Monday, May 20, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ''ပျော်ရွှင်ဆင်နွှဲတိုင်းရင်းသားရိုးရာပွဲ''ပြိုင်ပွဲဝင် ရောင်စုံဓာတ်ပုံများ စိစစ်အကဲဖြတ်မှုအား ကြည့်ရှုပြီး မြန်မာ့ရေးရာလေ့လာရေးအဖွဲ့မှ စီစဉ်ကျင်းပသည့် အတွေးအခေါ်သစ်များနှင့် အရေးအသားသစ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်




ရန်ကုန် မေ ၁၉
ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနခန်းမ၌ ပြုလုပ်သည့် ''ပျော်ရွှင်ဆင်နွှဲတိုင်းရင်းသားရိုးရာပွဲ''ပြိုင်ပွဲဝင် ရောင်စုံဓာတ်ပုံများ စိစစ်အကဲဖြတ်မှုကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကြည့်ရှုအားပေးသည်။
ဓာတ်ပုံပညာဖြင့် ဖော်ထုတ်ပြသ
ရှေးဦးစွာ ဓာတ်ပုံပြိုင်ပွဲ စိစစ်အကဲဖြတ်ဝင်များက ဓာတ်ပုံပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်၊ ပြိုင်ပွဲကျင်းပမှု အစဉ်အလာနှင့် ဓာတ်ပုံများ စိစစ်အကဲဖြတ်မှု၊ ဆုငွေနှုန်းထားတိုးမြှင့်နိုင်ရေးနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်လာမှု အနေအထားများကို ဓာတ်ပုံပညာဖြင့် ဖော်ထုတ်ပြသနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်စပ်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲဝင်ဓာတ်ပုံများအနက် ပဏာမစိစစ် ရွေးချယ်ထားသော ဓာတ်ပုံ ၁၀၀ ကို လှည့်လည်ကြည့်ရှုရာ ဓာတ်ပုံအကဲဖြတ်အဖွဲ့ ဝင်များက လိုက်လံရှင်းလင်းပြသသည်။
ပြန်ကြားရေးနှင့် ပြည်သှူဆက်ဆံရေးဦးစီးဌာန ဒုတိယòန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က ဓာတ်ပုံပြိုင်ပွဲ စိစစ်အကဲဖြတ်မှုနှင့်စပ်လျဉ်း၍''အခုကျင်းပတဲ့ ပျော်ရွှင်ဆင်နွှဲတိုင်းရင်းသားရိုးရာပွဲ ရောင်စုံဓာတ်ပုံပြိုင်ပွဲက ပထမဆုံးအကြိမ် ကျင်းပတဲ့ပွဲပါ။ မြန်မာတိုင်းရင်းသားတွေ ပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ပုံတွေကို မှတ်တမ်း တင်တာဖြစ်ပါတယ်။ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေကို ဆင်နွှဲနေတဲ့ပုံတွေ၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးနေတဲ့ပုံတွေ၊ ပွဲတော်ပုံတွေ၊ ဒီသုံးခုကို အခြေခံပြီးတော့ ရွေးချယ်မှာ ဖြစ်ပါတယ်။ အကဲဖြတ်တွေက ၁၀ ဦးရှိပါတယ်။ ပြန်ကြား ရေးက သုံးဦး၊ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းက ပညာရှင်ခုနစ်ဦးပါ။ ဆုကတော့ ရှစ်ဆု သတ်မှတ်ထားပါတယ်။ ပထမ၊ ဒုတိယ၊ တတိယနဲ့ နှစ်သိမ့်ဆုတွေပါ''ဟု ပြောသည်။
