Tuesday, May 7, 2019

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပေါ် တာဝန်ရှိ်သူတို့၏ သဘောထားအမြင်

Image may contain: 1 person, eyeglasses


တွေ့ဆုံမေးမြန်း-ဝင်းစန္ဒီ၊ ဇော်ကြီး
ဓာတ်ပုံ- ဇော်မင်းလတ်၊ ရဲထွဋ်


ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို မေ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ   Park Royal Hotel ၌ ကျင်းပသည်။အလုပ်ရုံဆွေးနွေးပွဲကို မေ ၇ ရက်အထိ နှစ်ရက်တာကျင်းပသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊   ပြန်လည်နေရာချထားရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို သက်ဆ်ိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူ များနှင့် ပညာရှင်များက ဆွေးနွေးသွားကြမည်ဖြစ်သည်။


အဆိုပါ   အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ        တာဝန်ရှိပုဂ္ဂိုလ်များနှင့် တက်ရောက်လာကြသူများအား   မြန်မာ့ သတင်းစဉ်မှ  တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည် -

ဒေါက်တာဝင်းမြတ်အေး
ပြည်ထောင်စုဝန်ကြီး
လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့်    ပြန်လည် နေရာချထားရေးဝန်ကြီးဌာန

အစိုးရသစ်စတက်ကတည်းက   ရခိုင် ပြည်နယ်   တည်ငြိမ်အေးချမ်းရေး၊  ဖွံ့ဖြိုး တိုးတက်ရေးကို  ကြိုးစားခဲ့တယ်။   အဲဒီလို ကြိုးစားတဲ့အခါ  အစိုးရအဖွဲ့တက်တက်ချင်း မှာ    ရေရှည်ပဋိပက္ခကင်းဝေးစေဖို့ဆိုတာ အရေးကြီးတဲ့  အချက်ဖြစ်တယ်။   ရေရှည် ပဋိပက္ခကင်းဝေးစေဖို့ဆိုတာ ပဋိပက္ခဖြစ်ပေါ် နေတဲ့ အခြေအနေတွေ၊  တကယ့်အကြောင်း ရင်းတွေကို    ဖော်ထုတ်ပြီးသိရရင်    ပိုပြီး ဆောင်ရွက်နိုင်မယ်။ တိတိကျကျ  တကယ့်ကို စနစ်တကျ   ဆောင်ရွက်နိုင်မယ်လို့   ယူဆ ပြီးတော့ မစ္စတာကိုဖီအာနန်   ကော်မရှင်ကို ဖွဲ့စည်းခဲ့တယ်။ ဖွဲ့စည်းပြီးတဲ့အခါမှာ အကြံ ပြုချက်တွေ ထွက်ပေါ်လာတယ်။  အကြံပြုချက် တွေထဲမှာ  တကယ်ပဲ  ရခိုင်ဒေသအတွက် အကျိုးရှိမယ့်ကိစ္စတွေ၊ နိုင်ငံအတွက် အကျိုး ဖြစ်မယ့်ကိစ္စတွေ ဒါတွေကိုအကောင်အထည်  ဖော်ခဲ့တယ်။

ဒီလို       အကောင်အထည်ဖော်ခဲ့တာ တစ်နှစ်ခွဲလောက်  ရှိသွားပြီ။ ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ရင်   ဒီကော်မရှင်    မပေါ် ကတည်းက အစိုးရအဖွဲ့ဖွဲ့ပြီးပြီးချင်းမှာ ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ ရေရှည်ပဋိပက္ခကင်းဝေးဖို့ကိစ္စကို နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ဗဟိုကော်မတီဖွဲ့ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအကြံပြု ချက်တွေ  ကြည့်လိုက်တဲ့အခါ တကယ်လိုအပ် တဲ့အချက်တွေကို  တွေ့ရှိရတယ်။  ဒါတွေကို ကျွန်တော်တို့က ဆက်ပြီးအကောင်အထည် ဖော်တယ်။

