Wednesday, May 1, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး



Image may contain: 7 people, people sitting and table
ဖနောင်ပင်  ဧပြီ  ၃၀
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ  ယနေ့ဒေသစံ တော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံ  လွတ်လပ်ရေး အထိမ်းအမှတ်   ကျောက်တိုင်သို့ ရောက်ရှိပြီး        ဂုဏ်ပြုပန်းခွေချ အလေးပြုသည်။

ဆက်လက်၍   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်    နတ်ရွာစံ ဘုရင်မင်းမြတ်၏  ဖခမည်းတော်  Preah   Borom   Ratanak Kaudh  ၏ အထိမ်းအမှတ်ရုပ်တုသို့ ရောက်ရှိပြီး ဂုဏ်ပြုပန်းခွေချဂါရ၀ပြု သည်။
ထို့နောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်သည်     ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့     တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ   ဝန်ကြီးချုပ်ရုံး  (Peace Palace) သို့ ရောက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ    ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo Hun  Sen  က ကြိုဆိုနှုတ်ဆက်သည်။အခမ်းအနားတွင် မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဂုဏ်ပြုတီးမှုတ် အလေးပြုကြသည်။

ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေး

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်   ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်တို့ဦးဆောင်၍ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သည်။

တွေ့ဆုံဆွေးနွေးပွဲတွင်      မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အထူးသဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊   ယဉ်ကျေးမှု၊  ပညာရေး၊ ခရီးသွားလာရေး၊ အာဆီယံအဖွဲ့အပါအဝင် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး၊  ကုလသမဂ္ဂ၊ ဘက်မလိုက်လှုပ်ရှားမှုအပါအဝင်    နိုင်ငံတကာမျက်နှာစာတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေး

ထို့ပြင် နှစ်နိုင်ငံအကြား  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊     အပြန်အလှန် အကာအကွယ်ပေးရေးစာချုပ်၊        အခွန်နှစ်ထပ်ကျသင့်မှုရှောင်ရှားရေး သဘောတူစာချုပ်နှင့်  ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘောဒီးယားနိုင်ငံ အစိုးရမှ  ရခိုင်ပြည်နယ်လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်  ဒေါ်လာ ကိုးသောင်း ပေးအပ်လှူဒါန်းမှုအတွက် ကျေးဇူးတင် စကားပြောကြားပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်အား နှစ်ဦးနှစ်ဖက် အဆင်ပြေ သည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်   ကမ္ဘောဒီးယားနိုင်ငံ လွှတ်တော်အဆောက်အအုံသို့ရောက်ရှိပြီး           ကမ္ဘောဒီးယားနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ  Samdech Akka Moha Ponhea Chakrei HENG SAMRIN  နှင့် တွေ့ဆုံသည်။

တွေ့ဆုံ

ဆက်လက်၍ ကမ္ဘေဒီးယားနိုင်ငံ လွှတ်တော်အဆောက်အအုံ  Senate Building သို့ရောက်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ Samdech Vibol Sena Pheakdey SAY Chhum နှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု နှင့် ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေးနှင့် လွှတ်တော်နှစ်ရပ်အကြား အတွေ့အကြုံ ဖလှယ်ရေးလုပ်ငန်းစဉ်များ ၊  ယဉ်ကျေးမှု၊  ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံလွှတ်တော်များ အကြား    အပြန်အလှန်   ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည်  ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်နန်းတော်သို့ရောက်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် His Majesty Norodom Sihamoni နှင့် တွေ့ဆုံသည်။
တွေ့ဆုံ

တွေ့ဆုံစဉ် မြန်မာ -ကမ္ဘောဒီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို    ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်  His Majesty Norodom Sihamoni  အား နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။

ထို့နောက်   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်    ကမ္ဘောဒီးယား ဘုရင့်မယ်တော်  စံအိမ်တော်သို့ရောက်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ၏မယ်တော်   H.M. Norodom Monineath Sihanouk   နှင့် တွေ့ဆုံ သည်။

တက်ရောက်

အဆိုပါတွေ့ဆုံပွဲများသို့     နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊        ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည်  ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံး၌  ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Hun Sen က   တည်ခင်းဧည့်ခံသည့်  ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

သတင်းစဉ်

No comments:

Post a Comment