အကဲဖြတ်အဖွဲ့ဝင် ဒါရိုက်တာပန်းချီစိုးမိုးကလည်း ''ပြန်ကြားရေးနဲ့ ပြည်သှူ ဆက်ဆံရေးဦးစီးဌာနက ဓာတ်ပုံပြိုင်ပွဲတွေ ကျင်းပတိုင်းမှာ ကျွန်တော်က အကဲဖြတ် အနေနဲ့ ပါဝင်ပါတယ်။ ဒီပြိုင်ပွဲက ရိုးရာနဲ့ပတ်သက်တဲ့ပွဲတော်ကို စုစည်းတာဖြစ်ပါတယ်။ ဒိုင်အနေနဲ့ကတော့ ဓာတ်ပုံပညာပိုင်းအရပေးထားတဲ့ ခေါင်းစဉ်အလိုက် ကြည့်တယ်။ မီးအလင်းအမှောင် ကောင်းမကောင်း၊ ပေးထားတဲ့ခေါင်းစဉ်နဲ့ ကိုက်ညီမှုရှိ မရှိ၊ ဓာတ်ပုံထဲက မျက်နှာတွေက သဘာ၀ကျ မကျ၊ မြင်နေကျ ရိုက်ရိုး ရိုက်စဉ် ဟုတ် မဟုတ်၊ Print Qualityကောင်းမကောင်းစတာတွေပါ ကြည့်ပါတယ်။ အကဲဖြတ်တဲ့ နေရာမှာ ဒိုင်များတဲ့အတွက် အမှတ်အများဆုံး ရသူက ဆုရမှာပါ။ မြန်မာနိုင်ငံအနေနဲ့ ပြောရင် ခြုံပြောရင်တော့ ဓာတ်ပုံပညာရှင်တွေက အရင်ကထက် အများကြီး တော်လာ တယ်။ နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲတွေမှာလည်း ဆုရလာတယ်။ မြန်မာနိုင်ငံဓာတ်ပုံ အသင်းကလည်း သင်တန်းပို့ချတာတွေ တွေ့ရတယ်။ လူငယ်တွေလည်း အများကြီး စိတ်ဝင်စားလာကြတယ်''ဟု ဆိုသည်။
နှစ်ကြိမ်ပုံမှန်ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သှူဆက်ဆံရေးဦးစီးဌာနသည် မြန်မာနိုင်ငံဓာတ်ပုံအသင်းနှင့် ပူးပေါင်းပြီး ဓာတ်ပုံလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်လျက်ရှိရာ ဓာတ်ပုံပြိုင်ပွဲများ ကျင်းပခြင်းကို နှစ်တစ်နှစ်၏ နှစ်ဦးကာလ တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဓာတ်ပုံပြိုင်ပွဲကို လည်းကောင်း၊ နှစ်လယ်ကာလ တွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်နိုင်မည့် ခေါင်းစဉ်/အကြောင်းအရာဖြင့် ဓာတ်ပုံ ပြိုင်ပွဲကို လည်းကောင်း နှစ်စဉ်နှစ်ကြိမ်ပုံမှန်ကျင်းပပေးလျက်ရှိသည်။
ယခုနှစ်လယ်ဓာတ်ပုံပြိုင်ပွဲကို ''ပျော်ရွှင်ဆင်နွှဲ တိုင်းရင်းသားရိုးရာပွဲ''အမည်ဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိနိုင်ရန်အတွက် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပေါ်လွင်ထင်ဟပ်စေမည့် ပွဲတော်များကို ဖော်ကျူးပြသနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ဓာတ်ပုံပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ဓာတ်ပုံ ဆရာ ၂၀၆ ဦးတို့က ပြိုင်ပွဲဝင်ဓာတ်ပုံ ၇၂၉ ပုံ ပေးပို့ ယှဉ်ပြိုင်ကြရာ ၎င်းပြိုင်ပွဲဝင် ဓာတ်ပုံများကို အကဲဖြတ်ပညာရှင်အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်း၍ စိစစ်ရွေးချယ်ပြီး ယခုနှစ် ဇွန်လလယ်ခန့်တွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြန်မာ့ရေးရာ လေ့လာရေးအဖွဲ့မှ စီစဉ်ကျင်းပသည့် New Ideas and New Writings အတွေးအခေါ်သစ်များနှင့် အရေးအသားသစ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာပေနှင့် အနုပညာဆိုင်ရာ ဖိတ်ကြားထားသူများ၊ လူငယ်စာရေးဆရာများ၊ ကဗျာဆရာများ နှင့်အတူ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment