်းလာခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် အမျိုးသားစီမံကိန်းသည် နိုင်ငံ၏ (GDP) ကို ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်မှန်းထားပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်ကုန် ခန့်မှန်းခြေတွင် သင့်တင့်သည့် စီးပွားရေးတိုးတက်မှုနှုန်း ရရှိမည် ဟု မျှော်မှန်းထားပြီး ၆ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားပါကြောင်း။
ကြိုတင်ဆန်းစစ်ပြီးဖြစ်ရန် လိုအပ်
ထို့ပြင် ကိန်းဂဏန်းအချက်အလက်များမှ မူဝါဒ(Data to Policy) ချမှတ်ရာတွင် စာရင်းအင်းကိန်းဂဏန်း အချက်အလက် များ ပြည့်စုံမှု၊ တိကျမှု၊ မှန်ကန်ခိုင်မာမှု ရှိရန်လည်း အားလုံးက ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တင်ပြ ချက်ပါ စီမံကိန်းရည်မှန်းရန် အဆိုပြုချက်များတွင် စီမံကိန်း စက်ဝန်းတစ်ခုလုံးအတွက် ကြိုတင်ဆန်းစစ်ပြီးဖြစ်ရန် လိုအပ် သည့်အပြင် ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ၊ စီးပွားရေး တွက်ခြေ ကိုက်မှု ရှိ၊ မရှိ၊ ပြည်သူပြည်သားများအတွက် အကျိုးရှိ၊ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြု၊ မပြု၊ ပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊ မရှိတို့ကို လေ့လာစိစစ်ပြီးဖြစ်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏ အကန့်အသတ်နှင့်သာရှိသည့် အရင်း အမြစ်များကို ထိရောက်စွာနှင့် စွမ်းရည်ပြည့်၀စွာ အသုံးပြု နိုင်မည်ဖြစ်ပါကြောင်း။
အကျိုးပြုမည့် လုပ်ငန်းများ ဖော်ထုတ်
ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ စီမံကိန်းများကို ပြန်လည် သုံးသပ်ပြီး လုပ်ငန်းစီမံကိန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ပြည်သူပြည်သားများအားလုံး ရရှိခံစားနိုင်ရေးနှင့် အမှန်တကယ် ဆောင်ရွက်သင့်သည့် ဦးစားပေးလုပ်ငန်းများ၊ နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုမည့် လုပ်ငန်းများကို ဖော်ထုတ်ဆောင်ရွက် ပေးကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ထည့်သွင်းစဉ်းစားရန်လို
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် အတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို နိုင်ငံတော်၏ ဗျူဟာမြောက်မူဘောင်အဖြစ် ချမှတ်ထားသည့်အတွက် စီမံကိန်းများ ရေးဆွဲအဆိုပြုရာတွင် အဆိုပါစီမံကိန်းပါ မဏ္ဍိုင် ၃ ရပ်၊ ပန်းတိုင် ၅ ရပ်၊ မဟာဗျူဟာ ၂၈ ရပ်၊ လုပ်ငန်းစဉ် ၂၅၁ရပ် တို့နှင့်အညီ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မဏ္ဍိုင် ၃ ခုမှ တစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲသည့်အတွက် စီမံကိန်း အားလုံးတွင် နိုင်ငံတော်၏ တည်ငြိမ် အေးချမ်းရေးကို အထောက် အကူပြုသည့် လုပ်ငန်းများနှင့် ပြည်သူလူထုလိုအပ်နေသည့် ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်က ဆောင်ရွက်သည့် စီမံကိန်းအားလုံးသည် နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်နိုင်မည့်အခြေအနေကို ကြည့်ပြီး အကောင် အထည်ဖော်မည့် စီမံကိန်းများကို ဆုံးဖြတ်ရွေးချယ်ကြရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းများရွေးချယ်ရာတွင်လည်း ဗျူဟာ မြောက် စီမံကိန်းများ ဖြစ်စေရန်အတွက် စီမံကိန်းဘဏ် စိစစ်ရေး လုပ်ငန်းစဉ်များနှင့် စိစစ်ရွေးချယ်နိုင်ရန် လိုအပ်ပါကြောင်း။
အားနည်းချက်များကို ပြင်ဆင်
စီမံကိန်းများကို အကောင်အထည်ဖော်သည့်အခါတွင် အတိတ်က သင်ခန်းစာများကို ပြန်လည်သုံးသပ်ပြီး အားသာ ချက်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ အားနည်းချက်များကို ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
စီမံကိန်းများ ရွေးချယ်ရာတွင် ဘတ်ဂျက်ကိုကြည့်ပြီး ရွေးချယ်ခြင်းမျိုးမဖြစ်ရန် လိုပါကြောင်း၊ ငွေရေးကြေးရေးက အရေးကြီးသော်လည်း အမှန်တကယ် လုပ်သင့် လုပ်ထိုက်သည် ကို ရွေးချယ်ရန် ပိုပြီးအရေးကြီးပါကြောင်း၊ ပြည်သူများ၏ သာယာ၀ပြောရေးနှင့် နိုင်ငံအတွက် အများဆုံးအကျိုးဖြစ်စေ သည့် ကိစ္စရပ်များကို အကောင်အထည်ဖော်နိုင်မည့် စီမံကိန်း များ ရွေးချယ်စေလိုပါကြောင်း၊ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ဒေသ၊ ကဏ္ဍလိုအပ်ချက်များနှင့် နိုင်ငံ့လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် မဟာဗျူဟာမြောက် စဉ်းစားဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းလိုပါကြောင်း။
ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် ချိတ်ဆက်
နိုင်ငံတော်အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ဆောင်ရွက်နေသည့်အတွက် တိုင်းဒေသကြီး၊ ပြည်နယ် များက နောင်တွင် ဖြစ်ပေါ်လာမည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို မျှော်တွေးစဉ်းစားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အတူအမျိုးသား စီမံကိန်းနှင့် ဒေသ္တရစီမံကိန်းများကို မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း နှင့် ချိတ်ဆက်ပြီး ရေးဆွဲရမည်ဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီး
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် တွေ့ကြုံလာမည့် အခက်အခဲနှင့် လိုအပ်ချက်များကို အားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အပြန်အလှန် အချိတ်အဆက်မိမိ ဖြေရှင်းဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ကြရန် နှင့် ဗဟိုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ပူးပေါင်းဆောင်ရွက် မှုသည် အရေးကြီးပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် အသစ် ဖြစ်ပေါ်နေသော အခြေအနေများအပေါ် စီမံကိန်းများ ရေးဆွဲ သွားကြရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း (အဆိုပြုမူကြမ်း)ရေးဆွဲ ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
နည်းလမ်းများအတိုင်း ဆောင်ရွက်
တင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ယနေ့ အတည်ပြုညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ချိတ်ဆက်ပြီးရေးဆွဲခြင်း၊ အတည်ပြုချက်ရယူခြင်း၊ အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်ကို သတ်မှတ်ပြဋ္ဌာန်းထား သည့် နည်းလမ်းများအတိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း။
ပြည်သူများ၏ လတ်တလော လိုအပ်ချက်နှင့် တိုင်းပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ယခင် နှစ်ကထက် ပိုမိုဖြည့်ဆည်းနိုင်ရေးနှင့် ယခုနှစ် စီမံကိန်းများတွင် နိုင်ငံတော်၏အသုံးစရိတ်များကို ပိုမိုကျခံသုံးစွဲသွားမည်ဖြစ်ပါကြောင်း၊ ကျခံသုံးစွဲမှုကို ထိရောက်စေရေးအတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ညွှန်ကြားချက်ဘောင်အတွင်းမှ အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်မှု အခြေအနေကို စီမံကိန်းကာလ တစ်လျှောက်လုံး မျက်ခြည်မပြတ် တစိုက်မတ်မတ် ကြီးကြပ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
အချိန်နှင့်တစ်ပြေးညီ ချမှတ်
ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးဖြစ်စဉ်များအပေါ် မျက်ခြည်မပြတ်စေရေးသည် အရေးကြီးပြီး မိမိနိုင်ငံအတွက် အကျိုးရှိ ထိရောက်မည့် အစီအမံများကိုလည်း အချိန်နှင့် တစ်ပြေးညီ ချမှတ်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။
အားလုံးက ကြိုးပမ်းဆောင်ရွက်
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော်သည့်အခါတွင် ယခင်ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် အမျိုးသားစီမံကိန်းများမှ ရရှိခဲ့သည့် အားသာချက်များကို အခွင့်အလမ်းများ ဖြစ်ပေါ်ရေး အတွက် ရယူရမည်ဖြစ်ပြီး တွေ့ကြုံခဲ့သည့် အားနည်းချက်များကို ပြန်လည်စိစစ်သုံးသပ်၍ အလားတူ ဖြစ်ရပ်များ မဖြစ်စေရေး အတွက် ပြုပြင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုလွှတ်တော်၏ အကြံပြုဆွေးနွေးချက်များကိုလည်း အလေးထား စဉ်းစားကြရမည်ဖြစ်ပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှု၊ ချိတ်ဆက်မှု အားကောင်းစွာဖြင့် ပြည်သူတို့၏ လိုအပ်ချက်၊ လိုလားချက်များကိုလည်း စီမံကိန်းရည်မှန်းချက် ဘောင်အတွင်းမှ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အားလုံးက ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်က မျှော်မှန်းထားသည့်အတိုင်း ဟန်ချက်ညီ သည့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလမ်း ကြောင်းပေါ် ရောက်ရှိရန်အတွက် အားလုံး တက်ညီလက်ညီဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment