Saturday, June 29, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဓနုဖြူမြို့နယ် ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံ


Image may contain: 1 person, standing and child

တောင်သူလယ်သမားအများစု စိုက်ပျိုးနေကြတဲ့ အဓိကသီးနှံတွေကို အခြေခံဈေးနှုန်းသတ်မှတ်နိုင်ဖို့ လုပ်ဆောင် ဈေးကွက်အခြေအနေ၊ ထုတ်လုပ်မှုအနေအထားစတဲ့ အခြေခံအကြောင်းရင်းတွေကို အခြေပြုပြီး စဉ်ဆက်မပြတ် ပြောင်းလဲပြင်ဆင် 



နေပြည်တော် ဇွန် ၂၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် ဧရာ၀တီ တိုင်းဒေသကြီး ဓနုဖြူမြို့သို့ ရောက်ရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ဧရာ၀တီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံ ပြည်သူများက ဓနုဖြူမြို့နယ်အားကစားကွင်း၌ ကြိုဆိုနှုတ်ဆက် ကြသည်။
တက်ရောက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဓနုဖြူမြို့ လယ်ယာဝန်ဆောင်မှုစင်တာ၌ ကျင်းပသည့် ဧရာ၀တီတိုင်း ဒေသကြီး ဓနုဖြူမြို့နယ် ဒေသခံတောင်သူ လယ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဧရာ၀တီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ဦးမောင်မောင် ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီနေ့ တွေ့ဆုံပွဲကို ဒေသခံတောင်သူလယ်သမား နှစ်ထောင် နီးပါး တက်ရောက်ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေနဲ့ ကုန်သည်၊ စက်ပိုင်ရှင်တွေ တက်ရောက်လာတယ်ဆိုတာ သိရပါတယ်။ အုပ်ချုပ်ရေးပိုင်းက ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူတွေလည်း တက်ရောက်ကြပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် ဒီကနေ့ တက်ရောက်လာတဲ့သူတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြဖို့၊ တစ်ဦးနဲ့တစ်ဦး စာနာနားလည်စိတ်နဲ့ ရိုင်းပင်းကူညီကြဖို့ အထူးပဲအရေးကြီးလှပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့ တောင်သူလယ်သမားတွေနဲ့ ကုန်သည်၊ စက်ပိုင် လုပ်ငန်းရှင်တွေအကြားမှာ ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ ဆက်ဆံမှု၊ နားလည်မှု၊ စာနာမှုတွေ ရှိရမှာ ဖြစ်ပါတယ်။
ရင်းနှီးနွေးထွေးစွာ ကူညီပေးဖို့လို
ဒီလိုဆက်ဆံမှုမျိုးတွေ တည်ဆောက်နိုင်အောင် အစိုးရ ဌာနဆိုင်ရာတွေကလည်း တောင်သူလယ်သမားတွေရဲ့ လိုအပ် ချက်၊ လယ်ယာစီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီတွေရဲ့ လိုအပ်ချက် တွေကို နည်းမှန်လမ်းမှန် ကူညီဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဌာနဆိုင်ရာအပိုင်းမှာဆိုရင် မြေစာရင်းဌာန၊ ဆည်မြောင်းဌာန၊ စိုက်ပျိုးရေးဌာန၊ စက်မှုလယ်ယာဌာနတွေဟာ တောင်သူ လယ်သမားတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး နိုင်ငံတော်အစိုးရ ကိုယ်စား ဝန်ဆောင်မှုပေးနေရတာဖြစ်လို့ ဒီဌာနတွေအနေနဲ့ တောင်သူလယ်သမားတွေကို ရင်းနှီးနွေးထွေးစွာ ကူညီပေးဖို့ လိုပါတယ်။ နီးနီးစပ်စပ် အတူတစ်ကွ ပုံမှန်ထိတွေ့ဆက်ဆံပြီး လုပ်ပေးနိုင်တာတွေကို လုပ်ပေးရမှာဖြစ်ပါတယ်။ လုပ်ပေးရမှာ တွေကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ လုပ်ဆောင်ပေးဖို့၊ မလုပ် ပေးနိုင်သေးတဲ့ ကိစ္စတွေကိုဆိုရင်လည်း မလုပ်ပေးနိုင်ရတဲ့ အကြောင်းရင်းကို ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ရှင်းပြပေးဖို့ လိုအပ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ငွေကြေး၊ ဘတ်ဂျက်နဲ့ ဓန အင်အား အကန့်အသတ်ရှိတာကြောင့် ဦးစားပေးအလိုက် သုံးသပ်ရွေးချယ်ပြီးမှ ကြိုးပမ်းဆောင်ရွက်ပေးနေရတဲ့ အနေ အထားဖြစ်ပါတယ်။ ဒီအခြေအနေကိုလည်း ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေ သိရှိကြဖို့နဲ့ နားလည်လက်ခံပေး ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကိစ္စတွေတော်တော်များများက လုပ်ဖို့ဆိုရင် နောက်ကနေ ငွေလိုက်ဖို့က အင်မတန်မှ လိုအပ်ပါ တယ်။ ကျွန်မတို့နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ လုပ်ချင်တာ လုပ်ဖို့ဆိုတာ ငွေအား၊ ဓနအင်အားက မရှိသေးပါဘူး။ ရှိဖို့ဆိုတာ အားလုံးဝိုင်းဝန်းပြီးကူညီမှ ဖြစ်ပါလိမ့်မယ်။ ဒီတော့ အခု မဖြစ်နိုင် သေးဘူးဆိုရင် ကျွန်မတို့အစိုးရကတော့ ပွင့်ပွင့်လင်းလင်းပဲ ရှင်းပြပါတယ်။ အခုအချိန်မှာတော့ မဖြစ်နိုင်သေးပါဘူး၊ ဘာဖြစ် လို့လဲဆိုတော့ အခြေအနေတွေက မပေးလို့၊ ဘာတွေလိုအပ် ချက်တွေ ရှိတယ်ဆိုတာ ကျွန်မတို့ ရှင်းပြပါတယ်။ အဲဒါတွေ ရှင်းပြရမှာက အစိုးရရဲ့ တာဝန်ဖြစ်သလို ဒီလိုရှင်းပြချက်တွေကို ရဖို့ဆိုတာကလည်း တောင်သူလယ်သမားတွေရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အခွင့်အရေးနဲ့ တာဝန်ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ကျွန်မတို့အစိုးရဘက်မှာလည်း တာဝန်ရှိတယ်။ အခွင့်အရေး ရှိတယ်။ တောင်သူလယ်သမားကြီးတွေဘက်မှာလည်း အခွင့် အရေးရှိတယ်။ တာဝန်ရှိတယ်။ နှစ်ဦးနှစ်ဖက်က အခွင့်အရေး ကိုရော၊ တာဝန်ကိုရော တန်းတူညီမျှတန်ဖိုးထားပြီး လုပ်သွား မယ်ဆိုရင် ဘယ်လိုပဲပြဿနာတွေရှိရှိ ဖြေရှင်းန်ိုင်မှာ ဖြစ်ပါတယ်။
တောင်သူလယ်သမားများအတွက် မြေယာကိစ္စ ဦးစားပေး
ကျွန်မတို့ရဲ့ တောင်သူလယ်သမား ဦးကြီးများအတွက် ဆိုရင် အဓိကကျတဲ့ မြေအသုံးချမှုနဲ့ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို လွယ်ကူရှင်းလင်းအောင်၊ လက်တွေ့ လုပ်ဆောင်ရာမှာ အခက်အခဲမရှိအောင် တတ်နိုင်သမျှ ဦးစားပေးပြီး ပြင်ဆင်ရေးဆွဲတာတွေ ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် လယ်ယာမြေ ဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေတွေကို အထူးဦးစားပေးပြီး လွှတ်တော်အဖွဲ့အစည်း အသီးသီးက အစိုးရဌာနတွေနဲ့ ညှိနှိုင်းပြီး လုပ်ကိုင်နေတာဖြစ်ပါ တယ်။ တစ်ဖက်မှာလည်း အရင်တုန်းက အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ဖို့ကိုလည်း နိုင်ငံတော် သမ္မတရုံးက ဦးစီးပြီးတော့ အလေးပေးဆောင်ရွက်လျက် ရှိပါတယ်။
အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပေး
ကျွန်မအနေနဲ့ နိုင်ငံအနှံ့အပြားကပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံရတဲ့အခါမှာ ဘယ်နေရာပဲရောက်ရောက် လူထု က တင်ပြတဲ့အထဲမှာ လယ်ယာမြေကိစ္စက ထိပ်ဆုံးက အများဆုံး ဖြစ်နေတာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိရပါတယ်။ ဒါ့ကြောင့် လည်း လယ်ယာမြေပြဿနာတွေကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပေးဖို့ တွန်းအားပေးနေရတာ ဖြစ်ပါတယ်။ အချိန် ကာလ သတ်မှတ်ချက်တွေ သတ်မှတ်ထားပေမယ့် လက်တွေ့ မြေပြင်မှာ နှစ်နဲ့ချီပြီး စောင့်ဆိုင်းနေရတဲ့ ကိစ္စရပ်တွေ အများကြီး ကျန်နေသေးတယ်ဆိုတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။ ဝန်ထမ်းအင်အား မလုံလောက်လို့လား၊ လုပ်ထုံးလုပ်နည်းတွေ ကပဲ ကြန့်ကြာနေတာလား၊ တာဝန်ယူ၊ တာဝန်ခံမှုမရှိဘဲ ဟိုဘက် ဒီဘက် စာတွေလွှဲနေလို့ မပြီးပြတ်တာလား၊ ဒါတွေကို သေသေ ချာချာ သုံးသပ်လေ့လာပြီး လိုအပ်တာမှန်သမျှ ဖြည့်ဆည်း ဆောင်ရွက်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို တိုက်တွန်းအားပေးနေရပါတယ်။

တာဝန်ကို ကျေပွန်ဖို့ဟာ သိပ်အရေးကြီး
ကျွန်မတို့ တွေ့ရတာကတော့ ဒီလိုမြေတွေနဲ့ ပတ်သက်ရင် သိမ်းထားတဲ့သူတွေက ပြန်မပေးချင်လို့ အချိန်ဆွဲတာတွေလည်း ရှိပါတယ်။ တချို့ဟာတွေကျတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေက လုပ်ထုံးလုပ်နည်းတွေဟာ မပီပြင်လို့ မကြန့်ကြာသင့်ဘဲနဲ့ ကြန့်ကြာနေတာတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာလည်း တစ်ခါတလေ မြေတွေနဲ့ပတ်သက်လို့ မူလပိုင်ရှင်ပါဆိုပြီးတော့ ပြန်ပြီးတော့ တောင်းတဲ့သူတွေကလည်း ပြည့်ပြည့်စုံစုံ အထောက် အထားမရှိတာတို့၊ တစ်ခါတလေလည်း မမှန်မကန်ဘဲနဲ့ တောင်းတာတို့ ဒါတွေလည်း ရှိပါတယ်။ အဲဒီတော့ အားလုံးဘက် ကနေပြီးတော့ ဖြောင့်ဖြောင့်မှန်မှန်နဲ့ ကိုယ်လုပ်ရမယ့်တာဝန်ကို ကျေပွန်ဖို့ဟာ သိပ်အရေးကြီးပါတယ်။ ဒါမှလည်း မြေယာကိစ္စ တွေကို အမြန်ဆုံးဖြေရှင်းနိုင်မှာပါ။ ဒီဧရာ၀တီတိုင်းမှာတော့ စောစောက ဧရာ၀တီတိုင်းဝန်ကြီးချုပ်က ဆွေးနွေးတဲ့အခါမှာ တချို့ပြန်ပေးရမယ့် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ပြန်ပေးတဲ့ နေရာမှာ နှောင့်နှေးနေတယ်ဆိုတာ ကြားရပါတယ်။ နှောင့်နှေး နေတဲ့ပုဂ္ဂိုလ်များ မနှောင့်နှေးဖို့ တိုက်တွန်းပါရစေ။ ကိုယ်မပိုင် ဆိုင်တဲ့ကိစ္စကို ဘာဖြစ်လို့ ကပ်ပြီး ဖက်တွယ်နေကြရမှာလဲ၊ မြန်မြန်ဆန်ဆန် ပြန်ပေးလိုက်တော့ အားလုံးအတွက်လည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံအတွက်လည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံဟာ အခုထက်ထိ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံ ဖြစ်တာကြောင့် လယ်ယာမြေကိစ္စဟာ အင်မတန်မှ အရေးကြီးပါ တယ်။ ဒါကြောင့် ကိုယ်မပိုင်ဆိုင်တာ ကိုယ်ပြန်ပေးရမယ့် မြေတွေကို မြန်မြန်ဆန်ဆန် ပြန်ပေးခြင်းဟာ ကိုယ့်အတွက်လည်း သိက္ခာရှိတယ်၊ ကိုယ့်ရဲ့နိုင်ငံအတွက်လည်း အကျိုးရှိတယ်ဆိုတာ ကို နှလုံးသွင်းပြီးတော့ မြန်မြန်ဆန်ဆန်ဖြစ်အောင် သက်ဆိုင်သူ များက ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။
ဈေးကွက်ဝင်သီးနှံတွေ စိုက်ပျိုးနိုင်အောင်
တစ်ဆက်တည်းမှာပဲ လယ်ယာမြေနဲ့ ပတ်သက်လာရင် ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေ အခက်အခဲဖြစ်စေတဲ့ ကိစ္စတွေကိုလည်း လေ့လာသုံးသပ်နေပါတယ်။ ဥပမာအားဖြင့် မကြာသေးခင်ကပဲ ပြည်ပဈေးကွက် အပြောင်းအလဲတွေကြောင့် ပြည်တွင်းက စိုက်ပျိုးသီးနှံတွေ ရွေးချယ်စိုက်ပျိုးမှုအပေါ်မှာ ကြီးကြီးမားမား သက်ရောက်စေခဲ့ပြီး အခက်အခဲတွေ ဖြစ်ပေါ် စေခဲ့တာမျိုးတွေလည်း ကြုံတွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် လယ်ယာမြေတွေမှာ သီးနှံတစ်မျိုးကနေ အခြားတွက်ခြေကိုက်တဲ့ သီးနှံတစ်မျိုး ပြောင်းလဲပြီး စိုက်ပျိုးနိုင်အောင်၊ ဈေးကွက် အနေအထားအရ ဈေးကွက်ဝင်သီးနှံတွေ စိုက်ပျိုးနိုင်အောင် ကျွန်မတို့အစိုးရအနေနဲ့ မူဝါဒပိုင်းကနေ ကူညီပေးရမှာ ဖြစ်ပါ တယ်။
အမြန်ဆုံးပြောင်းလဲသင့်တဲ့နေရာမှာ ပြောင်းလဲစေချင်
တောင်သူလယ်သမားကြီးတွေ ကိုယ်တိုင်ကလည်း ကြိုးစားရမှာဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ နှေးနေလို့မရပါဘူး၊ တစ်နှစ်နဲ့ တစ်နှစ်တောင် မဟုတ်ဘူး၊ တစ်လနဲ့တစ်လ၊ ရာသီဥတုရဲ့ အနေအထားအရ၊ က္ဘာ့ဈေးကွက်ရဲ့ အနေအထားအရ ကျွန်မတို့ရဲ့ တောင်သူ လယ်သမားကြီးတွေအတွက် အသင့်တော်ဆုံး၊ ကျွန်မတို့နိုင်ငံ အတွက်လည်း အကျိုးအမြတ်အရှိဆုံး ဘယ်လိုဟာမျိုးတွေ စိုက်သင့်သလဲဆိုတာ တစ်ချိန်လုံးလေ့လာနေဖို့ လိုပါတယ်။ အစိုးရပိုင်းကနေ အကူအညီပေးရမှာကတော့ ပေးရမှာပါပဲ၊ တောင်သူလယ်သမားကြီးတွေကိုယ်တိုင်က ကိုယ့်ဟာကိုယ် လေ့လာချင်တဲ့စိတ်ရှိဖို့ လိုပါတယ်။ ကြုံတုန်းပြောရရင် ရာသီဥတု ပြောင်းလဲမှုကြောင့် အရင်တုန်းက အင်မတန်မှဖြစ်ထွန်းတဲ့ သီးနှံ တွေက အခုဖြစ်ချင်မှဖြစ်မှာ၊ ဒါကြောင့် အရင်တုန်းက စိုက်ပျိုးပုံ စိုက်ပျိုးနည်းတွေနဲ့ အခုဖြစ်ချင်မှဖြစ်မှာ။ အဲဒါတွေကိုလည်း တစ်ချိန်လုံးသတိပြုပြီးတော့ ခေတ်နဲ့အညီ၊ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ ကိုယ်ကိုယ်တိုင်က စိုက်ပျိုးနည်းတွေ၊ စိုက်ပျိုး တဲ့ အပင်တွေ ဘာတွေပြောင်းလဲရမလဲဆိုတာကို တစ်ချိန်လုံး လေ့လာသုံးသပ်ပြီး အမြန်ဆုံးပြောင်းလဲသင့်တဲ့နေရာမှာ ပြောင်းလဲစေချင်ပါတယ်။ အဲဒါကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက တတ်နိုင်သမျှ ပညာဖြန့်ဝေခြင်း အားဖြင့် ကူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကို လုပ်ကိုင်အသက် မွေးတဲ့ တောင်သူလယ်သမားကြီးတွေဟာ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးအတွက်သာမက ကျွန်မတို့ ပြည်သူတွေရဲ့ စားနပ်ရိက္ခာ ဖူလုံရေးအတွက်ပါ အင်မတန်အရေးကြီးပါတယ်။ ဒီလို အရေးကြီး တာကြောင့်လည်း တောင်သူလယ်သမားအခွင့်အရေး ကာကွယ် ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ပြဋ္ဌာန်းထားရှိပြီး တောင်သူလယ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိအောင်၊ လယ်ယာထွက်ကုန်တွေအတွက် သင့်တင့်မျှတတဲ့ ဈေးကွက်ဈေးနှုန်းရရှိအောင်၊ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို တတ်နိုင်သမျှ ဖော်ဆောင်ပေးနိုင်အောင် ရည်ရွယ်ပြီးဥပဒေပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။
ဒီဥပဒေကို အကောင်အထည်ဖော်ဖို့အတွက် ဦးဆောင် အဖွဲ့ကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ခေါင်းဆောင်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အတွင်းရေးမှူး ဖြစ်ပါတယ်။ တိုင်းဒေသကြီးများနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ကလည်း အဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်၊ ဥပဒေ မှာ ဖော်ပြထားချက်တွေကို အခြေခံပြီး ကျွန်မတို့ရဲ့ တောင်သူ လယ်သမားတွေအတွက် ကြိုးစားအားထုတ် ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးရေးက အင်မတန်အရေးကြီး
ဒီအဖွဲ့အနေနဲ့ ဥပဒေပါပြဋ္ဌာန်းချက်တွေကို အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်မှုတွေ ရှိနေသေးတယ် ဆိုရင်လည်း ကျွန်မတို့ တောင်သူလယ်သမားကြီးတွေအနေနဲ့ တောင်းဆိုပိုင်ခွင့်၊ တိုက်တွန်းပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့် ရှိရမှာ ဖြစ်ပါ တယ်။ ဥပဒေနဲ့ ပြဋ္ဌာန်းထားတဲ့ ဆောင်ရွက်ပေးရမယ့် လုပ်ငန်း တွေကို ကျွန်မတို့အနေနဲ့ မဖြစ်မနေ ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ နည်းနည်းပြောချင်ပါတယ်။ အစိုးရဟာ အုပ်ချုပ်ရေးတာဝန်ကို ယူကတည်းကစပြီး တရားဥပဒေစိုးမိုးရေးကို အဓိကလိုအပ်ချက် တစ်ခုလို့ သတ်မှတ်ထားပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်မှု၊ အေးချမ်းမှုအတွက်ဆိုတာ တရားဥပဒေစိုးမိုးရေးက အင်မတန် အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းမှု မရှိဘူး ဆိုရင် ဘယ်လိုမှ တိုးတက်နိုင်မှာ မဟုတ်ပါဘူး။ ဥပဒေဆိုတာ တစ်ဖက်သတ်မဟုတ်ပါဘူး။ ဥပဒေဆိုတာ အားလုံးကို ကာကွယ် ထားဖို့ဖြစ်ပါတယ်။ ဥပဒေအထက်မှာက ဘယ်သူမှမရှိဘူး။ အားလုံးအတွက် မျှမျှတတဖြစ်ရမယ်။ ဥပဒေတွေဟာ အကယ်၍ မမျှတဘူး၊ ခေတ်နဲ့မညီဘူးလို့ထင်ရင် ဥပဒေပြုမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်တွေက ပြောင်းသင့် ပြောင်းထိုက်တာကို ပြောင်းရမှာ ဖြစ်ပါတယ်။
ဥပဒေဟာ မျှမျှတတဖြစ်ရမယ်
အဲဒါကြောင့် တရားဥပဒေစိုးမိုးရေးကို အလေးထားပါ။ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ အကယ်၍ တည်ဆဲဥပဒေတွေဟာ မမျှတဘူး၊ မသင့်တော်ဘူးလို့ထင်ရင် ပြည်သူပြည်သားအားလုံးဟာ ဥပဒေတွေ ပြင်သင့်ကြောင်း ကိုယ့်ရဲ့ လွှတ်တော်ကိုယ်စားလှယ်ကနေတစ်ဆင့် တင်ပြလို့ရပါ တယ်။ လွှတ်တော်ဆိုတာ ဥပဒေပြုမဏ္ဍိုင်ဖြစ်ပါတယ်။ ဥပဒေ တွေကို ပြင်ဖို့လိုရင် ဥပဒေဘောင်အတွင်းက ပြင်ရမယ်။ ဥပဒေ တွေဟာ ဟိုဖက်၊ဒီဖက် မျှမျှတတရှိတယ်ဆိုရင် အားလုံးက ဒီဥပဒေတွေကို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ က်ိုယ်နိုင်မှ ဥပဒေကို လိုက်နာတယ်ဆိုတာ တရားဥပဒေစိုးမိုးရေး မဟုတ် ပါဘူး။ အဲဒါကိုတော့ ကျွန်မအားလုံးကို၊ နှစ်ဖက်ကို သတိပေးလို ပါတယ်။ ဥပမာ- မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင် ဟိုဖက်၊ ဒီဖက် ကိုယ့်ဘက်က နိုင်သွားရင် ဥပဒေကကောင်းတယ်လို့ ထင်ကြ တယ်၊ ကိုယ့်ဘက်ရှုံးသွားတယ်ဆိုရင် ဥပဒေကိုကန့်ကွက်ကြတယ်။ ဒီလိုလုပ်လို့ မရပါဘူး။ ဥပဒေဟာ မျှမျှတတဖြစ်ရမယ်။ မမျှတဘူး ထင်ရင် ဥပဒေပြုလွှတ်တော်ကနေတစ်ဆင့် ပြင်ဖို့ကို ဥပဒေပြု ဘောင်အတွင်းကနေ ကြိုးစားရမှာ ဖြစ်ပါတယ်။
ဆန်စပါး အခြေခံဈေးနှုန်းသတ်မှတ်ရေးလုပ်ငန်းစဉ်
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မတ်လတုန်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဆန်စပါးအတွက် အခြေခံ ဈေးနှုန်းအဖြစ် သတ်မှတ်အရည်အသွေးပြည့်စုံရင် တင်းတစ်ရာ ကို ကျပ် ကျပ်ငါးသိန်းနှုန်း ကြေညာဆောင်ရွက်ပေးဖို့ ကျွန်မအနေနဲ့ အထူးအလေးပေး တိုက်တွန်းခဲ့ပါတယ်။ တိုက်တွန်းခဲ့တဲ့အတိုင်း လည်း အခြေခံဈေးနှုန်းအဖြစ် သတ်မှတ်ကြေညာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခြေခံဈေးနှုန်းဆိုတာ တစ်ရာသီပြီးရင် တစ်ရာသီ၊ တစ်နှစ်ပြီးရင် နောက်တစ်နှစ် ပြောင်းလဲကြေညာပေးနေရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ စိုက်ပျိုးရာသီမတိုင်မီ ပြည်တွင်း၊ ပြည်ပဈေးကွက် အခြေအနေတွေကို လေ့လာသုံးသပ် ပြီး ကြိုတင်ကြေညာပေးရပါတယ်။ ဒီလိုကြေညာပေးတဲ့ အခြေခံ ဈေးနှုန်းကို လေ့လာပြီး တောင်သူတွေက သူတို့အတွက် တွက်ခြေကိုက်တဲ့သီးနှံကို ရွေးချယ်စိုက်ပျိုးကြတဲ့ ပုံစံမျိုးကို ဆောင်ရွက်ကြပါတယ်။
ကျွန်မတို့နိုင်ငံမှာလည်း သီးနှံအားလုံးအတွက် မလုပ်နိုင် သေးရင်တောင် တောင်သူလယ်သမားအများစု စိုက်ပျိုးနေကြတဲ့ မြေပဲ၊ နှမ်း၊ ပြောင်း၊ ကြံစတဲ့ အဓိကစိုက်ပျိုးသီးနှံတွေကို အခြေခံ ဈေးနှုန်းသတ်မှတ်နိုင်ဖို့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ မနှစ်က ဆန်စပါး အခြေခံ ဈေးနှုန်းကြေညာခဲ့ပြီးနောက် တစ်နှစ် ကျော်ကာလ အတွေ့အကြုံရဲ့ အားသာချက်၊ အားနည်းချက်တွေ ကို ပြန်လည်သုံးသပ်ပြီး အခြေခံဈေးနှုန်း ကြေညာတဲ့ လုပ်ငန်းစဉ် နဲ့ ဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အစိုးရ အပိုင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအပိုင်းနဲ့ တောင်သူတွေအပိုင်းက မျက်ခြည်မပြတ် လေ့လာပြီး ရေရှည်ပူးပေါင်း ဆောင်ရွက်သွား ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရပိုင်းအနေနဲ့လည်း အခြေခံ ဈေးနှုန်းအောက် မရောက်အောင် မူဝါဒပိုင်းအရဖြစ်စေ၊ ပြည်ပ နိုင်ငံအစိုးရတွေနဲ့ ချိတ်ဆက်ပြီးတင်ပို့ ရောင်းချနိုင်အောင်ပဲဖြစ်စေ ကြိုးပမ်းလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
အခြေခံဈေးနှုန်းဟာ အခြေခံအကျဆုံး ဈေးနှုန်းဖြစ်လို့ ဒီအခြေခံဈေးအောက်ကို ရောက်မသွားအောင် သီးနှံတွေ စုပြုံ ပေါ်ထွက်ချိန်မှာ ဝယ်လိုအားတိုးမြှင့်မယ့် အစီအစဉ်တွေကို ပုဂ္ဂလိကနဲ့ အစိုးရက ပူးပေါင်းလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့က တခြားနိုင်ငံတွေနဲ့လည်း ဆွေးနွေးရတယ်ဆိုတာဟာ တစ်ခါတလေ ပြည်သူတွေက ဒီကိစ္စကို သိပ်ပြီးမသိကြဘူး။ တောင်သူလယ်သမားကြီးတွေကလည်း မသိကြဘူး။ ပဲဈေးတွေ ကျသွားတာဟာအိန္ဒိယနိုင်ငံက အရင်တုန်းက ယူသလောက် မယူလို့ဖြစ်သွားတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့က အိန္ဒိယ နိုင်ငံနဲ့ ညှိနှိုင်းရပါတယ်။ နှစ်နိုင်ငံအတွင်း မိတ်ဆွေပီပီ ညှိနှိုင်း ပြီးတော့ ဒီလိုကိစ္စတွေကို လုပ်ရပါတယ်။ တခြားနိုင်ငံတွေနဲ့ဆိုရင် လည်း ဒီအတိုင်းပါပဲ။ ကျွန်မတို့ဟာ ဘယ်နိုင်ငံနဲ့မဆို မိတ်ဖြစ် ဆွေဖြစ် ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ဟိုဘက်ဒီဘက် အကျိုးအမြတ်ရှိအောင် ညှိနှိုင်းပြီးလုပ်ရတဲ့ကိစ္စတွေ အများကြီး ရှိပါတယ်။
အကြောင်းကြောင်းကြောင့် အခြေခံဈေးနှုန်းအောက် ဈေးကျသွားမယ်ဆိုရင်လည်း ဝယ်ယူရေးအစီအစဉ်တွေ၊ သိုလှောင်ရေးအစီအစဉ်တွေကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပြီး စနစ်တကျ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေ ဟာ တစ်ရာသီတည်းအတွက်၊ တစ်နှစ်တည်းအတွက် မဟုတ်ဘဲ တစ်ရာသီပြီးတစ်ရာသီ၊ တစ်နှစ်ပြီးတစ်နှစ် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ကျွန်မတို့ အစိုးရလက်ထက်မှာတင် မဟုတ်ပါဘူး၊ နောင်အစိုးရ အဆက်ဆက်ကလည်း တောင်သူလယ်သမားတွေအတွက်၊ ကျေးလက်နေပြည်သူလူထုအတွက် ဦးစားပေးပြီး ဥပဒေအရ ဆက်လက် လုပ်ကိုင် ဆောင်ရွက်ပေးသွားရမယ့် လုပ်ငန်းစဉ် လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံဈေးနှုန်းသတ်မှတ်ရေး ဆိုတာ ဈေးကွက် အခြေအနေ၊ ထုတ်လုပ်မှုအနေအထား စတဲ့ အခြေခံအကြောင်းရင်းတွေကို အခြေပြုပြီး ရေရှည်အားဖြင့် စဉ်ဆက်မပြတ် ပြောင်းလဲပြင်ဆင်သွားရမယ့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တယ်ဆိုတာကို အလေးထားပြီး တိုက်တွန်းမှာကြားလို ပါတယ်။
စိုက်ပျိုးစရိတ်ချေးငွေ
ကျွန်မတို့အစိုးရအနေနဲ့ ရေတိုလုပ်ငန်းတွေကို တစ်ဖက်က လုပ်သလို၊ ရေရှည်အတွက် အကျိုးရှိမယ့် လုပ်ငန်းတွေကို ပိုမို ဦးစားပေးပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်မတို့ တောင်သူ လယ်သမားအများစု မှီခိုအားထားရတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကို ရေရှည်မှာ အမှန်တကယ် ဖွံ့ဖြိုးရေးဘဏ်အဖြစ် ပီပီပြင်ပြင်ပေါ်ထွက်လာဖို့ ပြုပြင်ပြောင်းလဲရေးတွေကို နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အကြံဉာဏ် တွေ၊ အကူအညီတွေရယူပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ကျွန်မတို့ တောင်သူလယ်သမားကြီးတွေအတွက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ အလွန်ပဲအရေးကြီးတယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေ နှစ်တို၊ နှစ်လတ် ချေးငွေတွေကို ယခုထက်ပိုပြီး တိုးချဲ့ဆောင်ရွက်နိုင်အောင်၊ ပိုမိုပြီး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်အောင် ကျွန်မတို့ ကြိုးစားနေပါတယ်။
ဒီနေရာမှာ ကျွန်မတို့အစိုးရ တာဝန်ရယူခဲ့တဲ့ ၂၀၁၆ ခုနှစ် မှာ မိုးစပါးအတွက် တစ်ဧကကို ယခင်တစ်သိန်းကနေ တစ်သိန်းခွဲ နှုန်း တိုးမြှင့်ပြီး ထုတ်ပေးသလို ယမန်နှစ်က စတင်ပြီးတော့ ဆန်စပါးမဟုတ်တဲ့ အခြားသီးနှံတွေအတွက် ယခင် ကျပ် ငါးသောင်းနှုန်းကနေ တစ်သိန်းနှုန်းအထိ တိုးမြှင့်ထုတ်ပေးခဲ့ပါ တယ်။ ဒါပေမယ့်လည်း တကယ်တမ်းကျတော့ ကျွန်မတို့ရဲ့ တောင်သူ လယ်သမားကြီးတွေအတွက် ပြည့်စုံလုံလောက်ဦးမှာ မဟုတ်သေးပါဘူး။ ဆက်လက်ပြီးတော့လည်း နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကြေးအခြေအနေအပေါ် မူတည်ပြီး စိုက်ပျိုးစရိတ် ချေးငွေတွေကို တိုးမြှင့်ထုတ်ပေးသွားနိုင်ဖို့ တစ်ဆင့်ပြီးတစ်ဆင့် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားချင်ပါတယ်။
ဒီနေရာမှာ ကျွန်မအနေနဲ့ ပုဂ္ဂလိကဘဏ်ကြီးတွေကို အထူးပဲ မေတ္တာရပ်ခံပြောကြားလိုပါတယ်။ လယ်ယာကဏ္ဍ အတွက်၊ ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေအတွက် လိုအပ်တဲ့ နှစ်တိုနှစ်ရှည်ချေးငွေတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ တတ်နိုင်သမျှ ဦးစားပေးပြီးတော့ ထုတ်ချေးပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ပုဂ္ဂလိကဘဏ်ကြီးတွေဘက်ကလည်း ဘဏ်လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီတဲ့ လယ်ယာစီးပွားရေးလုပ်ငန်း တွေကို ချေးငွေတွေ ထုတ်ပေးနိုင်မယ်ဆိုရင် နိုင်ငံပိုင်မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်လိုမျိုးပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ယှဉ်ပြိုင်မှုကို အားပေးပါတယ်။ မျှတတဲ့ ယှဉ်ပြိုင်မှု၊ ကောင်းမွန်တဲ့ယှဉ်ပြိုင်မှု၊ ကျွန်မတို့ပြည်သူတွေ အကျိုးရှိစေမယ့် ယှဉ်ပြိုင်မှုမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံပိုင်ဘဏ်တွေကလည်း ပုဂ္ဂလိကဘဏ်တွေနဲ့ ယှဉ်ပြိုင်နိုင်ရမယ်၊ နိုင်ငံခြားဘဏ်တွေနဲ့ လည်း ယှဉ်ပြိုင်နိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျှတတဲ့ ယှဉ်ပြိုင်မှုတွေ ရှိလာမယ်ဆိုရင် တောင်သူလယ်သမားတွေ အပါအဝင် ကျွန်မတို့ ပြည်သူတစ်ရပ်လုံး အကျိုးရှိစေမှာဖြစ်ပါတယ်။
ကျွန်မတို့ တောင်သူလယ်သမားကြီးတွေကလည်း ကိုယ့် နိုင်ငံအတွင်းမှာ ယှဉ်ပြိုင်နေရမှာ မဟုတ်ဘူး။ ကမ္ဘာနဲ့ချီပြီး ယှဉ်ပြိုင်နေရတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ အခုခေတ်က ကိုယ့်နိုင်ငံအတွင်းမှာပဲ ကြိုက်သလိုနေလို့မရပါဘူး။ တစ်ခြားနိုင်ငံ တွေရဲ့ အခြေအနေကို ကျွန်မတို့ ကြည့်ရပါတယ်။ တစ်က္ဘာလုံး နဲ့ ယှဉ်ပြိုင်နေရတဲ့ခေတ်ကြီးမှာ ရုန်းကန်နေရတာ၊ တစ်ကမ္ဘာလုံး နဲ့ ယှဉ်ပြိုင်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နေရတာဖြစ်ပါတယ်။ ဖွံ့ဖြိုး တိုးတက်မှုဆိုတာ သူ့အချိန်နဲ့သူ ရှိပါတယ်။ အရှေ့တောင်အာရှ အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ကောင်းတဲ့ အချိန်တုန်းက မမီလိုက်တဲ့ အခါမှာ အခုမှ ကြိုးစားအားထုတ်ပြီး လိုက်နေရတာဖြစ်ပါတယ်။ သို့သော်ငြားလည်း ဒီလိုကြိုးစားပြီး လိုက်နေတဲ့အချိန်မှာ ကျွန်မ တို့ နိုင်ငံဟာ အရှေ့တောင်အာရှထဲမှာ ဖွံ့ဖြိုးမှုနှုန်း အမြန်ဆုံး နိုင်ငံဖြစ်မယ်ဆိုပြီး ကမ္ဘာ့ စီးပွားရေးအဖွဲ့အစည်းတွေက သတ်မှတ်ထားပါတယ်။ ဒါသည် ကျွန်မတို့အတွက် အားတက် စရာအချက်ဖြစ်သလို ကျွန်မတို့ကလည်း ကိုယ်လုပ်မှ ကိုယ်ရမယ် ဆိုတာကိုလည်း သတိပြုဖို့ လိုပါလိမ့်မယ်။ ငါတို့ကတော့ ဖွံ့ဖြိုးမှု နှုန်း အတိုးတက်ဆုံးနိုင်ငံဖြစ်ပြီဆိုပြီး အေးအေးဆေးဆေး လုပ်လို့မရပါဘူး။ အေးအေးဆေးဆေးပဲဆိုရင် အဲဒီနှုန်းက ပြန်ပြီး တော့ ကျသွားမှာဖြစ်ပါတယ်။ အားလုံးဝိုင်းပြီး ကြိုးစားကြမှာသာ တိုးတက်မှုနှုန်းကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ တစ်ကမ္ဘာလုံးနဲ့ ယှဉ်ပြိုင်နေရတယ်ဆိုတဲ့ အသိလေးနဲ့ တောင်သူ လယ်သမားကြီးတွေဘက်ကရော၊ ဘဏ်တွေဘက်ကရော၊ လုပ်ငန်းရှင်တွေဘက်ကရော အားလုံးကိုယ်စား ပြောချင်ပါတယ်။
ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖိတ်ခေါ်
မကြာသေးခင်ကပဲ ကျွန်မတို့အစိုးရအနေနဲ့ နိုင်ငံတကာ လုပ်ငန်းရှင်တွေကို ကျွန်မတို့ရဲ့ လယ်ယာကဏ္ဍမှာ ဝင်ရောက်ပြီး ဝယ်ယူတင်ပို့ရောင်းချနိုင်ဖို့ မူဝါဒတွေ ခွင့်ပြုပေးခဲ့ပါတယ်။ အဓိကအားဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်တဲ့ လယ်ယာထွက်ကုန်တွေ အတွက် ဈေးကွက်တိုးချဲ့ပြီး လမ်းဖွင့်ပေးတဲ့သဘော ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကျွန်မတို့ရဲ့ ပြည်တွင်းလုပ်ငန်းရှင်ကြီးတွေ အနေနဲ့ စိုးရိမ်ပူပန်စိတ်တွေ မဖြစ်စေလိုပါဘူး။ မျှတတဲ့ယှဉ်ပြိုင်မှု အတွက် အားလုံးက လုံ့လ၊ ဝီရိယ၊ ပညာ၊ သတ္တိတွေ စိုက်ထုတ်ပြီး ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ပြိုင်ဖက်လို့ မမြင်ဘဲ မိတ်ဖက်လို သဘောထားဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံတကာအတွေ့အကြုံတွေ၊ ကျွန်မတို့ မလုပ်နိုင်သေးတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နိုင်ငံတကာလုပ်ငန်းရှင် တွေဆီကနေ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း လယ်ယာ ကဏ္ဍအတွက် တိုးမြှင့်ဖိတ်ခေါ် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေး
လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူလယ်သမား ကြီးတွေကို တွေ့ဆုံခွင့်ရခိုက်မှာ ကျွန်မအနေနဲ့ အထူးမေတ္တာရပ်ခံ လိုတာကတော့ စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးပဲ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း လယ်ယာကဏ္ဍဟာ ကျွန်မတို့နိုင်ငံရဲ့ အဓိကအခြေခံဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ လယ်ယာထွက်ကုန် တွေဟာ ဂုဏ်သတင်းကောင်း၊ နာမည်ကောင်းတွေ ရှိခဲ့ပါတယ်။ လူတွေရဲ့ စားသောက်နေထိုင်မှုပုံစံတွေ ပြောင်းလဲတိုးတက် လာတာနဲ့အမျှ ဘေးကင်းလုံခြုံတဲ့ စားနပ်ရိက္ခာတွေကို ပိုမိုပြီး တောင်းဆိုလာကြပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ရဲ့ တောင်သူ လယ်သမားကြီးတွေအနေနဲ့ ပိုးသတ်ဆေးတွေ၊ ဓာတုဆေးဝါး တွေကို မဖြစ်မနေလိုအပ်မှသာ ချင့်ချိန်သုံးစွဲကြဖို့ တိုက်တွန်း လိုပါတယ်။
ကျွန်မတို့က တစ်ကမ္ဘာလုံးနဲ့ ယှဉ်နေရတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက သတ်မှတ်ထားတဲ့စံကို မီဖို့လိုပါတယ်။ ဖွံ့ဖြိုးပြီး ကြွယ်၀ချမ်းသာတဲ့ နိုင်ငံတွေမှာ သူတို့ရဲ့ ကျန်းမာရေးအတွက် ဂရုစိုက်ပါတယ်။ သူတို့သုံးတဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ ကိုက်ညီရဲ့ လားဆိုတာ အလေးထားပြီး လေ့လာပါတယ်။ ကျွန်မ တို့နိုင်ငံကထွက်တဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေဟာ က္ဘာက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုရင် ကမ္ဘာ့ ဈေးကွက်မှာ ထဲထဲဝင်ဝင်တိုးဖို့ဆိုတာ ခက်သွားပါလိမ့်မယ်။ ရေရှည်ကိုကြည့်ပြီးတော့ အမြန်ဖြစ်နိုင်မယ့်အရာကိုပဲ မစဉ်းစား ဘဲနဲ့ ပိုးသတ်ဆေးတွေ သုံးလိုက်တော့ မြန်မြန်ပိုးသေပေမယ့် အဲဒီရဲ့ အကျိုးဆက်က ကိုယ့်ရဲ့ထွက်ကုန်တွေကို ရသင့်သလောက် ဈေးလည်းမရဘူး။ ရောင်းလို့ရနိုင်တဲ့အဆင့်ထိလည်း ရောင်းလို့ မရဘူး ဖြစ်သွားမှာ ဖြစ်ပါတယ်။ ရေတိုကို မကြည့်ပါနဲ့၊ ရေရှည်ကို ကြည့်ပြီးတော့ ပိုမိုအပင်ပန်းခံပြီးတော့ ကမ္ဘာ့ စံနှုန်းနဲ့ ကိုက်ညီ မယ့် စားသောက်ကုန်တွေ ထွက်ဖို့ကို အလေးထားစေချင် ပါတယ်။

မလိုအပ်ဘဲ ဓာတုဆေးဝါးတွေ အလွန်အကျွံသုံးစွဲရင် ကျွန်မတို့နိုင်ငံက လယ်ယာထွက်ကုန်တွေဟာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်မှာ နာမည်ဂုဏ်သတင်းထိခိုက်စေမှာ ဖြစ်ပါတယ်။ ကုန်သွယ်မှုမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ရာ မှာပဲဖြစ်ဖြစ် ယုံကြည်မှုနဲ့ စိတ်ချနိုင်မှုက အထူးပဲအရေးကြီးပါ တယ်။ ယုံကြည်မှုပျက်စီးသွားပြီ၊ စိတ်ချနိုင်မှုမရှိတော့ဘူးဆိုရင် ပျက်စီးသွားတဲ့ နာမည်၊ ဂုဏ်သတင်းကို ပြန်ပြီးတည်ဆောက် ရတာ အင်မတန်ခက်ခဲပါတယ်။ ကျွန်မတို့ စားသုံးသူတွေရဲ့ မျှော်မှန်းချက်၊ စားသုံးသူတွေရဲ့ ကျန်းမာရေးကိုလည်း ထုတ်လုပ် သူဖြစ်တဲ့ ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေက တာဝန်ယူ၊ တာဝန်ခံပေးဖို့ လိုအပ်ပါတယ်။
တောင်သူလယ်သမားများအတွက် ထိရောက်တဲ့
ဝန်ကြီးဌာနဖြစ်ရေး
ကျွန်မတို့ရဲ့ ကျေးလက်ဒေသ တောင်သူလယ်သမား အများစုဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ဒွန်တွဲပြီး လုပ်ဆောင် နေကြပါတယ်။ ရှေးမိရိုးဖလာ အစဉ်အလာအရလည်း ဒွန်တွဲပြီး လုပ်ကိုင်ခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ အရင်တုန်းက ဆိုရင် စိုက်ပျိုးရေးဝန်ကြီးဌာန၊ မွေးမြူရေးဝန်ကြီးဌာနဆိုပြီး သက်သက်စီရှိခဲ့ပါတယ်။ လက်ရှိကာလမှာတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ပူးတွဲပြီးဖွဲ့ထားပါတယ်။ ကျေးလက်နေတောင်သူ တွေရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး လိုအပ်ချက်တွေအတွက် ဝန်ကြီး ဌာနတစ်ခုတည်းကနေ တာဝန်ယူပြီး ထိထိရောက်ရောက် စုစုစည်းစည်း လုပ်ကိုင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သမဝါယမကဏ္ဍပါ ပါဝင်တဲ့အတွက် ကျေးလက်တောင်သူတွေ စုပေါင်းလုပ်ဆောင်နိုင်မယ့် (၂၁)ရာစု နဲ့ ကိုက်ညီတဲ့ သမဝါယမစနစ်ကို ကျေးလက်ဒေသတွေမှာ စနစ်တကျ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
မွေးမြူရေးနဲ့ ပတ်သက်ရင် အာဖရိက ဝက်တုပ်ကွေးရောဂါ (Africa Swine Flu) ကို သတိထားရဖို့ အခြေအနေမှာ ရှိနေပါတယ်။ အာဆီယံနိုင်ငံအချို့မှာ ဒီကပ်ဘေးဟာ ထိခိုက်မှု အလွန်ပဲကျယ်ပြန့်နေပါတယ်။ ကျွန်မတို့ရဲ့ တောင်သူလယ်သမား ကြီးတွေအနေနဲ့လည်း ဝက်မွေးမြူရေးကို အများအပြားလုပ်နေ ကြတော့ ဒီကိစ္စအပေါ်မှာ အထူးသတိထားပြီး ကာကွယ်မှုတွေ ကြိုတင်လုပ်ဆောင်ထားဖို့ အရေးကြီးပါတယ်။ ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး အစိုးရကလည်း ကျွန်မတို့ရဲ့ တောင်သူလယ်သမား ကြီးတွေကို စနစ်တကျပညာပေးဖို့နဲ့ လိုအပ်တာတွေ ပြင်ဆင် ဆောင်ရွက်ထားဖို့ အရေးကြီးတဲ့အတွက် အထူးမှာကြားလိုပါ တယ်။ ဒီလိုမျိုး နိုင်ငံဖြတ်ကျော်ပြီး ကူးစက်မှုတွေ မဖြစ်အောင် ကြိုတင်သတိပေးချက်တွေ မြန်မြန်ဆန်ဆန် ထုတ်ပေးဖို့၊ သတိပြုသင့်တဲ့ အခြေအနေတွေကို မျှဝေပေးဖို့ လိုအပ် ပါတယ်။
လယ်ယာအခြေခံအရင်းအမြစ်များ တိုးတက်ရေး
လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ စီမံကိန်းတွေ၊ ကျေးလက်လမ်းပန်းဆက်သွယ်ရေး အပါအဝင် လိုအပ်တဲ့ သိုလှောင်ရုံတွေ၊ အခြောက်ခံစက်တွေ၊ မျိုးကောင်းမျိုးသန့်ရရှိရေး တွေ၊ ဈေးကွက်ရရှိရေးတွေဟာ အမြဲကြိုးပမ်းနေမယ့် လုပ်ငန်း တွေပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ တောင်သူလယ်သမားတွေအတွက် လိုအပ်တဲ့ ကုန်ထုတ်လမ်းတွေ၊ နည်းပညာတွေနဲ့ အခြားအရင်း အမြစ်တွေ တိုးတက်လာရေးကို အစိုးရပိုင်းက တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်နေသလိုပါပဲ၊ ဒီနေ့ကမ္ဘာကြီးနဲ့ ကမ္ဘာ့ ဈေးကွက်၊ ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေးတွေဟာနေ့စဉ် ပြောင်းလဲ နေတာဖြစ်လို့ ဒါတွေကို မျက်ခြည်မပြတ်လေ့လာပြီး ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေအနေနဲ့ နိုင်ငံတော်အစိုးရနဲ့ အတူ ပူးပေါင်းပြီး ကြိုးပမ်းပေးပါလို့ အထူးမေတ္တာရပ်ခံ လိုပါတယ်။
ဒီကနေ့ ဒီနေရာကို ရောက်ရှိလာကြတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်း များရဲ့ တင်ပြချက်တွေကို အလေးအနက်ထားမှာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍနဲ့ အဓိကသက်ဆိုင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေ လည်း ရောက်ရှိနေကြတာကြောင့် ပါဝင်ဆွေးနွေးဖြေကြားပေး ကြမှာ ဖြစ်ပါတယ် ဟု ပြောကြားသည်။
ဒေသခံများ၏ တင်ပြချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း
ထို့နောက် အစုအဖွဲ့အသီးသီးမှ ဒေသခံတောင်သူ လယ်သမား ကိုယ်စားလှယ် လေးဦးဖြစ်ကြသည့် ဇလွန်မြို့နယ်မှ တောင်သူ ဒေါ်သန်းသန်းဦး တင်ပြသည့် လယ်ယာလုပ် သားများ ရှားပါးလာပြီး သီနှံများ ပိုးမွှားကျရောက်မှုများရှိနေသဖြင့် မြို့နယ် များအတွက် ဆေးဖျန်းစက်များ ဆောင်ရွက်ပေးရန်၊ သီးနှံပေါ် ချိန်တွင် ဈေးနှုန်းများ ကျဆင်းနေသည့်အတွက် ဈေးနှုန်းတစ်ခု သတ်မှတ်ပေးပြီး ဝယ်ယူနိုင်သည့် အကျိုးတူလယ်ယာစနစ် လုပ်ဆောင်နေသည့် အသင်းအဖွဲ့များကို မြို့နယ်တိုင်းတွင် ရောက်ရှိအောင် ဆောင်ရွက်ပေးရန်၊ မြေဩဇာကို ဈေးနှုန်း သက်သာစွာဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးရန်၊ သီးနှံပြောင်းလဲ စိုက်ပျိုးမှုကို ခရိုင်၊ မြို့နယ်အဆင့်တွင် ပြီးပြတ်အောင်ဆောင်ရွက် ပေးရန်၊ စပါးစိုက်ဧက ၅၀၀၀ ကျော်ကို အကျိုးပြုသည့် တိမ်ကောနေသော အင်းကောမြောင်းကို အမြန်ဆုံး တူးဖော်ပေး ရန်၊ တစ်နှစ်တစ်ခါ ဝါးဖြင့် ဆောက်လုပ်နေရသည့် ချောင်းကူး တံတားကို အမြန်ဆုံး အခိုင်အမာ တည်ဆောက်ပေးရန် စသည့် ကိစ္စရပ်များကိုလည်းကောင်း။
ဆီဆုံကုန်းကျေးရွာမှ တောင်သူ ဦးလှနိုင်စိုး တင်ပြသည့် မျိုးကောင်းမျိုးသန့် စပါးဈေးနှင့် အရည်အသွေးမြင့် စပါးသီးနှံ ဈေးကွက်တစ်ခု ဖော်ဆောင်ပေးမည့် အသင်းအဖွဲ့များနှင့် ကုမ္ပဏီများအား ကျေးရွာများအရောက် စေလွှတ်ပေးရန်၊ သီးနှံဈေးနှုန်းများကို မစိုက်ပျိုးမီ သတ်မှတ်ကြေညာပေးရန်၊
စိုက်ဘဏ်ချေးငွေ ချေးယူခွင့်မရသည့် လယ်သမားများအား အတိုးနှုန်းသက်သာစွာဖြင့် ပုဂ္ဂလိကဘဏ်များမှ ချေးယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ စိုက်ပျိုးစရိတ်ချေးငွေကို လုံလောက်စွာ ထုတ်ချေးပေးရန်၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ကျေးရွာသစ်စီမံကိန်းကဲ့သို့ ပြောင်းလဲဆောင်ရွက်ပေးရန် ကိစ္စ ရပ်များကို လည်းကောင်း။
လှေဆွဲကျေးရွာမှ တောင်သူ ဦးတိုးတိုးဝင်း တင်ပြသည့် ပြည်ပဈေးကွက်ဝင် အထွက်ကောင်း မျိုးကောင်းမျိုးသန့်များကို တောင်သူလယ်သမားများလက်ဝယ်သို့ အချိန်မီဖြန့်ဖြူးပေးရန် နှင့် စိုက်ပျိုးသင့်သည့်မျိုးကို အချိန်မီကြေညာပေးရန်၊ စိုက်ပျိုး ရေးဦးစီးဌာနက မစိုက်ပျိုးမီ မြေဆီလွှာတိုင်းတာစစ်ဆေးမှုများ ပြုလုပ်ပေးရန်၊ တောင်သူလယ်သမားများ လက်ဝယ်သို့ မျိုးကောင်းမျိုးသန့်၊ နည်းပညာနှင့် အရင်းအနှီး မြန်မြန်ဆန်ဆန် ရောက်ရှိအောင် ဆောင်ရွက်ပေးရန်၊ ဧကကွက်များနှင့် အဆင့်မြင့်လယ်ယာများ ဖော်ထုတ်ပေးရန်၊ ကုန်ထုတ်လမ်းများ ရာသီမရွေးသွားလာနိုင်အောင် ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်က စိုက်ပျိုးရေးဝန်ထမ်းများအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန်၊ ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးဆေးများ အတွက် သွင်းအားစုအသုံးစရိတ်များ မြင့်မားနေသည့်အတွက် ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံတော်က ထဲထဲဝင်ဝင် ကူညီ ဆောင်ရွက်ပေးရန်၊ လယ်ယာမြေသီးနှံများတွင် ပိုးမွှားရောဂါကျ ရောက်လာပါက အချိန်မီကာကွယ်နိုင်ရေးအတွက် ကောင်းကင် ဆေးဖျန်းစက်များအား ဈေးနှုန်းသက်သာစွာဖြင့်ဌာနမှ ဖြစ်စေ၊ ပုဂ္ဂလိကမှဖြစ်စေ ငှားရမ်းအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးရန်၊ စပါးတင်ပို့ရောင်းချခွင့်အား လုံးလုံးပိတ်ပင်ထားခြင်းမျိုး မဟုတ်ဘဲ ဝယ်ယူသူရှိပါက ရောင်းချခွင့်ပေးရန် ကိစ္စရပ်များကို လည်းကောင်း။
ရွာသစ်တောင်ကျေးရွာမှ ဦးလှရွှေ တင်ပြသည့် ဆန်စက်ပိုင် များအနေဖြင့် စပါးအရည်အသွေးကောင်းမွန်စေရန်နှင့် လယ်သမားများထံမှ စပါးများ ပိုမိုဝယ်ယူထိန်းသိမ်းထားရန် အတွက် သိုလှောင်ရုံများ၊ ခေတ်မီအခြောက်ခံစက်များ တိုးချဲ့ ဆောင်ရွက်ရန်အတွက် အတိုးနှုန်းသက်သာသော နှစ်ရှည် ချေးငွေ စီစဉ်ပေးရန်၊ တရုတ်နိုင်ငံဈေးကွက်၊ အိန္ဒိယဈေးကွက် အပြင် အခြားအိမ်နီးချင်းနိုင်ငံ ဈေးကွက်များမှ ဈေးကွက်ဝေစု ရရှိရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ပေးရန်၊ စပါးပေါ်ချိန်တွင် ကာလတိုချေးငွေ စီစဉ်ပေးရန်၊ နိုင်ငံတော်အစိုးရ အနေဖြင့် SME လုပ်ငန်းများ အား ကူညီပေးရန် ကိစ္စရပ်များကိုလည်းကောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများနှင့် အချိန်ယူဆောင်ရွက် ရမည့် လုပ်ငန်းများကို ရှင်းလင်းဖြေကြားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းသည်။
ဖြည့်စွက်ရှင်းလင်း
ထို့နောက် ဆွေးနွေးတင်ပြရန် စာရင်းပေးထားသည့် ၂၅ ဦးအနက်မှ မဲပေါက်သူ သုံးဦးဖြစ်သည့် ပကွန်ကျေးရွာမှ တောင်သူ ဦးမောင်စိုး၏ တောင်သူလယ်သမားများအား နှစ်ရှည်ချေးငွေများ ထုတ်ချေးပေးနိုင်ရန်ကိစ္စရပ်ကို လည်းကောင်း၊ ရေကြည်မြို့နယ်မှ လုပ်ငန်းရှင် ဦးစိုးနိုင်၏ လယ်ယာမြေပေါင်နှံခွင့်နှင့် လယ်ယာမြေ၏ တန်ဖိုး ၃၀ ရာခိုင်နှုန်း အထိ ချေးယူပေါင်နှံခွင့်ရရှိရေး ကိစ္စရပ်ကိုလည်းကောင်း၊ ကျုံပျော်မြို့နယ်မှ တောင်သူ ဦးစိုးတင့်၏ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ကျုံပျော်၊ ပန်းတနော်မြို့နယ် ငါးမြို့နယ်အား ဖြတ်သန်း စီးဆင်းသည့် ဗောဓိချောင်းရိုးကြီးသည် နွေရာသီတွင် ရေခန်း ခြောက်နေသည့်အတွက် ဒေသခံများ အခက်အခဲကြုံတွေ့နေ ရမှုနှင့် ချောင်းရိုးအတွင်း ရေမခန်းခြောက်အောင် ဆောင်ရွက် ပေးရန်ကိစ္စရပ်ကို လည်းကောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းဖြေကြားကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ကျွန်မ အားလုံးခြုံငုံပြီး ပြောရမယ်ဆိုရင် အဓိကလိုအပ်ချက်ကတော့ တောင်သူလယ် သမားကြီးများနဲ့ အစိုးရအကြားမှာ ထိတွေ့မှုလိုတယ်လို့ မြင်ပါ တယ်။ တောင်သူလယ်သမားကြီးများ၊ အစိုးရနဲ့ လုပ်ငန်းရှင်များ ဒီဆွေးနွေးပွဲမှာ အားလုံးပါလာပါတယ်။ တောင်သူလယ်သမား ကြီးတွေဘက်ကလည်း အများစုပါလာတယ်။ လုပ်ငန်းရှင်တွေ လည်းပါလာတယ်။ အစိုးရဘက်ကလည်းပါတယ်။ ဒီလိုတွေ့ဆုံမှု မျိုးဆိုတာ တစ်ခါတစ်ခါတွေ့ဆုံရုံနဲ့မပြီးပါဘူး။ တစ်ချိန်လုံး ဆက်သွယ်မှုရှိနေဖို့လည်း လိုပါတယ်။ အဓိကတာဝန်ကတော့ တိုင်းအစိုးရမှာရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စု အစိုးရအဆင့်က တစ်ချိန်လုံးဆင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်တိုင်းပြည်လုံးကို မျှပြီးတော့ လုပ်ရပါတယ်။ ဧရာ၀တီတိုင်း တစ်ခုတည်းအတွက်တင် မဟုတ်ဘူး၊ အခြား တိုင်းနဲ့ပြည်နယ် (၁၃)ခုအတွက်ပါ လုပ်ရတာဖြစ်ပါတယ်။ ကျွန်မ ဆော်ဩချင်တာ ကတော့ အထူးသဖြင့် ဧရာ၀တီလို စိုက်ပျိုးမွေးမြူရေးကို အားကိုးအခြေခံနေရတဲ့ တိုင်းတစ်ခုမှာဆိုရင် တိုင်းအစိုးရအဖွဲ့ဝင် များ၊ တိုင်းအစိုးရရဲ့ အုပ်ချုပ်မှုဆိုင်ရာမှာရှိနေတဲ့ ဝန်ထမ်းများဟာ တောင်သူလယ်သမားအရေးတွေနဲ့ ပတ်သက်လို့ အမြဲထိတွေ့မှု ရှိနေဖို့လိုပါတယ်။ တချို့မေးသွားတဲ့ ကိစ္စတွေမှာ ဒေါက်တာ အောင်သူ ပြန်ဖြေတာ၊ ဦးမောင်မောင်ဝင်းတို့ ပြန်ဖြေတာမှာ ဆိုရင် တောင်သူလယ်သမားတချို့က သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းဥပဒေတွေကို တိတိကျကျ မသိတာလည်း ပါပါတယ်။ အဲဒါတွေကို သိအောင် လုပ်ပေးဖို့ဆိုတာဟာ အစိုးရ မှာ တာဝန်ရှိပါတယ်။ ဗဟိုအစိုးရထက် တိုင်းအစိုးရကနေ ကွင်းဆင်းထိတွေ့ပြီးတော့ ဒါလုပ်ချင်ရင် ဒီအဆင့်တွေကို ဖြတ်သန်းရမယ်ဆိုပြီးတော့ ရှင်းပြပေးဖို့လိုပါတယ်။
နောက်တစ်ခုကလည်း တောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်တွေကို ဗဟိုအစိုးရကနေပြီးတော့ မသိဘူးဆိုရင် ဗဟိုအစိုးရဆီရောက်အောင် တင်ပြရမှာက တိုင်းအစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ တိုင်း၊ ပြည်နယ်အစိုးရတွေက တစ်နည်း အားဖြင့်ပြောရမယ်ဆိုရင် ဗဟိုအစိုးရနဲ့ ပြည်သူလူထုတွေကြားမှာ ရှိနေတဲ့ တံတားတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ခြုံငုံပြီးတော့ အကြံပြုချင်တာက တိုင်းအစိုးရအဖွဲ့ဝင်များနဲ့ တိုင်းမှာရှိတဲ့ အုပ်ချုပ်ရေးယ္တရားက ဝန်ထမ်းများဟာ တောင်သူလယ်သမား များနဲ့ ပုံမှန်ထိတွေ့မှုရှိအောင် လုပ်ကြပါ၊ ကွင်းဆင်းပါ၊ လယ်သမားကြီးများဆီရောက်အောင်သွားပါ၊ ဒါမှမဟုတ် တစ်နေရာမှာ စုပြီးတော့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ပါ။ အခု ဓနုဖြူမှာဆိုပေမယ့်လည်း နေရာတော်တော်များများက လာတယ်ဆိုတော့ အားလုံးကနေပြီးတော့ အသေးစိတ် ကိုယ့်ရဲ့ ဒေသမှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေလိုအပ်ချက် တွေရှိနေ တယ်ဆိုတာ တင်ပြနိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ကလည်း ဒီလိုကန့်သတ်ထားတဲ့ အချိန်အတွင်းမှာ အားလုံးကို ပြည့်ပြည့်၀၀ ဖြည့်ပေးနိုင်မှာ မဟုတ်ပါဘူး။ တစ်ချိန်လုံး ထိတွေ့နေဖို့ကတော့ အင်မတန်မှ အရေးကြီးပါတယ်။
နောက်ပြီးတော့ တောင်သူလယ်သမားကြီးများအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနကနေပြီးတော့ ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို ရအောင်ယူကြ ပါ။ ကိုယ့်မှာ တယ်လီဖုန်းတစ်ခုရှိတယ်ဆိုရင် လုပ်လို့ရပါတယ်။ အဲဒါကို ဝါယမစိုက်ထုတ်ပြီးတော့ လုပ်ကြပါလို့ တိုက်တွန်းချင် ပါတယ်။ အဲဒီလိုလုပ်လိုက်ရင် ကိုယ့်ရဲ့ အသိအမြင်တွေလည်း အများကြီးကျယ်ပြန့်သွားမယ်။ နောက်ပြီးတော့ ပြဿနာလို့ မြင်နေတဲ့ကိစ္စတွေကိုလည်း ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အဖြေ ကိုလည်း ရသွားမှာဖြစ်ပါတယ်။
တစ်ဆင့်ပြီးတစ်ဆင့် တန်ဖိုးတက်လာအောင်လုပ်
နိဂုံးချုပ်အနေနဲ့ ကျွန်မတို့ကို ဒီလိုလာရောက်တွေ့ဆုံတဲ့ အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံလို့ ကျွန်မ ပြောသွားပါတယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဆိုတော့ တချို့တွေက ဒါကို အထင်သေးကြတယ်။ စက်မှုလက်မှုကိုအားကိုးတဲ့ နိုင်ငံတွေက သာ ဖွံ့ဖြိုးတယ်၊ တိုးတက်တယ်၊ ရှေ့ရောက်တယ်လို့ ထင်နေကြ ပါတယ်။ ဒီလိုမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံ တချို့ဆိုရင် စိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုလက်မှုတိုးတက်တဲ့ နိုင်ငံဖြစ်ပါတယ်။ သူတို့အခြေခံက စိုက်ပျိုးရေး၊ စိုက်ပျိုးရေး ကုန်ပစ္စည်းတွေကို သူတို့ကနေပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် ပိုပြီးတော့ တန်ဖိုးတက်လာအောင်လုပ်ပြီးတော့ အဲဒီကနေ ဖွံ့ဖြိုးတိုးတက်တာပါ။
ကျွန်မတို့နိုင်ငံကို ဒီလိုနိုင်ငံဖြစ်နိုင်မလားလို့ မကြာခဏ စဉ်းစားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်မှာ က္ဘာ့ရဲ့ လိုအပ်ချက်ကြီးတစ်ခုက စားနပ်ရိက္ခာ ဖူလုံရေးပါ။ အားလုံးက ဒါကို စိုးရိမ်လာကြပါတယ်။ စားနပ်ရိက္ခာဖူလုံကြပါ့မလား၊ တိုးတက်ဖွံ့ဖြိုးပါတယ်ဆိုတဲ့ နိုင်ငံတွေ တော်တော်များများမှာ သူတို့ရဲ့ စိုက်ပျိုးရေးကဏ္ဍက အင်မတန်မှ ကျဆင်းလာတယ်။ ကျဆင်းလာတဲ့အခါကျတော့ အစားအစာကို တခြားနိုင်ငံတွေက နေပြီးတော့ တင်သွင်းရတယ်၊ ပြောရမယ်ဆိုရင် ကျွန်မတို့လို စိုက်ပျိုးရေးကို အခြေခံပြီးတော့ အစားအစာထုတ်တဲ့ နိုင်ငံတွေ ဘက်ကို လှည့်ရမှာပဲဖြစ်ပါတယ်။
အဲဒီတော့ ကျွန်မတို့က ကမ္ဘာ့ရဲ့အခြေအနေတွေကို ကြည့်ပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးရော၊ တစ်က္ဘာလုံးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရေးရော နှစ်ခု အတွက် ကျွန်မတို့အကျိုးအတွက်ရော၊ အများအကျိုးအတွက်ရော ကြည့်ပြီးတော့ လုပ်သွားနိုင်မယ်ဆိုရင် တောင်သူလယ်သမားကြီး တွေအတွက်တင်မကဘဲ ကျွန်မတို့နိုင်ငံအတွက် အများကြီး အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
မကြာခဏဆွေးနွေးပွဲတွေလုပ်စေချင်
ဒါကြောင့်မို့ ကျွန်မတို့ တောင်သူလယ်သမားကြီးတွေဟာ မိမိကိုယ်ကိုယ်ယုံကြည်မှုနဲ့ လုပ်ကြပါ။ ပြဿနာရှိရင် သက်ဆိုင်ရာ ဌာနတွေကို အသိပေးပါ။ ဘာမှမပြောဘဲနဲ့တော့ ဘာအဖြေမှ ရမှာမဟုတ်ပါဘူး။ ပြောစရာရှိရင်ပြောပါ၊ တိုင်းအစိုးရနဲ့ တိုင်း အုပ်ချုပ်ရေးဌာနတွေက ကွင်းဆင်းပါ၊ တောင်သူလယ်သမားကြီး တွေနဲ့ ထိတွေ့မှု အမြဲရှိစေချင်ပါတယ်။ နောက်ပြီးတော့ မကြာခဏဆွေးနွေးပွဲတွေ လုပ်စေချင်ပါတယ်။ အဲဒီလိုလုပ်မှ တစ်ဖက်ကစကားကို တစ်ဖက်က ကြားရမှာဖြစ်ပါတယ်။ အဲဒီတော့မှရှိတဲ့ပြဿနာတွေကို အမြန်ဆုံး အတူတူပူးတွဲပြီး တော့ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ် ဟု ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တောင်သူလယ်သမားများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။
ယနေ့တွေ့ဆုံပွဲ အခမ်းအနားသို့ ဒေသခံတောင်သူ လယ်သမား ၁၉၆၃ ဦး၊ ဒေသခံဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် ၄၀၀ ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ ဧည့်သည် တော်များ ၁၁၂ ဦး စုစုပေါင်း ၂၄၇၅ ဦး တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ သည် ရဟတ်ယာဉ်များဖြင့် ဓနုဖြူမြို့မှ ပြန်လည်ထွက်ခွာကြပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်

No comments:

Post a Comment