Tuesday, June 18, 2019

ပြည်ပအကူအညီရငွေ၊ ပြည်ပချေးယူရငွေများရှိသည့် ဌာနများအနေဖြင့် ဘဏ္ဍာရေးနှစ်အတွင်း အမှန်တကယ်ရရှိနိုင်မည့် ပမာဏကိုသာ ခန့်မှန်းရေးဆွဲရန်နှင့် ပြည်ပအကူအညီ အထောက်အပံ့များကို အချိန်ဇယားနှင့်အညီ ထုတ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်ရန်လို

Image may contain: 2 people, people sitting, table and indoor 
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး၌ အမှာစကားပြောကြား


နေပြည်တော် ဇွန် ၁၇


ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် လမ်းòန်အမှာစကား ပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ဘဏ္ဍာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင် များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ် ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဆွေးနွေးအတည်ပြု
အစည်းအဝေးတွင် ဘဏ္ဍာရေး ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ကျင်းပသည့် ဘဏ္ဍာ ရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုကြရန် ဖြစ်ပါ ကြောင်း။


ထိရောက်စွာအကျိုးပြုရန်လို
မိမိတို့ အစိုးရသက်တမ်းကာလ အတွင်းတွင် ယခုဆိုလျှင် ဘဏ္ဍာရေးနှစ် လေးနှစ်ရှိလာပြီဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈ နှင့် ၂၀၁၈ ခုနှစ် ခြောက်လ ဘဏ္ဍာရေးနှစ်တို့ကို အကောင် အထည်ဖော်ခဲ့ပြီးဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ အကောင်အထည်ဖော် ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်များက အားသာချက်၊ အားနည်းချက်များကို သုံးသပ်ပြီး လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ကြရန် လိုအပ် ပါကြောင်း၊ ဌာန၊ အဖွဲ့အစည်းများကို နှစ်စဉ်ခွဲဝေပေးသည့် အသုံးစရိတ်များ သည် နိုင်ငံတော်နှင့် ပြည်သူများအတွက် ထိရောက်စွာအကျိုးပြုရန် လိုပါကြောင်း၊ ယင်းအသုံးစရိတ်များသည် နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊ ကဏ္ဍအလိုက် ဒေသအလိုက် စီမံကိန်း များ၊ နိုင်ငံတော်အတွက် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP) တွင် ပါဝင်သည့် မဟာဗျူဟာမြောက် စီမံကိန်း များကို ထင်ဟပ်ပေါ်လွင်စေရမည် ဖြစ်ပါကြောင်း။
လုပ်ပိုင်ခွင့်အပ်နှင်းခွဲဝေပေးရန်လို
ခွဲဝေပေးသည့် အသုံးစရိတ်များကို ရုံးချုပ်က ချုပ်ကိုင်ထားခြင်းမျိုး မဖြစ် စေဘဲ လုပ်ငန်းများ အချိန်မီပြီးစီးရေး အတွက် စနစ်ကျသည့် အသုံးစရိတ် စီမံခန့်ခွဲမှုစနစ်ဖြင့် မိမိလက်အောက် ရုံးခွဲအဆင့်ဆင့်ကို လုပ်ပိုင်ခွင့် အပ်နှင်း ခွဲဝေပေးရန်လည်း လိုအပ်မည်ဖြစ်ပါ ကြောင်း။
လျာထားသည့် အသုံးစရိတ်နှင့် အမှန်တကယ်သုံးစွဲသည့် အသုံးစရိတ် နီးစပ်မှုရှိသင့်ပါကြောင်း၊ ပိုလျှံငွေ ပြန်အပ် မှုများပြားခြင်းသည်လည်း ဘတ်ဂျက် လျာထားမှုစွမ်းရည် အားနည်းသည်ကို ပြသနေခြင်းဖြစ်ပါကြောင်း။


