Wednesday, May 1, 2019

အလုပ်သမားအခွင့်အရေးမြှင့်တင်

Image may contain: text

ယနေ့သည် (မေလ ၁ ရက်) အပြည်ပြည်ဆိုင်ရာ  အလုပ်သမားနေ့ ဖြစ်သည်။ အလုပ်သမားနေ့တွင်  နိုင်ငံအသီးသီးရှိ  အလုပ်သမားများအား ဂုဏ်ပြုသောအားဖြင့်  အထိမ်းအမှတ်အခမ်းအနားများ  ကျင်းပကြသည်။ ကုန်ထုတ်စွမ်းအား  မြင့်မားတိုးတက်ရေးသာမက နိုင်ငံ့အကျိုးအတွက် သယ်ပိုးထမ်းရွက်ကြသော ကာယ၊ ဉာဏ အလုပ်သမားအပေါင်းတို့ကို ဤနေ့ ဤရက်တွင် အသိအမှတ်ပြုရပေမည်။

အလုပ်သမားများနှင့် ပတ်သက်လျှင် အစိုးရ၊ ပုဂ္ဂလိက အလုပ်သမား အားလုံး ပါဝင်ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးများ ကွာဟမှု နည်းနိုင်သမျှနည်းအောင် ဖော်ဆောင်ပေးရမည် ဖြစ်ပေသည်။ ထိုသို့ဖော် ဆောင်ရာတွင် အလုပ်ရှင်၏ အခန်းကဏ္ဍမှာ အဓိကကျပြီး အလုပ်ရှင်နှင့် အလုပ်သမား ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ အပြန်အလှန် အမှီသဟဲပြု ဆက်ဆံမှသာ မိမိတို့လုပ်ငန်း အောင်မြင်မည်ဖြစ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက် သော နိုင်ငံအရွေ့သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

ဒီမိုကရေစီအသွင် ကူးပြောင်းသည့် ကာလတွင် အလုပ်သမားများ၏အခန်းကဏ္ဍမှာ  ပြောင်းလဲသွားပြီး  တရားမျှတမှုကို အခြေခံသည့် အလုပ်ရှင်၊ အလုပ်သမား မိတ်ဖက်ဆက်ဆံရေး ပေါ်ပေါက်လာသည်ကို တွေ့ရသည်။ အလုပ်သမားများဘ၀ကို မြှင့်တင်ပေးခြင်းသည် ကုန်ထုတ် လုပ်မှု တိုးတက်စေသဖြင့်  အလုပ်သမားအခွင့်အရေးများကို အလေးထား ဆောင်ရွက်လာခြင်း  ဖြစ်သည်။

အလုပ်သမားများ၏ဘ၀သည်  နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အòန်းကိန်း သဘောဖြစ်နေသည့်အတွက် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ဖွံ့ဖြိုးတိုးတက်ရေး ယနေ့ဆောင်ရွက်နေသည်။ မြန်မာနိုင်ငံတွင် အလုပ်သမားအခွင့်အရေး ပိုမိုရရှိရေး၊ လူမှုဘ၀မြင့်မားရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ILO နှင့် ပူးပေါင်း          ရေးဆွဲထားသည့် သုံးနှစ်စီမံကိန်း ၂၀၁၈-၂၀၂၁ ကို အကောင်အထည်ဖော် နေသည်။

သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်နှင့် ရေရှည်တည်တံ့သည့် စွန့်ဦးတီထွင် စီးပွားရေးအခွင့်အလမ်းများကို အလုပ်လုပ်နိုင်သူများ ပိုမိုရရှိလက်လှမ်းမီရေး၊  အလုပ်သမားဈေးကွက်  စီမံအုပ်ချုပ်မှု ပိုမို ကောင်းမွန်လာခြင်းအားဖြင့်  အလုပ်ခွင်များတွင် အခြေခံစည်းမျဉ်းများ နှင့် အခွင့်အရေးများ  ကျင့်သုံးမှုအားကောင်းလာစေရေး၊ ထိခိုက်လွယ်သည့် အလုပ်သမားနှင့် ပြည်သူများအတွက် လူမှုအကာအကွယ်ပေးမှု အကျုံးဝင် စေရန် တိုးချဲ့ရေးစသည့် ဦးတည်ဆောင်ရွက်ရမည့် ဦးစားပေးနယ် ပယ်သုံးရပ် ချမှတ်ကာ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ဆိုင်ရာ နိုင်ငံအဆင့်အစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိသည်။

မေဒေးဟုခေါ်တွင်သော  အလုပ်သမားနေ့သည် နိုင်ငံတကာမှ အလုပ်သမားလူတန်းစားများအနေဖြင့်  နိုင်ငံရေးအရ  အရေးပါသော နေ့တစ်နေ့ဖြစ်သည်။ ရှေးက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားများအား ဖိနှိပ်ချုပ်ချယ်ခဲ့သော အရင်းရှင်စနစ်ကိုတော်လှန်၍  အလုပ်သမားတို့၏ ဘ၀သစ်တည်ဆောက်ရန်  အလုပ်သမားများ  သွေးစည်းသောနေ့တစ်နေ့ဟု ဆိုခဲ့ကြသည်။ တစ်နည်းဆိုလျှင် ဖိနှိပ်ခံအလုပ်သမားများက အလုပ်ရှင်တို့ အပေါ် စတင်အရေးဆိုခဲ့သောနေ့ ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံတွင်အလုပ်ရှင်နှင့်  အလုပ်သမားဆိုင်ရာ အခွင့်အရေး များကို  အလေးထားဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ အလုပ်ချိန်၊ လုပ်ခ၊ ရပိုင်ခွင့်မှအစ အလုပ်သမားများအခွင့်အရေးကို  ဦးစားပေး ဆောင်ရွက်ပေးနေသည်ကို  တွေ့ရသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်၍ နိုင်ငံတကာနှင့်နှိုင်းစာလျှင် အခွင့်အရေးများ နည်းပါးသေး သည်မှာ  မှန်သော်လည်း နိုင်ငံဖွံ့ဖြိုးလာရေးကိုရှေးရှု၍ အလုပ်ရှင်၊ အလုပ် သမား ညီညွတ်မျှတစွာဖြင့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်အောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ မေဒေး (ခေါ်) အလုပ်သမားနေ့သည် နိမ့်ကျခဲ့ရသည့် အလုပ်သမားကြီးများဘ၀ မြင့်မားတိုးတက်ရေးအတွက် စတင်သန္ဓေ တည်သောနေ့ ဖြစ်သည်နှင့်အညီ အလုပ်သမားများဘ၀ မြင့်မားတိုးတက် ရေးကို အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်လက်တွဲဆောင်ရွက် နိုင်ပြီဖြစ်၍ နိုင်ငံဖွံ့ဖြိုးရေးကို တက်ညီ၊  လက်ညီဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း။     ။


No comments:

Post a Comment