အကောင်အထည်ဖော်နေတဲ့ ကြားမှာပဲ  ပဋိပက္ခတွေက ရှိနေတယ်။ ဒီထက်ပိုပြီးတော့  နယ်မြေလုံခြုံရေးကို   ထိပါးလာတဲ့ကိစ္စတွေ လည်းရှိတယ်။ ဆက်လက်အကောင်အထည် ဖော်မှုနဲ့ပတ်သက်ပြီး     အကြံပြုချက်တွေက တကယ်ပဲ ဒေသအတွက်  အကျိုးရှိမလားလို့ ဆန်းစစ်ကြည့်တော့ အကျိုးရှိနိုင်တဲ့ကိစ္စတွေ အများကြီးတွေ့ရတယ်။ ဒါကြောင့် အခက်အခဲ ကြားက ဆက်လက်ပြီး  အကောင်အထည်ဖော် ခဲ့တယ်။ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးမှာ  အခက် အခဲကြားက အကောင်အထည်ဖော်ခဲ့သလို ၂၀၁၉ မှာလည်း ဆက်လက်ပြီး ကြုံတွေ့ရတဲ့  အခက်အခဲတွေကို ကျော်လွှားပြီး ဆက်လက်  အကောင်အထည်ဖော်ခဲ့တယ်။ ဒီလိုအကောင်  အထည်ဖော်မှုတွေက          ဘယ်လောက် ထိရောက်သလဲ၊   အကျိုးရှိသလဲ၊   ရှေ့ကို ဘယ်လိုဆက်လုပ်မလဲဆိုတာကို  ကျွန်တော် တို့ ပြန်ပြီးသုံးသပ်ဖို့ လိုလာတယ်။ ဒါကြောင့် ဒီအလုပ်ရုံဆွေးနွေးပွဲကို   ကျင်းပတာဖြစ်ပါ တယ်။   တကယ်အကောင်အထည်ဖော်တဲ့ နေရာမှာ          တကယ့်ကိုအရေးကြီးတဲ့ အချက်အလက်တွေ၊   အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး       ရခိုင်ဒေသအကျိုးရှိမယ်။ နိုင်ငံအတွက် အကျိုးရှိမယ့်ကိစ္စတွေကို ပြန်ပြီး သုံးသပ်ဆင်ခြင်တာပါ။         အားလုံးခြုံငုံပြီး သုံးသပ်တဲ့ပွဲဖြစ်ပါတယ်။

IDP နဲ့ပတ်သက်ပြီး   ပြည်တွင်းမှာ နေရပ်စွန့်ခွာတဲ့သူတွေ၊ ဒါက  ရခိုင်တင်မက  ဘူး။ ကချင်မှာလည်းရှိတယ်။ ရှမ်းမှာလည်း ရှိတယ်။ အခြားဒေသတွေမှာလည်း ရှိတယ်။ ရခိုင်မှာလည်း ပြည်တွင်းနေရပ်စွန့်ခွာတဲ့သူတွေရှိလာပြီး ဒီစခန်းတွေက တကယ်တမ်း ဆိုရင်   ယာယီပဲဖြစ်ရမယ်။   တကယ်တမ်း ကိုယ့်ရပ်ကိုယ့်ဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေးက်ို ဆက်လက်ပြီး ဆောင်ရွက်နိုင်ဖို့အတွက်ဆိုရင် ဒီစခန်းတွေက  ရေရှည်မရှိသင့်ဘူး။ တစ်နိုင်ငံ လုံး အတိုင်းအတာအနေနဲ့ ဒီစခန်းတွေကို စနစ်တကျ     အဆင့်မီမီပိတ်သိမ်းရေးဆိုတာ အမျိုးသားစီမံချက်ကြီး       တစ်ရပ်အနေနဲ့ (National Strategy)  ကို  ၂၀၁၈ မှာ ရေးဆွဲခဲ့တယ်။ အခုဆိုရင် ရေးဆွဲတဲ့ မဟာ ဗျူဟာက   ပြီးသွားပါပြီ။    ပြီးသွားတဲ့အခါ လုပ်ငန်းစဉ်တွေ ဆက်လက်အကောင်အထည် ဖော်         ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဘယ်လောက်များသလဲဆိုရင်      ရခိုင်ရော၊ ကချင်ရော၊   ရှမ်းမှာပါရှိတယ်။   အားလုံးနဲ့ ဆိုင်တယ်။    ရခိုင်တစ်ခုတည်းအတွက် ဆောင်ရွက်တာ မဟုတ်ပါဘူး။ ဆက်လက်ပြီး  တော့ ဒီစခန်းတွေကို စနစ်တကျ  ပိတ်သိမ်း နိုင်ရေး၊  စခန်းတွေရှိမယ်ဆိုရင်  စနစ်တကျ တည်ရှိရေး၊ စနစ်တကျ ပိတ်သိမ်းရေး ဒါတွေ က်ို ဆောင်ရွက်နေပါတယ်။

ဦးအောင်ထူး
ဒုတိယဝန်ကြီး
စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန

ရခိုင်ပြည်နယ်အတွင်း  လူသားချင်းစာနာ မှု      အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး    ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD)ရဲ့  ရည်ရွယ်ချက်သုံးခုနဲ့ ပတ်သက်ပြီး    ဒေါက်တာအောင်ထွန်းသက်က ဆွေးနွေးမယ်။    ကျွန်တော်တို့က  စီးပွားရေး ရှုထောင့်ကနေ  ဆွေးနွေးမယ်။    ဟိုဘက်မှာ ရောက်သွားတဲ့ ၄၂ ရာခိုင်နှုန်းက အလုပ်လုပ်  ကိုင်နိုင်တဲ့အရွယ်တွေ ရှိတယ်။    ဒီလူတွေကို ထုတ်လုပ်မှုစွမ်းအားရှိတဲ့   ကုန်ထုတ်လုပ်မှု ဆိုင်ရာ လုပ်သားအင်အားစုအဖြစ် စုစည်း နိုင်ရေး  ဖြစ်ဖို့မှန်းတယ်။  ကျွန်တော်တို့က အလုပ်အကိုင် အခွင့်အလမ်းတွေ   ရှာဖွေ ပေးမယ်ဆိုတာက  ရခိုင်မှာ  နဂိုကတည်းက အလုပ်အကိုင်    အခွင့်အလမ်းတွေရှိတယ်။ ရေနံထုတ်လုပ်တဲ့   လုပ်ငန်းတွေ   ရှိတယ်။ ကျောက်ဖြူစက်မှုဇုန်တွေရှိတယ်။    နောက် တခြားမှာလည်း      စက်မှုဇုန်တွေရှိတယ်။ အဲဒီတော့ အဓိက  ထုတ်လုပ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးစေချင်တယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်း တွေလည်း ဖွံ့ဖြိုးစေချင်တယ်။  အဲဒီလုပ်ငန်း တွေက တိုးတက်လာမယ်။

နောက်တစ်ခုက    ရခိုင်ပြည်နယ်က  တစ်ချိန်တုန်းက ဆန်စပါးအများဆုံး တင်ပို့တဲ့ နေရာ ဖြစ်ခဲ့ဖူးတယ်။  အဲဒီအဆင့်အတန်းမျိုးကို ပြန်ပြီးတော့  ရောက်ချင်တယ်။    ရခိုင်မှာ မစိုက်ပျိုးနိုင်တဲ့မြေ၊   မြေဩဇာကောင်းတဲ့ မြေတွေ အများကြီးရှိတယ်။  ငါးလုပ်ငန်းတွေ၊ ငါးမွေးတဲ့လုပ်ငန်းတွေ   ပြန်လည်တိုးတက် စေချင်တယ်။  ဖြစ်နိုင်ရင်   စက်မှုကုန်ချော ထုတ်လုပ်တဲ့ အလုပ်အကိုင်အများကြီး ဖန်တီး ပေးနိုင်တဲ့ အထည်ချုပ်လုပ်ငန်းတွေ၊ မွေးမြူ ရေးလုပ်ငန်းတွေလုပ်စေချင်တယ်။   ရခိုင် ပြည်နယ်က   စစ်တွေဆိုရင်  နိုင်ငံတကာ ဆိပ်ကမ်းဆိုတော့    ရခိုင်ကမ်းရိုးတန်းမှာ ဆိပ်ကမ်းတွေပြန်ပြီး ဖြစ်စေချင်တယ်။ အဲဒါ ဆိုရင်        စစ်တွေကနေ    အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားကို  ချိတ်လို့ရတယ်။  နောက် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် ပြည်နယ်က ဝိသာခါပါတနမ်     (Visakhapatnam)နေရာမျိုးကို  ချိတ်လို့ရတယ်။  အရင်တုန်းက မက်ဒရစ်ကို ချိတ်လို့ရတယ်။ အဲဒါမျိုးချိတ်ရင် ရခိုင်မှာ စီးပွားရေးအခွင့်အလမ်းက ပြန်ပြီးဖြစ် လာမယ်။  ဒီလူတွေလည်း  အသုံးချလို့ရမယ် ဆိုတဲ့ သဘောမျိုးဆွေးနွေးမှာပါ။

မနက်က  ကိုဖီအာနန်ကော်မရှင်မှာပါတဲ့ Lord Darzi  က ပြောသွားတာရှိတယ်။ International  Community   ကို မြန်မာနဲ့ဆက်ပြီး ပူးပေါင်းပါ။ ပူးပေါင်းတဲ့အခါ အထောက်အပံ့တွေပေးပါ။ ဒါမှလည်း ရခိုင်က  တိုးတက်လာမယ်။ ရခိုင်တိုးတက်ရင် မြန်မာ နိုင်ငံလည်း တိုးတက်လာမယ်လို့ ပြောပါတယ်။ ဒီနေ့ ဆွေးနွေးပွဲမှာ သံတမန်တွေ တက်ရောက် လာတာကြောင့် သူတို့အနေနဲ့ မြန်မာနိုင်ငံက ကိုဖီအာနန်ကော်မရှင်ရဲ့     အစီရင်ခံစာကို ဆက်ပြီး    အကောင်အထည်ဖော်နေတယ် ဆိုတာ သူတို့သိသွားမယ်။ ပြီးတဲ့အခါ သူတို့နဲ့ ကျွန်တော်တို့  ပူးပေါင်းဆောင်ရွက်လုပ်နိုင်မယ့် အနေအထားမျိုးရှိလာမယ်။

ဒေါက်တာအောင်ထွန်းသက်
ညှိနှိုင်းရေးမှူးချုပ်
ရခိုင်ပြည်နယ်အတွင်း    လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း
(UEHRD)

ရခိုင်ရဲ့     အရေးကြီးမဟာဗျူဟာကို ဖြေရှင်းနိုင်ဖို့ ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်း  ခဲ့တယ်။ ကုလသမဂ္ဂမှာ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့သူနဲ့ Lord  အဖွဲ့တွေပါ တယ်။  နောက်တိုင်းရင်းသားတွေပါတယ်။ ဒီကော်မရှင်ကြီးဖွဲ့ပြီးတော့ ကော်မရှင်လုပ်ရပ်  တွေအားလုံးကို အနှစ်ချုပ်အနေနဲ့ အချက် အလက်တွေ  အကြံပြုခဲ့တယ်။   နိုင်ငံတော် အစိုးရအနေနဲ့   အဲဒီအကြံပြုချက်တွေကို ပီပီပြင်ပြင်ဖြစ်အောင် အကောင်အထည်ဖော် တဲ့ကော်မတီဆိုပြီး  ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့   ကော်မတီဖွဲ့ပြီး   ဆောင်ရွက် တယ်။  အဲဒီလို    ဆောင်ရွက်ချက်တွေကို ပြန်ပြီးသုံးသပ်တာကို ပြုလုပ်တဲ့ပွဲပါ။ အဲဒီလို သုံးသပ်တဲ့အခါ အရှိကို အရှိအတိုင်း  သုံးသပ် ကြမယ်။ အကြံပြုတာတွေရှိမယ်။  လုပ်စရာ တွေ     လိုသေးတာလည်း    ကျန်ဦးမယ်။ ကိုဖီအာနန်ရဲ့  ကော်မရှင်အကြံပြုချက်ထဲမှာ ဒါတွေကို   ပြန်လုပ်ဖို့ဆိုရင်   အခြေခံသုံးခု ရှိတယ်။ လူသားချင်းစာနာမှုရယ်၊ ပြန်လည် နေရာချထားရေးရယ်၊ ရေရှည်အတွက် ဖွံ့ဖြိုး ရေးရယ်ဆိုပြီး    လုပ်ရပ်သုံးခုကို    အကောင် အထည်ဖော်ဖို့ပါ။

နိုင်ငံတော်၏   အတိုင်ပင်ခံပုဂ္ဂိုလ်က UEHRD  ဆိုပြီး  ဖွဲ့လိုက်တော့   ဆရာက ညှိနှိုင်းရေးမှူးချုပ်    တာဝန်ယူထားတယ်။ အခုပွဲမှာ UEHRD ရဲ့ လုပ်ရပ်တွေကို တင်ပြ  ဖို့ရှိတယ်။ အဓိပ္ပာယ်က  ဒီအကြံပေးတာတွေ အားလုံးကို အစိုးရက တကယ်လိုလိုချင်ချင် ဘယ်လိုတုံ့ပြန်တယ်ဆိုတာ တင်ပြဖို့၊ဆွေးနွေး  ဖို့ရှိတယ်။   အတွင်းပိုင်း၊     အပြင်ပိုင်း ဒီသုံးသပ်ချက်ကို  မူတည်ပြီးတော့  ဆရာတို့ အားသာချက်တွေရှိမယ်။    လုပ်စရာတွေ ကျန်သေးတာတွေကို        ဖော်ထုတ်မယ်။ အားသာချက်တွေကို အခြေခံပြီးတော့ ဒီထက်  ကောင်းအောင်  ဘယ်လိုလုပ်မလဲ၊ လုပ်စရာ တွေ  ကျန်သေးတာကို   ဘယ်လိုကိုင်တွယ် မလဲဆိုတာ     ဒါကတစ်ပိုင်း၊   ပြီးတော့မှ နိုင်ငံတကာကလည်း     ဒါကို    သိပြီးရင် ပြည်တွင်းမှာသာမက   နိုင်ငံတကာ   အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါ တယ်။ 

ဦးညီပု
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်

  ရခိုင်ပြည်နယ်အတွက်   ဒီကော်မရှင်က အများကြီးအထောက်အကူပြုပြီး    အကျိုး ဖြစ်ထွန်းမယ်လို့   ကျွန်တော်တို့    ယုံယုံ ကြည်ကြည်နဲ့ မျှော်လင့်ပါတယ်။ ဒီကော်မရှင်  အနေနဲ့ပတ်သက်ပြီး  အစီရင်ခံစာ အကောင် အထည်ဖော်ရေးအပိုင်းကလည်း  နောက်ဆုံး အပိုင်းလောက်ဖြစ်လာပါပြီ။     ဒီအပေါ် အကောင်အထည်ဖော်ရေး အချက်အလက် တွေ၊ အကောင်အထည်ဖော်နိုင်တဲ့ လုပ်ငန်း တွေက  တော်တော်အားရစရာ  ကောင်းပါ တယ်။

ဒါတွေနဲ့ပတ်သက်လို့    ကျွန်တော်တို့ သာမက နိုင်ငံတကာအမြင်နဲ့  ပတ်သက်လို့ ဒီအခြေအနေတွေကို  မှန်မှန်ကန်ကန်သိသွား တဲ့ အနေအထားဖြစ်မယ်ဆိုရင်  နိုင်ငံတကာ အတွက် အင်မတန်ကောင်းတဲ့အနေအထား တွေပါ။   ကျွန်တော်တို့   ပြည်နယ်အတွက် အားလုံးက ဒီထက်ပိုပြီးတော့ အခြေအနေတွေ ကို မှန်မှန်ကန်ကန်သိသွားပြီး  နောက်ထပ် လုပ်ရမယ့်   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ကို  ယခင်အနေအထားထက်ပိုပြီး   ပြည်သူ တွေရဲ့ လူမှုဘ၀တွေကို ကောင်းမွန်တဲ့  အနေ အထားတွေဖြစ်လာအောင်       အားလုံးက   ဝိုင်းဝန်းလုပ်ဆောင်ကြမယ်ဆိုရင်      ပိုပြီး ကောင်းမွန်တဲ့   အနေအထားတွေဖြစ်လာ လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့  သုံးသပ်ပါ တယ်။ ဆွေးနွေးပွဲမှာ ထပ်မံညှိနှိုင်းတာတွေ  ရှိလာနိုင်တဲ့          အနေအထားရှိပါတယ်။ နောက်ဆုံးအနေနဲ့  အကောင်းဆုံးဖြစ်အောင်  အချောသတ်ပြီးတော့  အစီရင်ခံစာအောင်မြင် တဲ့ အနေအထားအထိ  လုပ်ဆောင်ဖို့ပဲရှိပါ တယ်။

ဦးကိုလေးဝင်း
ညွှန်ကြားရေးမှူးချုပ်
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန

ရခိုင်ပြည်နယ်ရဲ့ ပညာရေးတိုးတက်ဖို့နဲ့ ပတ်သက်ပြီး       ပညာရေးဝန်ကြီးဌာနက လုပ်ဆောင်နေတာတွေ  အများကြီးရှိပါတယ်။ ကလေးတွေအားလုံး   ပညာသင်ယူဖို့အခွင့်  အလမ်းတွေ   ပိုမိုရရှိလာစေဖို့၊   ကလေးတွေ တစ်ဦးနဲ့တစ်ဦး   ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် သင်ယူစေဖို့၊     ကျောင်းတွေ    လိုအပ်ရင် ဆောက်လုပ်ပေးဖို့၊    အားကစားပစ္စည်းတွေ  လိုအပ်ရင် ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။  နောက် အဆင့်မြင့်ပညာကဏ္ဍမှာလည်း    အဝေးသင် ပညာရေးရုံးတွေဖွင့်လှစ်ပြီး  ဘူးသီးတောင်၊ မောင်တော၊ သက္ကယ်ပြင်နဲ့ သံတွဲမြို့တွေမှာ စီမံကိန်းတွေ လုပ်ဆောင်ပေးနေပါတယ်။

နောက်ပြီး  နည်းပညာ၊   သက်မွေးပညာ လေ့ကျင့်ရေးနဲ့ပတ်သက်ရင်လည်း   ဒီဌာန တွေမှာ မော်တော်ယာဉ်ပြင်ဆင်ရေး၊ အင်ဂျင် စက်ပိုင်းပြုပြင်ရေးနဲ့   ဂဟေဆော်သင်တန်း  တွေစတဲ့  အခြေခံလေ့ကျင့်သင်ကြားရေး လူထုအခြေပြု လုပ်ငန်းတွေအနေနဲ့ ဆောင် ရွက်နေပါတယ်။  အခြေခံကျတဲ့  ပညာရေး လုပ်ငန်းအနေနဲ့    စာတတ်မြောက်ရေး လှုပ်ရှားမှုကို        ဆောင်ရွက်နေပါတယ်။ ပညာရေးတိုးတက်ဖို့အနေနဲ့လည်း JICA၊ နိပွန်ဖောင်ဒေးရှင်းစတဲ့    အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး  လာမယ့် ဒီဇင်ဘာ ၁၅ ရက်အထိ ကျောင်းတွေဆောက်လုပ်တာ၊  အိမ်သာတွေ ဆောက်လုပ်တာတွေ   လုပ်ဆောင်ဖို့   ရှိပါ တယ်။ အမျိုးသားပညာရေးမဟာဗျူဟာ စီမံ ကိန်းအနေနဲ့   ရန်ပုံငွေတွေ    ပိုပြီးရရှိအောင်  လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားဖို့  ရှိပါတယ်။   ဒီဆွေးနွေးပွဲမှာ   ပြည်ထောင်စု ဝန်ကြီးက ဒါတွေကိုတင်ပြတဲ့အခါ ဖွံ့ဖြိုးရေး  မိတ်ဖက်အဖွဲ့အစည်းတွေရဲ့  မေးမြန်းချက်  တွေကိုလည်း ဖြေကြားသွားဖို့ ရှိပါတယ်။

ဒေါက်တာကိုကိုနိုင်
ဘေးအ္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်   ပြန်လည် နေရာချထားရေးဝန်ကြီးဌာန

ဒီနေ့မနက်ပိုင်းမှာတော့  ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီး     ဦးဆောင်ပြီးတော့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို   အကောင်အထည်ဖော်မှုနဲ့    ပတ်သက်ပြီး ပြန်လည်သုံးသပ်ဆွေးနွေးတာပါ။  ကျွန်တော့် အနေနဲ့ကတော့     ခြုံငုံသုံးသပ်မှုအနေနဲ့  ဆွေးနွေးတယ်။      ကိုဖီအာနန်အစီရင်ခံစာ မှာပါတဲ့ ၈၈  ချက်ထဲက   ဘာတွေလုပ်နိုင်ခဲ့ သလဲ။ ဘယ်အဆင့်အထိ       ရောက်နေသလဲ။ ဒါတွေကို ကျွန်တော့်အနေနဲ့  ခြုံငုံသုံးသပ် ဆွေးနွေးခဲ့ပါတယ်။ ဒါတွေဟာလည်း ရှေ့ဆက် ပြီးတော့  လုပ်ဆောင်သွားရမယ့်အလုပ်တွေ ပါ။  အကုန်လုံးကတော့   လက်ရှိဆောင်ရွက် နေတဲ့  လုပ်ငန်းစဉ်တွေပါပဲ။   ပါဝင်ဆွေးနွေး သူတွေရဲ့ အကြံပြုချက်တွေကိုလည်း မှတ်ထား ပါတယ်။    ဆက်လက်   ဆွေးနွေးသွားမယ့် သီးခြား Section တွေလည်း   ရှိပါတယ်။ ကျန်းမာရေး၊ ပညာရေး၊  လူမှုပေါင်းစည်းရေး၊ UEHRD  အကြောင်းတွေကို ဆွေးနွေးကြ မယ်။ ဒါတွေအားလုံးဟာလည်း  ပြန်လည် သုံးသပ်မှုလုပ်တာဆိုတော့ အကြံပြုတာတွေ၊  မှတ်ချက်ပြုတာတွေကို     ကြည့်ရမှာပါ။ ဒါမှလည်း    ရှေ့ဆက်ပြီးဘယ်လိုလုပ်သွား ရမယ်ဆိုတာကို ထည့်သွင်းစဉ်းစားလို့ရမှာပါ။ ရခိုင်အရေးက ကျွန်တော်တို့တိုင်းပြည်အတွက် အရေးကြီးပါတယ်။  အားလုံးပါဝင်ကြရမှာပါ။ အခုဆွေးနွေးပွဲဟာ  အကျိုးရှိမှာပါ။  ပါဝင် ဆွေးနွေးကြတဲ့  သူတွေကလည်း  သူတို့ရဲ့ နေရာတွေအလိုက် အတွေ့အကြုံရှိတဲ့သူတွေ ပါ။  သူတို့တွေဆီက   မှတ်ချက်တွေ၊ အကြံ ပြုချက်တွေကို ကြိုဆိုရမှာပါ။

ဦးဝင်းမြ
မြန်မာနိုင်ငံ     အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ

ရခိုင်ကိစ္စ  အကြံပြုချက်တွေနဲ့ပတ်သက် ပြီး  အကောင်အထည်ဖော်မှုအနေအထားကို ဆွေးနွေးမှာဖြစ်တဲ့အတွက်ကြောင့် ဒီဆွေးနွေး  ချက်ကနေပြီးတော့    နောက်ဆုံးဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေတွေ၊ တကယ်လို့ အခက်အခဲတွေရှိရင်လည်း  အဲဒီအခက်အခဲ တွေကို  ဘယ်လိုဖြေရှင်းဆောင်ရွက်ကြမယ် ဆိုတဲ့ အနေအထားတွေကို  သိရှိနိုင်မယ်လို့ ထင်ပါတယ်။    ကျွန်တော့်အနေနဲ့ကတော့ ခြုံငုံသုံးသပ်မှုဆွေးနွေးတဲ့  သူအနေနဲ့  ပါဝင် မှာပါ။  အဓိကဆွေးနွေးမယ့်    သူကတော့ ဒေါက်တာကိုကိုနိုင်ပါ။    သူဆွေးနွေးသွားတဲ့ အပေါ်မှာ  မူတည်ပြီးတော့  ကျွန်တော်က အခြေပြုဆွေးနွေးသွားရမယ့်  အနေအထား မျိုးဖြစ်ပါတယ်။    ဆွေးနွေးမှုရှိမှသာလျှင်  ပြဿနာတစ်ခုရဲ့အဖြေကို   ရနိုင်မှာဖြစ်တဲ့ အတွက် ရလဒ်တစ်ခုရရေးအတွက်  ဦးတည် သွားနိုင်လိမ့်မယ်လို့    မြင်ပါတယ်။   အဲဒီ သဘောနဲ့ပဲ   ကျွန်တော်တို့လည်း   ပါဝင် ဆွေးနွေးမှာဖြစ်ပါတယ်။    ဆွေးနွေးတယ် ဆိုရာမှာ     အမြင်မျိုးစုံကိုသိရှိရတဲ့အတွက် ရလဒ်တစ်ခုကတော့        အမြဲရမှာပါ။ ဘယ်လောက်    အတိုင်းအတာအထိရမယ် ဆိုတာကတော့ ဆွေးနွေးမှုတွေကို နားထောင် ပြီးမှပဲ သိနိုင်မှာဖြစ်ပါတယ်။  ရည်ရွယ်ချက် ကတော့      ရလဒ်ကောင်းရအောင်ဆိုတဲ့ သဘောနဲ့ လုပ်တာပဲဖြစ်ပါတယ်။

ဦးလွင်ဦး
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး

မြန်မာနဲ့  ဘင်္ဂလားဒေ့ရှ်   သံတမန် ဆက်ဆံရေးဟာ ၁၉၇၂ ခုနှစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ အချိန်ကတည်းက စခဲ့တာပါ။  မြန်မာက  ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးကို အသိအမှတ်ပြုတဲ့အစောဆုံး ငါးနိုင်ငံထဲမှာပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးဟာ  နှစ်နိုင်ငံမိတ်ဝတ် မပျက်ဆက်ဆံရေးနဲ့ သမိုင်းစဉ်တစ်လျှောက် တောက်လျှောက် ရင်းနှီးမှုရှိခဲ့တဲ့  မိတ်ဆွေ နိုင်ငံတွေဖြစ်ပါတယ်။  ဒါကြောင့်  နှစ်ဖက် စလုံးက  နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်စေဖို့ ကြိုးစားနေကြတယ်။ ဒီဆွေးနွေးပွဲကတော့ အခြားတစ်ဖက်ကလည်း  အဓိကရှိနေတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ဘယ်လို နှစ်ဦးနှစ်ဖက်   အကျိုးရှိစွာနဲ့   ချောချော မောမော       ကျော်ဖြတ်နိုင်မလဲဆိုတာကို အဖြေရှာတာဖြစ်လို့  အထူးကို  အကျိုးရှိလိမ့် မယ်လို့ ယူဆပါတယ်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့   မြန်မာသံအမတ် ကြီး တစ်ဦးအနေနဲ့လည်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကောင်းမွန်ပြီးတော့ ဒီထက်ပိုပြီး ကူးလူးဆက်ဆံမှုတွေရှိဖို့ အမြဲတမ်းကြိုးစား  သွားမှာဖြစ်ပါတယ်။

ဦးညီငြိမ်းအေး
ရခိုင်ပြည်နယ်အတွင်း   လူသားချင်းစာနာမှု
အကူအညီအထောက်အပံ့ပေးရေး၊
ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း
(UEHRD ) စီမံခန့်ခွဲမှုအရာရှိချုပ်

ရခိုင်အရေးကိစ္စဟာ မြန်မာနိုင်ငံရဲ့အရေး အကြီးဆုံးကိစ္စတစ်ခုထဲမှာပါပါတယ်။ အခုလို ဆွေးနွေးပွဲတွေကနေတစ်ဆင့်  ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်  ဘယ်လိုတွေ လုပ်ဆောင်လို့ရတယ်။  လူသားချင်းစာနာ ထောက်ပံ့မှုတွေ    ဘယ်လိုဆောင်ရွက်လို့ ရတယ်ဆိုတာတွေ ပိုပြီးသိမြင်လာနိုင်ပါတယ်။ UEHRD ရဲ့   အဓိကဆောင်ရွက်မှုအပိုင်း ကတော့ လူသားချင်းစာနာထောက်ထားရေး၊ ပြန်လည်နေရာချထားရေး၊ ရခိုင်ဒေသဖွံ့ဖြိုး  တိုးတက်ရေးတို့ဖြစ်ပါတယ်။    အဲဒါတွေကို နိုင်ငံတကာ  အဖွဲ့အစည်းတွေ၊  အခြားသော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေနဲ့ ဘယ်လို မျိုး ပေါင်းစပ်ပြီး ကူညီဆောင်ရွက်လို့ရလဲ ဆိုတာကို  ကျွန်တော်တို့က    ကြိုးပမ်းနေတဲ့ အခါမှာ   အခုလို    ပြန်လည်သုံးသပ်မှုတွေ လုပ်တဲ့အချိန်မှာ ဘာတွေဆက်လုပ်လို့ရတယ်  ဆိုတာ    လေ့လာပြီးတော့   ကျွန်တော်တို့ လုပ်ငန်းအစီအစဉ်တွေ ချသွားလို့ရမှာဖြစ်ပါ တယ်။ UEHRD  မှာဆိုရင်   အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍနဲ့  ပေါင်းစပ်ထားပြီး   ပူးတွဲ ဆောင်ရွက်နေတာပါ။   ဒါကြောင့်    ရခိုင် ကိစ္စဟာ အစိုးရတစ်ခုတည်းတင်မဟုတ်ပါဘူး။ တိုင်းသူပြည်သားတွေနဲ့လည်း  ဆိုင်တယ်။ ပုဂ္ဂလိကနဲ့လည်းဆိုင်တယ်။    လူသားချင်း အနေနဲ့လည်း ဆိုင်တယ်။ ဒါကြောင့် လူသား ချင်းစာနာထောက်ထားရေး၊  ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးတွေကို     လုပ်ခြင်းအားဖြင့် တိုင်းပြည်အတွက် အကျိုးရှိစေမယ့်အရာတွေ ဖြစ်ထွန်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

No comments:

Post a Comment