Friday, May 3, 2019

ရေတို/ရေရှည်လုပ်ငန်းများ ခွဲခြား၍ သစ်တောကဏ္ဍပြုပြင်ပြောင်းလဲရေးများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ
Image may contain: 2 people, hat and beard
နေပြည်တော် မေ ၂
ယနေ့ကျင်းပသည့် ဒုတိယအကြိ်မ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ(၂)ခု ဖတ်ကြား ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်း၏ တရားဝင်သစ် တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်အား မည်ကဲ့သို့ ဆောင်ရွက်ထား ရှိကြောင်း သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မြန်မာ နိုင်ငံတွင် ဥရောပသမဂ္ဂ၏ သစ်တောဥပဒေစိုးမိုးမှု၊ စီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်မှု ဆိုင်ရာမိတ်ဖက်အဖြစ် ဆန္ဒအလျောက်သဘောတူညီမှု rDI(European Union Forest Law Enforcement, Governance and Trade – Voluntary Partnership Agreement, EU FLEGT VPA) လုပ်ငန်းစဉ်၏ လုပ်ငန်း စီမံချက်ကို ရေးဆွဲရန်နှင့် စီမံချက်ပါလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကြားဖြတ်လုပ်ငန်းအဖွဲ့ ကို ၂၀၁၅ ခုနှစ် သြဂုတ်လ တွင် စတင်ဖွဲ့စည်းပြီး ၂၀၁၈ ခုနှစ် သြဂုတ်လတွင် အမျိုးသားအဆင့် FLEGT သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ကို အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းကဏ္ဍတို့ ပါဝင်လျက် အဖွဲ့ဝင် ၂၈ ဦးဖြင့် ဖွဲ့စည်းထားပါကြောင်း။
မြန်မာနိုင်ငံ၏ (EU FLEGT VPA)လုပ်ငန်းစဉ်၏ အဓိကရည်ရွယ် ချက်များမှာ တရားမဝင်သစ်နှင့် ဆက်စပ်ကုန်သွယ်မှုအား တိုက်ဖျက်ရန်၊ သစ်တောစီမံအုပ်ချုပ်မှု အားကောင်းလာစေရန်၊ ရေရှည်တည်တံ့စေသည့် သစ်တောစီမံအုပ်ချုပ်မှု ရရှိလာစေရန်နှင့် မြန်မာနိုင်ငံမှသစ်များ ဥရောပ သမဂ္ဂသို့ တရားဝင်တင်ပို့ရန်တို့ ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များ ဖော်ဆောင်ခြင်းနှင့်အတူ ဝန်ကြီးဌာနသည် တရားမဝင်သစ်ထုတ်လုပ်မှု တားဆီးခြင်း၊ လက်ရှိမူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ပြန်လည်စိစစ်သုံးသပ်ပြီး ရေတို/ ရေရှည်လုပ်ငန်းများခွဲခြား၍ သစ်တောကဏ္ဍ ပြုပြင်ပြောင်းလဲရေးများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး (၁၀) နှစ်စီမံကိန်းကို ၂၀၁၇ - ၂၀၁၈ ခုနှစ်မှ ၂၀၂၆ - ၂၀၂၇ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (NDC)အရ ၂၀၃၀ ပြည့်နှစ်အတွင်း နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း သစ်တောအဖြစ်လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေ အဖြစ်လည်းကောင်း ရည်မှန်းလျက် ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ပါကြောင်း။
သစ်ထုတ်ခြင်းအပြင် ဆင်ထိန်းသိမ်းရေးအခြေပြု
ခရီးသွားလုပ်ငန်းများကိုလည်း ဆောင်ရွက်လာခဲ့ရာ
ဌာနပိုင်ဆင်စခန်းပေါင်း ၂၀ ခန့်အထိ ဖွင့်လှစ်ပြီးဖြစ်
မြန်မာ့သစ်လုပ်ငန်းအနေဖြင့်လည်း ပဲခူးရိုးမနှင့် ဧရာဝတီတိုင်းဒေသ ကြီးတွင် ၂၀၁၈ ခုနှစ်မှစ၍ မြန်မာ့သစ်လုပ်ငန်းပိုင် ကျွန်း/ ပျဉ်းကတိုးစီးပွားရေး စိုက်ခင်းများ တစ်နိုင်တစ်ပိုင်တည်ထောင်ခဲ့ပြီး ငါးနှစ်စီ မံချက်နှင့် ဆက်လက် တည်ထောင်သွားရန် စီမံဆောင်ရွက်ထားရှိပါကြောင်း၊ သစ်ထုတ်ခြင်းအပြင် အခြားသောဝန်ဆောင်မှုကဏ္ဍအနေဖြင့် ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွား လုပ်ငန်းများကိုလည်း ၂၀၁၆ ခုနှစ်မှစ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာခဲ့ရာ ယခုအချိန်တွင် ဌာနပိုင်ဆင်စခန်းပေါင်း ၂၀ ခန့်အထိ ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း။
သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် သစ်တောဥပဒေ ပုဒ်မ ၁၂(ဃ)နှင့် ပုဒ်မ ၁၄ အရလည်းကောင်း၊ သစ်တော ထွက်ပစ္စည်းထုတ်ယူခွင့်နှင့်ပတ်သက်၍ သစ်တောဥပဒေ ပုဒ်မ ၁၇ နှင့် ၁၈ အရ လည်းကောင်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံ တွင်( EU FLEGT VPA)လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် လွှတ်တော်အရပ်ရပ်တို့၏ အားပေးလမ်းòန်မှုနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ FLEGT သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့များနှင့် ဆက်စပ်ပတ်သက်သူအားလုံးမှ တက်ညီ လက်ညီ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ မွန်ပြည် နယ် သထုံမြို့နယ်တွင် လယ်မြေဧက ၂၂၀ဝ၀ အတွက် ရေကြီးနစ်မြုပ်မှုနှင့် ရေငန်ဝင်ရောက်မှုမှ ကာကွယ်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအရ သရက်တောနှင့် ပန်းတိမ် ကန်ရေထိန်းတံခါးအသစ် နှစ်ခုအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရေတံခါး နှစ်ခုသည် တည်ဆောက်ရမည့် ဒေသ၏ ရေမြေသဘာဝအခြေအနေအရ သဘာဝဘေးကျရောက်နိုင်သည့် အခြေအနေကို အန်တုတည်ဆောက်ရမည့် အရေးကြီးသည့် ရေအားအဆောက်အအုံများ ဖြစ်ပါကြောင်း၊ သို့ဖြစ်သည့် အတွက် ဒီဇိုင်းပြုတွက်ချက်ခြင်းလုပ်ငန်းကို အထူးဂရုပြု ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အပြီးသတ် ဒီဇိုင်းပုံစံရေးဆွဲပြီးချိန်တွင် ခန့်မှန်းကုန်ကျငွေတွက်ချက် ပြီး လိုအပ်သည့်ရန်ပုံငွေကို လုပ်ငန်းစီမံဆောင်ရွက်နိုင်သည့် ၂၀၂၀ - ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းလျာထား တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအရ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုးတို့၏ မေးခွန်းများ နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဒေါက်တာရဲမြင့်ဆွေတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်း
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်သိန်း က တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် က အဆိုပါ ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးဆုံးဖြတ်ရန် အဆိုတင်သွင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေး တတိယနေ့ကို မေ ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အောင်ရဲသွင်(သတင်းစဉ်)

No comments:

Post a Comment