Sunday, May 19, 2019

ဘာကို ဘယ်လိုတန်ဖိုးထားကြသည်လဲ ...


မြန်မာ့အလင်းအယ်ဒီတာအာဘော်



လူတို့၏ ဘ၀အခြေအနေ၊ ဖြတ်သန်းခဲ့ရသည့် ပတ်ဝန်းကျင်နှင့် အနေ အထား၊ အသိဉာဏ်ပညာတို့အပေါ်မူတည်၍ တန်ဖိုးထားမှုချင်း မတူညီကြ၊ တန်ဖိုးထားမှု အတိမ်အနက် ကွာခြားကြလေ့ရှိ၏။
သစ်ပင်ကြီးတစ်ပင်ကို ထင်းအဖြစ်ခုတ်ယူ အသုံးပြုဖို့သာ တွေးထင် ယူဆသူလည်း ရှိသည်။ နိုင်ငံခြားသို့ သစ်အလုံးလိုက် ပို့လိုက်လျှင် ရမည့် နိုင်ငံခြားငွေကို မြင်ယောင်သူတို့ကလည်း မြင်ယောင်ကြမည်။ အနှီ သစ်ပင်ကိုပဲ ခွဲစိတ်ကာ ပရိဘောဂများ သို့မဟုတ် အချောထည်များ ပြင်ဆင်လိုက်လျှင် တိုးပွားကြီးမြင့်လာမည့် တန်ဖိုးကို သိနေသူကလည်း သိနေမည်။ ဒါတင်မက သည်သစ်ပင်ကြီးကို ပန်းပုထုကာ အနုလက်ရာများ ဖြင့် ဖန်တီးပြုပြင်လိုက်လျှင် မည်မျှလောက်အထိ နိုင်ငံတကာအလယ်တွင် တင့်တယ်တန်ဖိုးရှိလိုက်မည်လဲဟု နားလည်သူလည်း ရှိမည်။


သည်သစ်ပင်ကြီးပါပဲ.. အနှီသစ်ပင်ကြီးပါပဲ။ သည်သစ်ပင် တစ်ပင် ရှိနေခြင်းကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မှုနှင့် ဂေဟစနစ်ကို မည်မျှ အထောက်အကူပြုနေသည်၊ သည်ဒေသတစ်ခုလုံး၏ ရာသီဥတုထိန်းညှိမှု အင်အားကို မည်မျှအားပေးကူညီနေသည်၊ သည်သစ်ပင်ကြီးက ပေးနေ သည့် အရိပ်အာဝါသက နှစ်ပေါင်းများစွာ မည်ရွေ့မည်မျှ အကျိုးပြုနေမည် စသည်တို့ကိုမူ ရေရှည်သိမြင် မြော်မြင်နိုင်စွမ်းရှိသူတို့ကသာ တန်ဖိုးထား သိမြင်ကြလိမ့်မည်ဟု တွေးမိပါသည်။


တန်ဖိုးထားတတ်သူတို့၏ လက်ထဲတွင်ရှိနေသည့် တန်ဖိုးထားအပ် သော ရတနာများသည်သာ တန်ဖိုးကြီးမြင့်နေမည်ဖြစ်ပြီး တန်ဖိုးကို နားမလည်တတ်သူများအဖို့ လက်ငင်းရောင်းစားလျှင်ရမည့် ငွေကြေး ပမာဏနှင့် ကိန်းဂဏန်းကိုသာ သိမြင်နေကာ ရေရှည်တွင် မည်မျှလောက် တန်ဖိုးမြင့်မားနေမည်ဆိုသည်ကို နားမလည်နိုင်ဖြစ်နေခြင်းကိုက လောက သဘာ၀ဖြစ်နေချေပြီ။
မြန်မာနိုင်ငံတွင် ရေရှည်မြော်မြင်နားလည်နိုင်သည့် အသိ ဉာဏ်ပညာ နုံ့နည်းမှုများကြောင့် နစ်နာဆုံးရှုံးရမှုများ မည်မျှလောက် ရှိခဲ့ပြီနည်း။ ပြန်မရနိုင်တော့သည့် ရတနာများ မည်မျှလောက် များပြားခဲ့မည်နည်း။


သစ်တောကြီးများ၊ သဘာ၀ဓာတ်သတ္တု တွင်းထွက်ရတနာများ၊ သဘာ၀ဓာတ်ငွေ့နှင့် ရေနံအစရှိသည်များ မည်သည်တို့က မည်မျှလောက် ဆုံးရှုံးကာ မည်မျှလောက် အစားပြန်မရနိုင်သည့် နစ်နာမှုများ ဖြစ်ခဲ့ပြီ နည်း။


နိုင်ငံတကာ လွန်စွာမြတ်နိုးအသိအမှတ်ပြုထားသည့် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသကြီးတစ်ခုလုံး၏ တန်ဖိုးမြင့်ဝန်းကျင်တစ်ခုလုံးကို စီးပွား ရေး အတွက်အချက်တို့အပေါ် မူတည်၍ မည်မျှလောက် ပျက်စီးထိခိုက်စေ ခဲ့ကြပြီနည်း။


ကျေးလက်မြို့ပြ မြေဧရိယာများစွာကို ငွေတန်ဖိုးတစ်ခုတည်းပေါ် တည်မှီကာ ရေရှည်တွေးတောမြော်မြင်မှု နည်းနည်းဖြင့် မည်မျှလောက် အဟောသိကံဖြစ်စေခဲ့ပြီနည်း။


သည်သို့ သည်သို့သော တန်ဖိုးမြင့် ရေမြေတောတောင်၊ သယံဇာတ နှင့် ယဉ်ကျေးမှုအမွေအနှစ် ဆိုသည်တို့က တစ်ခါဆုံးရှုံးသွားပြီဆိုလျှင် ပြန်လည်ရရှိရန် မဖြစ်နိုင်တော့သလောက် လက်လွှတ်လိုက်ရပြီဆိုခြင်းကို နားလည်နိုင်စွမ်းရှိကြဖို့လိုပါမည်။


သစ်ပင်သစ်တော၊ သဘာ၀သယံဇာတ၊ ယဉ်ကျေးမှုအမွေအနှစ် မြို့ပြအမွေအနှစ်၊ ကျေးလက်ပြည်သူ့အမွေအနှစ်၊ သမိုင်းဆိုင်ရာ အမွေ အနှစ် စသည်တို့ဆိုသည်က ထိန်းသိမ်းတတ်သူတို့၊ တန်ဖိုးထားတတ်သူတို့ လက်ထဲမှာ စနစ်တကျ စောင့်ရှောက်ထိန်းသိမ်းနိုင်ပါမှ တိုင်းပြည်တွင် တန်ဖိုးကြီးကြီး ကျန်ခဲ့မည်ဆိုသည်ကို နားလည်ကြခြင်းဖြင့် မြန်မာ့ အနာဂတ်ကို တန်ဖိုးမြင့်နိုင်ငံအဖြစ် တည်တံ့ရပ်တည်နိုင်စေရန် ကြိုးပမ်း ကြနိုင်စေကြောင်း တင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment