Monday, May 20, 2019

ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာအတွက် အထောက်အကူပစ္စည်းများနှင့် ရုပ်ရှင်ရိုက်ကူးရေးသုံးပစ္စည်းများ လှူဒါန်းပွဲကျင်းပ




ရန်ကုန် မေ ၁၉
ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာတွင် အသုံးပြုရန်အတွက် အထောက်အကူ ပစ္စည်းများနှင့် ရုပ်ရှင်ရိုက်ကူးရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင် ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ၌ ကျင်းပသည်။
အခမ်းအနားတွင် ကိုရီးယားနိုင်ငံ FORMER MWTV မှ Chief Director ဦးအောင်တင်ထွန်းက သင်ထောက်ကူပစ္စည်းအဖြစ် Laptop Computer ငါးလုံးကို လည်းကောင်း၊ မြတ်ပန်းတော်ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးက ရုပ်ရှင်ဇာတ်ဝင်ခန်းသုံး ပစ္စည်းများကို လည်းကောင်း၊ မြဇော် ဖလင်က အဖြူအမည်းရုပ်ရှင်ဇာတ်ကား များဖြစ်သော ''ဂျပု'' ရုပ်ရှင်ဇာတ်ကားနှင့် ''ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ'' ရုပ်ရှင် ဇာတ်ကားတို့ကို လည်းကောင်း ပေးအပ် လှူဒါန်းကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးရဲနိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။
အဆိုပါ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ (Film Development Centre-FDC)ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၅၀) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်းအတွင်း စတင် ဖွင့်လှစ်ခဲ့ရာ ယခုအခါ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သင်တန်းဖွင့်လှစ်မှု များ၊ ဆွေးနွေးပွဲကျင်းပမှုများ အပတ်စဉ် ပြုလုပ်လျက်ရှိသည်။
ယင်းနေရာတွင် ပြုလုပ်သည့် သင်တန်းများအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ၊ စာကြည့် တိုက်(Library)အတွက် စာအုပ်၊ စာပေနှင့် CD များ၊ ရုပ်ရှင်ပြတိုက် ဖွင့်လှစ်နိုင်ရန်အတွက် ဖလင်များနှင့် ဆက်စပ်ပစ္စည်းများအပြင် ၎င်းတွင် ပြင်ဆင်မွမ်းမံဖွင့်လှစ်ထားသည့် စတူဒီယို များတွင် အသုံးပြုရန် ရုပ်ရှင်ရိုက်ကူးရေး အသုံးအဆောင်များနှင့် အထောက်အကူ ပစ္စည်းများကိုလည်း ဆက်သွယ်လှူဒါန်း မှုများ ပြုလုပ်လျက်ရှိကြရာ တာဝန်ရှိ သူများက စာရင်းသွင်းလက်ခံရယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment