Tuesday, May 7, 2019

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 4 people, people sitting, table and indoor

လွိုင်ကော်  မေ  ၆

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန၊  ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင်  ကယားပြည်နယ်   လွိုင်ကော်မြို့ရှိ  Famous Hotel ၌ ကျင်းပသည်။

သဘောတူညီချက်တချို့ ရရှိခဲ့

အစည်းအဝေးတွင်      ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က       မတ်  ၁၈ ရက်တွင်  KNPP နှင့်  NRPC တို့   နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ထိုသို့ဆွေးနွေးခဲ့ရာတွင် အပြုသဘောဆောင် သည့်    သဘောတူညီချက်တချို့    ရရှိခဲ့ပါ ကြောင်း၊ ယင်းတို့မှာ ပညာရေး၊ ကျန်းမာရေး ကိစ္စနှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့် အသိအမှတ်ပြုခြင်းဆိုင်ရာ   ကိစ္စရပ်များ၊ လေ့ကျင့်မွေးထုတ်ပေးရေးဆိုင်ရာ ကိစ္စရပ် များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို     ထပ်မံပြုလုပ်မည့်     ဆွေးနွေးပွဲများတွင် အသေးစိတ် ဆက်လက်ညှိနှိုင်းရန်၊ ပညာရေး၊ ကျန်းမာရေးနှင့်   ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအပါအဝင်   အခြားလိုအပ်ချက် များကို ထပ်မံပြုလုပ်မည့် ဆွေးနွေးပွဲမတိုင်မီ NRPC  သို့တင်ပြရန်နှင့် လိုအပ်ပါ က အလွတ်သဘောတွေ့ဆုံဆွေးနွေးရန်၊ ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP  တို့၏ ညှိနှိုင်းသဘောတူညီချက်အရ  အကောင်အထည်ဖော်ရမည့် ပြည်နယ် အဆင့်  လစဉ်အစည်းအဝေးကို ဆုံးဖြတ်ပေးနိုင်သည့် နှစ်ဖက်တာဝန်ရှိသူများ မပျက်မကွက်တက်ရောက်ရန်နှင့် လိုအပ်သောအကြောင်းခြင်းရာများနှင့် ပတ်သက်၍ ကြိုတင်ပေးပို့ ညှိနှိုင်းဆောင်ရွက်ရန်၊  ထပ်မံပြုလုပ်မည့် အစည်း အဝေးကို ၂၀၁၉ ခုနှစ် ဧပြီလမကုန်မီ ကျင်းပပြီး အဆိုပါအစည်းအဝေး၌ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက်  ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် ဟူ၍ သဘောတူညီချက် တချို့ရရှိခဲ့ပါကြောင်း။

အလေးအနက်ထားလိုက်နာ

ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့်  တပ်မတော်ညှိနှိုင်းရေး အဖွဲ့နှင့် ဒုတိယဥက္ကဋ္ဌ ခူဦးရယ်  ဦးဆောင်သည့်  KNPP အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊  ထိုသို့  တွေ့ဆုံဆွေးနွေးခဲ့ရာတွင်လည်း  သဘော တူညီချက်အနေဖြင့် NCA စာချုပ်လက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်ဖက်တပ် အကြား ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက်  လှုပ်ရှားသွားလာမှုများကို လက်နက်မဲ့သာ ဆောင်ရွက်ရန် သဘောတူပြီး  အကယ်၍  လက်နက်ဖြင့် သွားလာရန်လိုအပ်ပါက  နှစ်ဖက်ညှိနှိုင်းအကြောင်းကြားပြီး ဆောင်ရွက်ရန် သဘောတူသည် ဟူ၍လည်းကောင်း၊ ယခင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ သဘောတူညီချက်များအား နှစ်ဖက်စလုံး က အလေးအနက်ထား  လိုက်နာဆောင်ရွက်ရန်   သဘောတူသည်ဟူ၍ လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်အကြား သံသယနှင့် ပြဿနာဖြစ်ဖွယ်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာပါက  နှစ်ဖက်ခေါင်းဆောင်များအကြား အမြန်ဆုံး တွေ့ဆုံပြီး ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဖြေရှင်းရန်နှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်သွားရန်၊ လိုအပ်ပါကညှိနှိုင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် သဘောတူသည်ဟူ၍လည်းကောင်း၊ နောက်တစ်ချိန် ပြန်လည် တွေ့ဆုံရေးကို   ၂၀၁၉ ခုနှစ် ဧပြီလအတွင်း ကျင်းပရန် သဘောတူသည် ဟူ၍ ဆွေးနွေးကြပြီး လက်မှတ်ရေးထိုးကြခြင်းများ ရှိပါကြောင်း။

ကောင်းမွန်သည့် အခွင့်အရေးဖြစ်

အဆိုပါ အချက်များကို ကြည့်ပါက အပြုသဘောဆောင်သည့် သဘော တူညီမှုများဖြစ်သည်ဟု ခံယူရမည်ဖြစ်ပါကြောင်း၊ KNPP အနေဖြင့် ယခု ကဲ့သို့ ပုံမှန်လစဉ် တွေ့ဆုံရသည့်အခွင့်အရေးသည် အခြားအဖွဲ့အစည်းများနှင့် ယှဉ်ပါက များစွာကောင်းမွန်သည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများအနေဖြင့်  ယခုကဲ့သို့ ပြည်နယ်အစိုးရနှင့် ဒေသဆိုင်ရာ၊  တပ်ပိုင်းဆိုင်ရာများ ဆွေးနွေးရန် ပုံမှန် အစည်းအဝေးများ ယခုထိ ဖော်ဆောင်နိုင်ခြင်းမရှိသေးပါကြောင်း၊ ကယား ပြည်နယ်တွင် KNPP နှင့် ဒေသဆိုင်ရာအစိုးရ၊ ဒေသဆိုင်ရာ တပ်ကွပ်ကဲမှု များနှင့် လစဉ်တွေ့ဆုံနိုင်သည့် အခွင့်အရေးသည် များစွာကောင်းမွန်သည့် အခွင့်အရေးဖြစ်ပါကြောင်း။

ထိုသို့ တွေ့ဆုံရသည့် ရည်ရွယ်ချက်အနေဖြင့် လစဉ်တွေ့ဆုံမှုမှတစ်ဆင့် ပြည်နယ်အတွင်းအခက်အခဲများကို ညှိနှိုင်းဖြေရှင်းနိုင်ခြင်းအားဖြင့်  KNPP  အနေဖြင့် NCA ကို အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေးအတွက် လမ်းပွင့်သွား စေမည်ဖြစ်ပါကြောင်း၊   အဆိုပါ   အစည်းအဝေးများမှတစ်ဆင့်   ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက်လည်း   ရည်ရွယ်ပါကြောင်း၊   မကြာမီ  တွေ့ဆုံ ဆွေးနွေးပွဲများတွင် KNPP အနေဖြင့် အောက်ခြေတွင်တွေ့ရသည့် အခက် အခဲများကို တင်ပြဆွေးနွေးပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာ ကွပ်ကဲမှုအဖွဲ့များက မိမိတို့၏ လုပ်ပိုင်ခွင့်ဘောင်အတွင်း ဆောင်ရွက်ပေး နိုင်သည်များကို ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါကြောင်း၊  သက်ဆိုင်ရာ ပြည်နယ် အစိုးရများ၊ ဒေသကွပ်ကဲမှုအဖွဲ့များ၏ လုပ်ပိုင်ခွင့်ဘောင်အား ကျော်လွန်နေ သည့်အချက်များရှိပါက NRPC သို့ တင်ပြပေးနိုင်ရန်အတွက် မိမိတို့ငြိမ်းချမ်းရေး ကော်မရှင်အနေဖြင့်  ယခုတစ်ကြိမ်တွင်  တက်ရောက်ပါဝင်ဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းကိစ္စရပ်များကို ယခုပြုလုပ်သည့် အစည်းအဝေး တွင် တက်ရောက်လာကြသူများအနေဖြင့်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေး ကြစေလိုပါကြောင်း၊ အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးမှုများ အောင်မြင်လာ သည်နှင့်အမျှ KNPP  အနေဖြင့်  မိမိတို့ ရည်ရွယ်ထားသည့် NCA  စာချုပ်ကို အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရန်အတွက်   ပိုမိုနီးကပ်လာမည်ဟု  ယုံကြည် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဂုဏ်ယူဝမ်းမြောက်

ထို့နောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မိမိတို့ ကယားပြည်နယ်တွင် ယခုကဲ့သို့ အမှန်တတယ်လိုအပ်နေသည့် ငြိမ်းချမ်းရေး အခန်းကဏ္ဍကို ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ် အတွင်းတွင်ရှိသည့် KNPP အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုလို လားလား ခံယူချက်အပြည့်ဖြင့် အပြုသဘောဆန်ဆန် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ် သည့်အပေါ်တွင် ကယားပြည်နယ်၏ကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း၊ မိမိအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် ဖော်ဆောင်စေလိုပါ ကြောင်း။

 ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်များတွင်  တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ  မကြာခဏ လုပ်ဆောင်ခဲ့သော်လည်း အဖြေ မရနိုင်ခဲ့ပါကြောင်း၊ မည်သည့်အတွက် အဖြေမရနိုင်သည်ကို ပြန်လည်သုံးသပ် ရပါက အနာဂတ်ပြည်သူများအရေး၊     နောင်လာနောက်သားများ၏အရေးကို အမှန်တကယ် မြော်တွေးပြီး လုပ်ဆောင်လိုသည့်  စိတ်ဆန္ဒ၊  စေတနာများ ရှိရန် လိုအပ်သည်ဟု ထင်မြင်မိပါကြောင်း၊ မိမိအနေဖြင့် စိတ်စေတနာအပြည့်ဖြင့် ပေါင်းစပ်ညှိနှိုင်းမှုများကို ကြိုးပမ်းဆောင်ရွက်ပါကြောင်း၊ ပြည်နယ်၏ တိုင်းရင်းသား တစ်ယောက်ပီပီ ပြည်နယ်တွင်ရှိသည့်  တိုင်းရင်းသားများ၏  ခံစားချက်ကို နားလည်ပါကြောင်း။

ထို့ကြောင့် မိမိတာဝန်ယူသည့်အချိန်တွင် နိုင်ငံတော်၏မူဝါဒများနှင့်အညီ ပေါင်းစပ်ညှိနှိုင်းမှုများကို ပြုလုပ်နေပါကြောင်း၊ အဆိုပါ ပေါင်းစပ်ညှိနှိုင်းမှုများ တွင် တစ်ဆင့်ချင်းဆောင်ရွက်၍ရသည့်ကဏ္ဍများရှိသကဲ့သို့  ချက်ချင်းဆောင်ရွက်၍ ရသည့်ကဏ္ဍများလည်း ရှိပါကြောင်း၊ အဆိုပါကဏ္ဍများတွင် တိုင်းရင်းသား လက်နက်ကိုင်  အဖွဲ့အစည်းများနှင့်လည်း  တွေ့ဆုံ၍  ၎င်းတို့နှင့်  ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် အမြဲအလေးထားပါကြောင်း၊ ထို့ပြင် KNPP မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း ရင်းရင်းနှီးနှီးတွေ့ဆုံမှုများလည်း လုပ်ဆောင်ပါ ကြောင်း၊ သို့သော် ခရီးမပေါက်သေးသည့် အခြေအနေအားနည်းချက်များကို အမြန်ဆုံးပြင်ဆင်နိုင်ရန် မိမိအနေဖြင့် အားလုံးကို တိုက်တွန်းလိုပါကြောင်း၊ KNPP အဖွဲ့အနေဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့်  ပြန်လည် ဝင်ရောက်လာသူအားလုံးကိုလည်း တစ်နိုင်တစ်ပိုင် ဖြေလျှော့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ   ရရှိရန်တို့အတွက်   တင်ပြသည့်အခါတွင်လည်း မိမိတို့ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းပံ့ပိုးမှုများကို လုပ်ဆောင်ပေး ပါကြောင်း၊ လက်ရှိသွားနေသည့် ပြုပြင်ပြောင်းလဲမှုကဏ္ဍတွင် ရရှိနေသည့် အခွင့်အရေး မူဘောင်အတွင်းမှ တစ်ဆင့်ချင်းသွားစေလိုပါကြောင်း၊ မဖြစ်နိုင် သေးသည်များကို မျှော်မှန်းပြီး ဆောင်ရွက်ပေးစေလိုပါက မိမိတစ်ယောက် တည်းအနေဖြင့် မစွမ်းဆောင်နိုင်ပါကြောင်း၊  အဆိုပါကိစ္စမျိုးရှိခဲ့ပါက   မိမိ အနေဖြင့်  NRPC သို့ တင်ပြ၍ လမ်းòန်မှုခံယူဆောင်ရွက်ရသည့် ကဏ္ဍများလည်းရှိပါကြောင်း၊  ပြည်နယ်တွင်    တစ်ဆင့်ချင်းဆောင်ရွက်၍ရသည့် အနေအထား အများအပြားရှိပါကြောင်း၊ ထိုအပေါ်တွင် KNPP မှ ခေါင်းဆောင် များအားလုံးအနေဖြင့်    နောက်ပိုင်းတွင်   ယခုထက်ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများနှင့်  မှန်ကန်စနစ်ကျသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မည်ဆိုပါက မိမိအနေဖြင့် နွေးထွေးစွာ ကြိုဆိုပါကြောင်း ပြောကြား သည်။

ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ရပ်

ယင်းနောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်က ယနေ့ တွေ့ဆုံဆွေးနွေးပွဲသည် KNPP နှင့် ကယားပြည်နယ် အစိုးရအကြားတွင်  ပုံမှန်ပြုလုပ်နေကြ  လစဉ်အစည်းအဝေး၏  အဆက်ဖြစ်ပါ ကြောင်း၊ KNPP နှင့် အစိုးရအကြား နှစ်ဖက်အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားသည့်ကာလအတွင်း တည်ငြိမ်အေးချမ်းမှုများရှိသကဲ့သို့ အဆင်မပြေမှုများ လည်းရှိပါကြောင်း၊ သို့သော်  အခြားပြည်နယ်များထက် ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို  ထိန်းကျောင်းထားနိုင်သည်ဟု  မှတ်ယူပါကြောင်း၊ တစ်ခါတစ်ရံ အဆင်မပြေမှုများရှိသည်မှာ နှစ်ဖက်အကြားတွင် တာဝန်အရ အပြောင်းအလဲဖြစ်သည့်အပေါ်တွင်  နားလည်မှုအားနည်းခြင်း၊ ကွင်းဆက် မမိခြင်းတို့အပေါ်တွင် အတိမ်းအစောင်းများဖြစ်နေသည်ဟု နားလည်ပါကြောင်း။

ယခင်အစိုးရလက်ထက်ကပင်   လစဉ်ပုံမှန်တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်နှင့် နေ့စဉ်ဖြစ်ပေါ်လာမည့် အဆင်မပြေမှုများရှိပါက ညှိနှိုင်းတိုင်ပင်ပြီး               
အဖြေရှာနိုင်ရန်ရည်ရွယ်၍   လစဉ်အစည်းအဝေးကျင်းပရန်  နှစ်ဦးနှစ်ဖက် သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များကိုလည်းရွေးချယ်ပြီး အပြန်အလှန် အသိအမှတ်ပြုမှု ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ လက်တွေ့တွင် ဖွဲ့စည်းလိုက်သည့် ကော်မတီနှင့် လစဉ်ပုံမှန်အစည်းအဝေးနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း များကို ကြိုတင်မညှိနှိုင်းထားသည့်အတွက် ယခင်က ကျင်းပခဲ့သည့် လစဉ် အစည်းအဝေးများသည် အဆင်မပြေမှုများဖြင့် အဆုံးသတ်သွားပါကြောင်း၊ အပြန်အလှန်နားလည်မှုအားနည်းခြင်းကြောင့် နောက်ပိုင်းတွင်  ပြတ်တောက် သွားခြင်းများရှိပါကြောင်း၊  ပြန်လည်စတင်ရန်အတွက် ယခင်ကရှိခဲ့သည့် ခေါင်းဆောင်များနှင့် ပြန်လည်ညှိနှိုင်းတိုင်ပင်ခဲ့ပါကြောင်း။

လစဉ်တွေ့ဆုံဆွေးနွေး

 သို့သော် အစိုးရပြောင်းလဲပြီးသည့်နောက်တွင် Bilateral Agreement အရသဘောတူထားသည့် အခြေခံအချက်အလက်များအနက် တစ်ချက်အပါ အဝင်ဖြစ်သည့် တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဖြစ်ပေါ်ရေးအတွက် နှစ်ဖက်စလုံးက ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုသည့် အချက်အပေါ်တွင်မူတည်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဖြစ်ပေါ် ရေးအတွက်   ကျန်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ညှိနှိုင်းဆွေးနွေးမှုဖြစ်စေရေးကို ဦးတည်သွားခြင်းမှာ လစဉ်အစည်း အဝေးများကျင်းပရန် လစ်ဟာသွားစေသည့်အကြောင်းတရားတစ်ခု ဖြစ်သည် ဟု နားလည်ပါကြောင်း၊ ထို့ကြောင့် မူလက သဘောတူထားခဲ့သည့် Bilateral Agreement အရ   နှစ်ဖက်ပုံမှန်လစဉ်တွေ့ဆုံဆွေးနွေးသည့်ဖြစ်စဉ်မှ ပြဿနာများကို နှစ်ဖက်သက်ဆိုင်ရာကိုယ်စားလှယ်များက တွေ့ဆုံဆွေးနွေး အဖြေရှာပါက အဆင်ပြေမည်ဟူသည့်လမ်းစကို ပြန်လည်ဆက်ခဲ့ရခြင်း ဖြစ်ပါကြောင်း။

 လစဉ်ပုံမှန်အစည်းအဝေးများတွင် မိမိတို့ဘက်မှ စေလွှတ်လိုက်သည့် ကိုယ်စားလှယ်များသည် ဗဟိုကော်မတီနှင့် အရန်ဗဟိုကော်မတီဝင်များဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများဖြစ်ပါကြောင်း၊ သို့သော် အစည်းအဝေး၏ ဆွေးနွေးမှုပုံသ္ဌာန် ကြိုတင်ညှိနှိုင်းသဘောတူထားခြင်း များ မရှိသည့်အတွက် အဆင်မပြေမှုရှိခဲ့ခြင်းကြောင့် ရလဒ်ကောင်းမထွက်ပါ ကြောင်း၊ ထို့ကြောင့် ယခုတစ်ကြိမ်တွင် NRPC နှင့် ငြိမ်းချမ်းရေးကော်မရှင် တို့မှ ခေါင်းဆောင်ကိုယ်စားလှယ်တချို့နှင့် မိမိတို့အပါအဝင် နှစ်ဖက်ပါဝင် ဝိုင်းရံပြီး လစဉ်ပုံမှန်အစည်းအဝေးကို ပုံစံတကျဖြင့် ဆက်လက်ဖော်ဆောင် သွားရန် ပါဝင်တက်ရောက်ခြင်းဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ကျင်းပသွားမည့် လစဉ်အစည်းအဝေးအတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း။

ကဏ္ဍသုံးခုကို ပြင်ဆင်ထား

ယနေ့အစည်းအဝေးတွင်    မိမိတို့ဘက်မှ   အခြေခံစဉ်းစားသည်မှာ Bilateral Agreement ကို အကြောင်းပြုပြီး  လတ်တလောတွင် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မရေးထိုးခင် အချိန်တွင် ပြည်နယ်အတွင်းတည်ရှိနေသည့် အခြေအနေအပေါ်တွင် မှီတည်ပြီး မိမိတို့ဘက်မှ  ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းအချို့၊ မိမိတို့ဘက်မှ အဆင်မပြေမှုရှိသည့်ဧရိယာများတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိညှိ နှိုင်းနှိုင်း နှစ်ဦးနှစ်ဖက် ကျေကျေလည်လည်နှင့် အဖြေရှာနိုင်ရန် ပြင်ဆင်ထား ပါကြောင်း၊ ပြည်နယ်အစိုးရနှင့်   ဆွေးနွေးရမည့်ကိစ္စရပ်များကို ပုံမှန်အစည်း အဝေးတွင် ဆွေးနွေးမည်ဖြစ်ပြီး  တပ်ပိုင်းဆိုင်ရာကိစ္စကို တပ်ပိုင်းဆိုင်ရာ အကြီးအကဲများနှင့် သီးခြားဆွေးနွေးသွားရန် စဉ်းစားထားပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် ကဏ္ဍသုံးခုကို ပြင်ဆင်ထားပါကြောင်း၊ ပစ်ခတ်ရပ်စဲရေးကာလ တွင် ငြိမ်းချမ်းရေးဖော်ဆောင်မှု အစီအစဉ်အဆုံးမရောက်ခင်  ကြားကာလ အစီအစဉ်သဘောအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို သက်ဆိုင်ရာကိုယ်စားလှယ်များမှ ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းအဖြေရှာရန် ဖြစ်ပါကြောင်း၊ ထို့ကြောင့်  သက်ဆ်ိုင်ရာဌာနအလိုက် တာဝန်ရှိသူများအနေဖြင့်  အစည်းအဝေးအစီအစဉ်အရ ဆက်လက်တင်ပြ ဆွေးနွေးသွားမည့်အပေါ်တွင် အဖြေရှာသွားရန်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့၏  လစဉ်ပုံမှန်အစည်းအဝေး ပြန်လည်ကျင်းပနိုင်ရန်နှင့် ယင်းတွေ့ဆုံ ဆွေးနွေးမည့်အစည်းအဝေးပုံစံကို နှစ်ဖက်ညှိနှိုင်း သဘောတူညီနိင်ရေးကိစ္စ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြသည်။

သဘောတူညီ

အစည်းအဝေးတွင်   ကယားပြည်နယ်အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့၏ ပြည်နယ်အဆင့် လစဉ်ပုံမှန်အစည်းအဝေး ကျင်းပခြင်း ဆိုင်ရာ လုပ်ငန်းလမ်းòန်ကို အတည်ပြုကြပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့်   ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သဘောတူညီကြသည်။

ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)တို့က နိဂုံးချုပ် အမှာစကားပြောကြားကြသည်။

အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် အကြံပေး ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေး၊ ဒေသကွပ်ကဲရေးမှူး (လွိုင်ကော်) ဗိုလ်မှူးချုပ် မျိုးသန့်နိုင်၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ဒေါက်တာအောင်ကျော်ဌေး၊ ဦးမော်မော်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီမှ  ဒုတိယဥက္ကဋ္ဌ  ခူဦးရယ်၊  အမြဲတမ်းဗဟိုကော်မတီဝင်  ဦးဘုန်းနိုင်၊ မော်ဒေးဒေးဖော၊ ခူထဲဘူး၊ ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်၊ ခူညေးရယ်၊ ခူတော်ရယ် (အက်စ်)၊ ခွန်ဧလိယာ၊ အရန်ဗဟိုကော်မတီဝင် လှဂေထူး၊ သဲရယ် ခေးလွီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။    
           
သတင်းစဉ်

No comments:

Post a Comment