စီမံခန့်ခွဲသုံးစွဲကြရန်ဖြစ်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မိမိတို့၏ လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရန် လိုငွေနှင့် GDP အချိုးကို ၅ ရာခိုင်နှုန်းထက် ကျော်လွန် ခွင့်ပြုထားခြင်းရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘ၀ မြှင့်တင် ရေးအတွက် ပြည်သူများကို ချက်ချင်း လက်ငင်း အကျိုးဖြစ်ထွန်းစေမည့် အသုံး စရိတ်များဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားလုပ်ငန်းများ၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး တစ်ဖက် တွင်လည်း နိုင်ငံတော်၏ လှူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများတွင်လည်း ယခင်နှစ်များထက် များစွာပိုမိုသုံးစွဲ သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် အရေးတကြီး ပြီးပြတ်နိုင်မည့် စီမံကိန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ရန် မှာကြားလိုပါကြောင်း၊ ခွဲဝေရရှိသည့် အသုံးစရိတ်ကို ဘဏ္ဍာရေး နှစ်အတွင်း အချိန်မီအောင် စီမံခန့်ခွဲ သုံးစွဲကြရန် ဖြစ်ပါကြောင်း။
ရငွေလျာထားချက်အပေါ် တာဝန်ရှိ သည့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် လည်း လျာထားသည့်အတိုင်း ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား လိုပါကြောင်း၊ ပြည်ပအကူအညီရငွေ၊ ပြည်ပချေးယူရငွေများရှိသည့် ဌာနများ အနေဖြင့် ဘဏ္ဍာရေးနှစ်အတွင်း အမှန် တကယ်ရရှိနိုင်မည့် ပမာဏကိုသာ ခန့်မှန်းရေးဆွဲရန်နှင့် ပြည်ပအကူအညီ အထောက်အပံ့များကို အချိန်ဇယားနှင့် အညီ ထုတ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ ပြည်ပ ချေးငွေများသည် ပြန်လည်ပေးဆပ်ရမည် ဖြစ်သည့်အတွက် အလေအလွင့်မဖြစ် အောင် သုံးစွဲရန်လိုပါကြောင်း။
အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေအရ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP)ကို ပုံမှန်ဈေးနှုန်းအရ ၇ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထား ပါကြောင်း၊ ယင်းရည်မှန်းချက်ရရှိရန် ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေ သုံးစွဲ နိုင်မှုသည် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိပါကြောင်း၊ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများက မိမိတို့ ခွဲဝေရရှိသည့် အသုံးစရိတ်များအနက် သာမန်အသုံး စရိတ်များ၊ ငွေလုံးငွေရင်း အသုံးစရိတ်များ သုံးစွဲမှုမှတစ်ဆင့် ကုန်ထုတ်လုပ်မှု တိုးတက်စေခြင်း၊ ပြည်တွင်းစားသုံးမှု တိုးတက်စေခြင်း၊ အလုပ်အကိုင် အခွင့် အလမ်းများ ပေါ်ပေါက်စေခြင်း၊ ကုန်စည် ကူးသန်းရောင်းဝယ်ရေးများ တိုးတက် စေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါကြောင်း၊ တစ်နည်း အားဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်ရန် နိုင်ငံတော်၏ ဘဏ္ဍာငွေသုံးစွဲမှုကို မြှင့်တင်သုံးစွဲပေးခြင်းလည်း ဖြစ်ပါ ကြောင်း။
သတ်မှတ်ချိန်အမီပေးပို့
ဘဏ္ဍာရေးကော်မရှင် အတွင်း ရေးမှူးဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရှင်းလင်းတင်ပြမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာန များ၊ အဖွဲ့အစည်းများ၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့ သတ်မှတ် ချိန်အမီပေးပို့နိုင်ရန် ဘဏ္ဍာရေး ကော်မရှင်က ဆွေးနွေးအတည်ပြုကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
လျာထားသည့်ပုံစံကို ပြောင်းလဲ
ထို့နောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်းအား စိစစ်ခဲ့သည့် အခြေအနေကို ဘဏ္ဍာရေးကော်မရှင်သို့ မတင်ပြမီ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် သည် ယခင်ဘဏ္ဍာရေးနှစ်များနှင့် မတူသည့် အချက်အချို့ကို ဦးစွာတင်ပြ လိုပါကြောင်း၊ ၎င်းတို့မှာ လိုငွေနှင့် ဂျီဒီပီအချိုးကို ၅ ရာခိုင်နှုန်းထက် ကျော်လွန်ခွင့်ပြုခဲ့ခြင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေ လျာထားသည့်ပုံစံကို ပြောင်းလဲခြင်း၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ငွေကြေးစီမံခန့်ခွဲမှု အစီအစဉ်ပြောင်းလဲခြင်းတို့ ဖြစ်ပါ ကြောင်း။
