Sunday, May 19, 2019

ကဆုန်လပြည့်နေ့ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ ညောင်ရေသွန်းလောင်းသူများဖြင့် စည်ကား


Image may contain: 2 people, crowd and outdoor



ရန်ကုန် မေ ၁၈

ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံ ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားစေတီများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် စည်ကားများပြားလျက်ရှိ သည်ကို တွေ့ရသည်။
ကဆုန်လပြည့်နေ့ ထူးခြားချက်မှာ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်းဆိုသည်နှင့်အညီ သုံးလောက ထွတ်ထား သဗ္ဗညုမြတ်စွာဘုရား ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင် တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံသော နေ့ဟူသည့် ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဟု ခေါ်ဆိုကြသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့်နေ့၌ ပရိဘောဂ စေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ရှိကြသည်။ ဗောဓိပင်သည် သဗ္ဗညုတဉာဏ်တော်ကို ရ၍ ဘုရားဖြစ်တော် မူရာ ဌာနဖြစ်ခြင်းကြောင့် ဖွားဖက်တော် ခုနစ်ပါးတွင် စာရင်းဝင် သည့် ထူးခြားသောသစ်ပင်ဖြစ်သည်။ မြတ်စွာဘုရားနှင့် တိုက်ရိုက် ဆက်စပ်နေ၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်အလာကို ခေတ်အဆက်ဆက်ကပင် ကျင်းပခဲ့သည်။
မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော် များတွင် ကဆုန်ညောင်ရေသွန်းပွဲကို ရိုးရာပွဲတော်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ သဘင်များကျင်းပခြင်း၊ ဘုရား ကျောင်းကန်များသို့သွား၍ ဒါန၊ သီလ၊ ဘာ၀နာပြုခြင်းများဖြင့် ကုသိုလ်ကောင်း မှု ပြုကြသည်။
ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၆) ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကို ယနေ့နံနက် ၅ နာရီမှစတင်၍ ကျင်းပရာ ဂေါပက အဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်း အဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်း များဖြင့် ကပ်လှူပူဇော်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော်ဩဝါဒါ စရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာ တော်များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှ စတင်၍ ဂေါပကအဖွဲ့ဝင် များ၊ ဝန်ထမ်းများနှင့် ဘာသာရေးဝတ် အသင်းအဖွဲ့များက ညောင်ရေအိုးများ ကိုယ်စီကိုင်ဆောင်ပြီး စေတီတော်မြတ် ကြီးအား လက်ယာရစ် လှည့်လည်ပူဇော် ပြီး စေတီတော်ရင်ပြင် အအင်္ဂါ ထောင့်ရှိ မဟာဗောဓိညောင်ပင်၌ ဩဝါဒါစရိယ ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေက အနေကဇာတင်လှူကြသည်။
ဆက်လက်၍ နိုင်ငံတော်ဩဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂ္ထဝါစက ပဏ္ဍိတ ရန်ကင်း မြို့နယ် မဟာဓမ္မိကာရုံ ပရိယတ္တိ စာသင် တိုက် ကျိုက်ပိကျောင်းဆရာတော် ဘဒ္တဂုဏေသနထံမှ ဂေါပကအဖွဲ့ဝင်များ နှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့် ကျ သဘာပတိ ဦးထွန်းထွန်းဦးက ဗောဓိရုက္ခဥဒက ပူဇာမင်္ဂလာစာတမ်းလွှာ ဖတ်ကြား လျှောက်ထားပြီး လှူဖွယ်ဝတ္ထု များ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်ဩဝါဒါ စရိယ အဂ္ဂမဟာပဏ္ဍိတ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္တတိလောကာဘိဝံသထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် ဩဝါဒါစရိယ ဆရာတော် ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာ ရေး ဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာ ပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။
မဟာဝိဇယစေတီတော်
အလားတူ မဟာဝိဇယစေတီတော် မြတ်ကြီး (၃၃) ကြိမ်မြောက် ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စေတီ တော်ရင်ပြင်အတွင်းရှိ ဗောဓိညောင်ပင်၌ ကျင်းပရာ ရှေးဦးစွာ ''ဇယောဟိ ဗုဒ္ဓဿ'' ဂါထာတော် ရွတ်ဆို၍ ဂေါပကအဖွဲ့ဝင် များ၊ ဘာသာရေးဝတ်အသင်းများ၊ ဘုရား ဖူးလာ ပြည်သူများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။
ဗိုလ်တထောင်စေတီတော်
ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် စေတီတော် ရင်ပြင်အတွင်း၌ကျင်းပရာ ဗိုလ်တထောင် စေတီတော်မြတ် ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်း မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ သဒ္ဓမ္မ ဇောတိက ဓဇ ဆရာတော် ဘန္တမေဒါနန္ဒ ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်အရှင်သူမြတ် များထံမှ ပရိတ်တရားတော်များ နာယူ ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ ခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားပြီး ဆရာတော် ဘဒ္တမေဒါနန္ဒထံမှ ဩဝါဒ ကထာနှင့် အနုမောဒနာတရားများ နာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြ သည်။
ထို့နောက် ဩဝါဒါစရိယဆရာတော် ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာ ရေး ဝတ်အသင်းများနှင့် ဘုရားဖူးလာ ပြည်သူများက ဗောဓိညောင်ပင်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြ သည်။
သီရိမင်္ဂလာက္ဘာအေးစေတီတော်
အလားတူ သီရိမင်္ဂလာက္ဘာအေး စေတီတော်မြတ်ကြီး အဂ¯ထောင့်ရှိ မဟာဗောဓိပင်၌ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းမှစတင်၍ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဆရာ တော်ကြီးများက အနေကဇာတင်လှူ ပူဇော်ပြီး ညောင်ရေသွန်းလောင်း ပူဇော် ကြသည်။
ဆက်လက်၍ စေတီတော်ဂေါပက အဖွဲ့ဝင်များနှင့် ဝတ်အသင်း ၂၃ သင်းတို့မှ အသင်းသား အသင်းသူများ၊ အလှူရှင် လေးကျွန်းသူ ဖောင်ဒေးရှင်းအဖွဲ့မှ စေတနာရှင် အလှူရှင်များက ကဆုန် ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။
ကျိုက်ဝိုင်းစေတီတော်
အလားတူ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီ တော်မြတ်ကြီး၌ ယနေ့နံနက်ပိုင်းတွင် စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အောင်ဗိမာန် ကျောင်းတိုက် ဆရာတော် ဘဒ္တအာစရထံမှ ပရိသတ်က ရှစ်ပါး သီလခံယူကြပြီး ဆရာတော် သံဃာတော် များက ပရိတ်တရားတော်များ ရွတ်ပွား ပူဇော်ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြ သည်။
ထို့နောက် ဆရာတော်ကြီးများ ဦးဆောင်၍ ပရိသတ်များက စေတီ တော်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်၍ အင်္ဂါ ထောင့်ရှိ မဟာဗောဓိပင်အား ညောင်ရေ သွန်းလောင်းကြသည်။
ယင်းနောက် ဝတ်အသင်းအဖွဲ့များက မဟာဗောဓိဒုမေနာထော စသော ဂါထာ ဖြင့် ရွတ်ဆိုပူဇော်ခြင်း၊ စေတီတော် အလှည့်ကျဂေါပက ဦးထွန်းက ကဆုန် ညောင်ရေသွန်း ပူဇော်ခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ဇယန္တောဗောဓိ ယာမူလေ စသော ငါးဂါထာဖြင့် ဆုတောင်းပတ္ထနာရွတ်ဆိုကြခြင်း၊ မေတ္တာ ပို့ ဆုတောင်းအမျှပေးဝေကြခြင်းနှင့် မဟာဗောဓိညောင်ပင်ကို ညောင်ရေ သွန်းလောင်း ပူဇော်ကြကာ ညနေပိုင်း တွင် အလှူရှင်များက စတုဒိသာ အကျွေး အမွေးများဖြင့် ကောင်းမှုကုသိုလ်ပြုကြ သည်။
စွယ်တော်မြတ်စေတီတော်
ထို့အတူ မရမ်းကုန်းမြို့နယ် ဓမ္မပါလ ကုန်းတော်တွင် တည်ထားကိုးကွယ်သော ၀ရဒါဌာဓာတုစေတိယ စွယ်တော်မြတ် စေတီတော်ကြီး၏ (၂၁) ကြိမ်မြောက် ညောင်ရေ သွန်းလောင်းပွဲအခမ်းအနား ကျင်းပရာ ဆရာတော် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြ ကာ ကန်ဦးဇေတဝန်ကျောင်းမှ တိုက်အုပ် ဆရာတော်ကြီးထံမှ ပရိသတ်များက ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့ များက ဗောဓိညောင်ပင်အား ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။

ရီရီမြင့်

No comments:

Post a Comment