ပြီးပြတ်အောင် ဆောင်ရွက်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှု ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍများ တွင် ယခင်နှစ်များထက် ပိုမိုသုံးစွဲသွား မည်ဖြစ်ပြီး နိုင်ငံတော်အတွက် အရေး တကြီးလိုအပ်နေသည့် လျှပ်စစ် ဓာတ်အားလုံလောက်ရေး၊ လမ်း၊ တံတား၊ အဆောက်အအုံ၊ ကျေးလက်လမ်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စသည့် လုပ်ငန်းများတွင်လည်း အထူးအလေးပေး ပြီး ပိုမိုသုံးစွဲသွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်း များအနေဖြင့် ဆောင်ရွက်ဆဲ လုပ်ငန်း စီမံကိန်းများကို ယခုဘဏ္ဍာရေးနှစ်တွင် တတ်နိုင်သမျှ ပြီးပြတ်အောင် ဆောင်ရွက် စေလိုပါကြောင်း၊ အထူးသဖြင့် ပြည်သူ လူထုကို လက်ငင်းအကျိုးကျေးဇူး ဖြစ်စေမည့် ထင်သာမြင်သာဖြစ်စေသည့် စီမံကိန်းမျိုးကို ပြီးစီးအောင် ကြိုးပမ်း ရမည် ဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းများကို အမျိုးသားစီမံကိန်းတွင် ပါဝင်စေပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) နှင့်လည်း ချိတ်ဆက် ကာ အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း။
လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်
အရေးပေါ်ရန်ပုံငွေ ပြောင်းလဲ လျာထားမှုနှင့်စပ်လျဉ်းပြီး ယခင်နှစ်များ ထက် သဘာ၀ဘေးအ္တရာယ် ကာကွယ်မှု နှင့် ကယ်ဆယ်မှုများကို လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ငွေကျပ်ကျပ် ၁၀၀ ဘီလီယံ လျာထားမှုအစား ဗဟိုတွင် ငွေကျပ်ကျပ် ၅၀ ဘီလီယံသာထားပြီး ကျန် ၅၀ ဘီလီယံကို ပြည်ထောင်စုဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး^ပြည်နယ်များသို့ ခွဲဝေလျာထားပေးထားပါကြောင်း၊ ဘဏ္ဍာ ရေးနှစ်အတွင်း ကြိုတင်မမျှော်မှန်း နိုင်သည့် သဘာ၀ဘေးအ္တရာယ်များ ကြောင့် ဖြစ်ပေါ်လာမည့် ကိစ္စရပ်များနှင့် ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲလျှင် မဖြစ်သည့် ကိစ္စရပ်များကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်ဖြစ် ပါကြောင်း။
ထို့ပြင် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့ အစည်းများ၏ ငွေကြေးစီမံခန့်ခွဲမှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကစပြီး ပြောင်းလဲဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်း SEE Account ( UFA - SEE) နှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းOther Account (UFA - OA) ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံ တော်ပိုင် စီးပွားရေးအဖွဲ့အစည်းများကို (UFA - SEE) Account တစ်ခုတည်း နှင့်သာ ဆောင်ရွက်စေမည်ဖြစ်ပါ ကြောင်း၊ ယင်းအဖွဲ့အစည်းများ၏ ကုန်သွယ်မှု (အရှုံး /အမြတ်) စာရင်းအရ
အမြတ်ရရှိပါက ဝင်ငွေခွန်ပေးဆောင် ရန်နှင့် ကျန်ရှိသည့် အမြတ်ငွေအားလုံးကို နိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ် ထည့်ဝင် ရန် ပြောင်းလဲသတ်မှတ်ထားပါကြောင်း၊ UFA(OA) စာရင်းများကို စာရင်း စစ်ဆေးပြီးနောက် စနစ်တကျ ပိတ်သိမ်း သွားမည် ဖြစ်ပါကြောင်း။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် အဆင့်ဆင့်စိစစ်ပြီးသည့် ဘဏ္ဍာ ငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်း၊ စာရင်းချုပ်မှာ ရငွေ စုစုပေါင်း ငွေကျပ်ကျပ် ၂၅၃၁၃ ဘီလီယံ၊ သုံးငွေ စုစုပေါင်း ငွေကျပ်ကျပ် ၃၂၃၄၀ ဘီလီယံ၊ စုစုပေါင်း လိုငွေပမာဏ ငွေကျပ်ကျပ် ၇၀၂၇ ဘီလီယံ ဖြစ်ပြီး လိုငွေနှင့်ဂျီဒီပီ အချိုး ၅ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ အထက်ပါ ရငွေ၊ သုံးငွေ စုစုပေါင်းထဲတွင် ပြည်ပအကူ အညီ ရငွေကျပ်ကျပ် ၇၀၄ ဘီလီယံ၊ ပြည်ပ ချေးယူ ရငွေကျပ်ကျပ် ၂၆၂၅ ဘီလီယံတို့ ပါဝင်ပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၏ လိုငွေအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ ပေးငွေကျပ် ၂၁၁၄ ဘီလီယံ ဖြစ်ပြီး ယခင်နှစ်က ထောက်ပံ့မှုထက် ငွေကျပ်ကျပ် ၃၂၀ ဘီလီယံ ပိုမိုပါကြောင်း။
အတည်ပြုပေးရန် တင်ပြ
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် ၎င်းကို အခြေပြု ရေးဆွဲထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးကော်မရှင်က သုံးသပ်ပြီး အတည်ပြုပေးရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ပိုမိုထောက်ပံ့ပေးခြင်းဖြစ်
ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်၌ ပြည်ထောင်စုတွင် လိုငွေနှင့် ဂျီဒီပီအချိုးကို ၅ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ပြည်သူများ၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုက တိုင်းဒေသကြီး^ပြည်နယ်များကို ပိုမို ထောက်ပံ့ပေးနိုင်ခဲ့သည်ကို တွေ့ရပါ ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ ငွေစာရင်းအတွက် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ စုစုပေါင်းထောက်ပံ့ ပေးမည့်ငွေမှာ ငွေကျပ်ကျပ် ၂၁၁၄ ဘီလီယံ ဖြစ်ပါကြောင်း၊ ယမန်နှစ်က ထောက်ပံ့ ငွေကျပ်ကျပ် ၁၇၉၄ ဘီလီယံ ဖြစ်ပြီး ယမန်နှစ် ထက် ငွေကျပ် ၃၂၀ ဘီလီယံ ပိုမိုထောက်ပံ့ ပေးခြင်း ဖြစ်ပါကြောင်း။
အခွန်ဝေစုအနေဖြင့် ငွေကျပ် ၃၅၀ ဘီလီယံကို ခွဲဝေပေးမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေမှာ ယခင်နှစ်များနည်းတူ ငွေကျပ်ကျပ် ၃၂ ဘီလီယံဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုက ထောက်ပံ့မည့် ငွေကျပ်ကျပ် ၂၁၁၄ ဘီလီယံအပေါ် အခြေခံပြီး တိုင်းဒေသကြီး/ ပြည်နယ်များက ရေးဆွဲ တင်ပြလာသည့် အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် စုစုပေါင်းရငွေကျပ် ၁၂၁၁ ဘီလီယံ စုစုပေါင်းအသုံးစရိတ် ငွေကျပ်ကျပ် ၃၃၂၅ ဘီလီယံနှင့် လိုငွေကျပ် ကျပ် ၂၁၁၄ ဘီလီယံ ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းလျာထား ချက်များကို ဘဏ္ဍာရေးကော်မရှင်သို့ မတင်ပြမီ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘဏ္ဍာရေးကော်မရှင်၏ တာဝန်၊ လုပ်ပိုင် ခွင့်နှင့်အညီ စိစစ်ခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ်များ၏ သာမန်အသုံးစရိတ် စုစုပေါင်းငွေကျပ်ကျပ် ၉၉၅ ဘီလီယံနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်ကျပ် ၂၃၃၀ ဘီလီယံ ဖြစ်ပါကြောင်း။
ယာဉ်ဝယ်ယူမှုများလျှော့ချ
တိုင်းဒေသကြီး/ပြည်နယ်များကို စိစစ်ရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အသုံးစရိတ်များကို ဦးစားပေးသုံးစွဲရန်နှင့် ရုံးများ၊ ဧည့်ရိပ်သာများ၊ ဝန်ထမ်းအိမ်ရာ များ၊ မော်တော်ယာဉ် ဝယ်ယူမှုများကို လျှော့ချရန် လမ်းòန်ကြပ်မတ်ခဲ့ပါ ကြောင်း။
ဂရုပြုဆောင်ရွက်
တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များကလည်း ပြည်သူအတွက် ထင်သာမြင်သာဖြစ်စေသည့် လုပ်ငန်း များ၊ ပြည်သူများ အဓိကလိုအပ်နေသည့် လုပ်ငန်းများကို ဦးစားပေးပြီး ဆောင်ရွက် သွားမည်ဖြစ်သည်ဟု တင်ပြခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ တင်ပြ ချက်များကိုလည်း မှတ်သားထားရှိပြီး ပြည်ထောင်စုနှင့် ပေါင်းစပ်ညှိနှိုင်းပေး မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် စီမံကိန်းလုပ်ငန်း များ အချိန်မီပြီးစီးအောင် ဆောင်ရွက် နိုင်ရေး၊ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲမှုများ နည်းပါးစေရေး၊ ပိုလျှံငွေ အမြောက်အမြား ပြန်လည်အပ်နှံမှု မဖြစ်စေရေးတို့ကိုလည်း ဂရုပြုဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် တိုင်းဒေသကြီး/ပြည်နယ်များမှ ရေးဆွဲတင်ပြလာသည့် အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို ဘဏ္ဍာ ရေးကော်မရှင်က ဆွေးနွေးသုံးသပ် အတည်ပြုပေးနိုင်ရန် တင်ပြအပ်ပါ ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေ စာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရ အသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း တို့ကို ထောက်ခံ ဆွေးနွေးကြသည်။
ဥပဒေနှင့်အညီ ပေးပို့တင်သွင်းမည်
ယင်းနောက် ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက ယနေ့ ကျင်းပ ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်း အဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ၏ ပြည်ထောင်စု အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းတို့ကို အတည် ပြုပြီးဖြစ်သည့်အတွက် ဘဏ္ဍာရေး ကော်မရှင်၏ ထောက်ခံချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့ ပြည်ထောင်စု၏ ဘဏ္ဍာ ငွေ အရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ပေးပို့တင်သွင်းသွားမည် ဖြစ်ပါကြောင်း။


ရှင်းရှင်းလင်းလင်း တင်ပြ
မိမိတို့ပေးပို့သည့် အရအသုံးစာရင်း များကို လွှတ်တော်ကော်မတီ အသီးသီး နှင့် စိစစ်ရေးအဖွဲ့များက စိစစ်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များကလည်း ဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ ပြည်သှူ ငွေစာရင်းပူးပေါင်းကော်မတီကလည်း ၎င်း၏ သုံးသပ်တွေ့ရှိချက်များနှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို တင်သွင်းမည်ဖြစ်ပါကြောင်း၊ ထို့အတူ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် အသီးသီး၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းကိုလည်း သက်ဆိုင်ရာ တိုင်း ဒေသကြီး^ပြည်နယ် လွှတ်တော် အသီးသီးက ဥပဒေနှင့်အညီ စိစစ် ဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကလိုအပ်၍ ခေါ်ယူမေးမြန်း စိစစ်သည့်အခါ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းအနေဖြင့် မိမိတို့၏ လျာထား ရသည့် အကြောင်းရင်းများကို ပြည့်ပြည့် စုံစုံနှင့် ခိုင်ခိုင်မာမာ ရှင်းရှင်းလင်းလင်း တင်ပြနိုင်အောင် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။


စနစ်တကျ ဆောင်ရွက်
ဘတ်ဂျက်လည်ပတ်မှု လုပ်ငန်းစဉ် များဖြစ်သည့် စတင်ရေးဆွဲသည့်အဆင့်၊ စိစစ်သည့်အဆင့်၊ အကောင်အထည်ဖော် သည့်အဆင့်၊ အကောင်အထည်ဖော်နိုင်မှု အခြေအနေကို အစီရင်ခံသည့်အဆင့် စသည့်အဆင့်အားလုံးတွင် မပြတ်သော သတိနှင့် စနစ်တကျ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။
ရငွေလျာထားသည့် ပြည်ထောင်စု အဆင့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသ ကြီး/ ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်း များ အားလုံးသည် လျာထားသည့်ရငွေကို အနည်းဆုံးရရှိရမည့်ငွေအဖြစ် သတ်မှတ် ပြီး ယင်းထက်ပိုမိုရရှိအောင် ကြိုးပမ်း ဆောင်ရွက်စေလိုပါကြောင်း၊ ခွင့်ပြုထား သည့် အသုံးစရိတ်များကို သုံးစွဲရာတွင် အများဆုံးသုံးစွဲနိုင်မည့်ငွေအဖြစ် သတ် မှတ်ပြီး တတ်နိုင်သမျှလျော့နည်းသုံးစွဲပြီး လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက် စေလိုပါကြောင်း။

ဘဏ္ဍာငွေရရှိမှု၊ သုံးစွဲမှုများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန်၊ သုံးစွဲလိုက်သည့် ငွေကြေးကိစ္စရပ်တိုင်း အတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းနှင့်အညီ သုံးစွဲကြရန်၊ ဌာနတွင်း စာရင်းစစ်အဖွဲ့များက သေချာစစ်ဆေးရန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးမှု ကို စနစ်တကျခံယူရန်၊ ဘဏ္ဍာငွေ အရ အသုံးများကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

သတင်းစဉ်

No comments:

Post a Comment