Sunday, May 19, 2019

ဒေသဖွံ့ဖြိုးတိုးတက်မှု ဆင်ခြင်ရှေးရှု

Image may contain: text

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်မှုအတွက်   ပထမလိုအပ်ချက်မှာ  လမ်းပန်း ဆက်သွယ်ရေး    လွယ်ကူချောမွေ့ကောင်းမွန်ရေးဖြစ်ပြီး    ဒုတိယ လိုအပ်ချက်မှာ လျှပ်စစ်မီးရရှိရေးဖြစ်သည်။  ယင်းအချက်ကို မြန်မာနိုင်ငံ နှင့်  နယ်နိမိတ်ချင်းထိစပ်နေသည့်   အိမ်နီးနားချင်းနိုင်ငံများ၏  တစ်ဖက် နယ်စပ်မြို့များကိုကြည့်လျှင်  သိသာနိုင်ပါသည်။

ယင်းအချက်ကြောင့်ပင်လျှင် အိမ်နီးချင်းနိုင်ငံများသည်  ဖွံ့ဖြိုး တိုးတက်နေပြီး နယ်စပ်ဒေသများအပါအဝင်   နိုင်ငံ၏ ၉၀ ရာခိုင်နှုန်း ကျော်မှာ လမ်းပန်းဆက်သွယ်ရေးနှင့်  လျှပ်စစ်မီးရရှိရေးဘက်၌ ပြည့်စုံ ကောင်းမွန်နေသည်။ ညအချိန် လေယာဉ်ဖြင့် ကောင်းကင်ယံမှကြည့်လျှင် မြန်မာနိုင်ငံ၏   မြို့ကြီးများမှလွဲလျှင်  ကျန်နေရာဒေသများ၌ မှောင်မည်း နေပြီး အိမ်နီးချင်းနိုင်ငံများတွင် မြို့တိုင်းလိုလို  မီးထိန်ထိန်လင်းနေသည်။

ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "အစိုးရတာဝန်ယူတဲ့ အချိန်ကစပြီးတော့  နိုင်ငံတိုးတက်ရေးအတွက်၊  ဖွံ့ဖြိုးရေးအတွက် အဓိက ကျတဲ့  ကိစ္စနှစ်ခုဟာ  လမ်းပန်းဆက်သွယ်ရေးနဲ့  လျှပ်စစ်ဓာတ်အား ရရှိရေးပဲဖြစ်တယ်ဆိုတာ ကျွန်မတို့သဘောပေါက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့  လမ်းပန်းဆက်သွယ်ရေးကောင်းလာပြီ၊  လျှပ်စစ်ဓာတ်အား ရလာပြီဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများရဲ့ဘ၀ မြန်မြန်ကြီးကို တိုးတက်တယ်ဆိုတာ  ကျွန်မတို့သတိပြုမိပါတယ်" ဟု မေလ ၁၇ ရက်နေ့ ကျောက်ဆည်မြို့နယ်ဘဲလင်းသဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရက    လမ်ပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ လမ်းများ၊ တံတားများ တည်ဆောက်ဖောက်လုပ်ခြင်း၊ လျှပ်စစ်ဓာတ်အား လိုင်းများ၊  ဓာတ်အားခွဲရုံများနှင့် ဓာတ်အားပေးစက်ရုံများ တည်ဆောက် ခြင်း၊ ပြုပြင်မွမ်းမံအဆင့်မြှင့်ခြင်းတို့ကို နိုင်ငံတော်ဘဏ္ဍာငွေ၊ နိုင်ငံတကာ ချေးငွေများဖြင့်  နှစ်စဉ်တိုးတက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ခြင်းကြောင့်  ၂၀၁၆  ခုနှစ်က လျှပ်စစ်ဓာတ်အား ၃၀ ရာခိုင်နှုန်းသာ  ပေးဝေနေရာမှ  ယခုနှစ်မကုန်မီတွင်  လျှပ်စစ်ဓာတ်အား လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကို  ဖြည့်ဆည်းပေးရန် ရည်မှန်းဆောင်ရွက် လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံးရာခိုင်နှုန်းပြည့် သုံးစွဲနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်မီးလင်းခြင်း၏ အကျိုးဆက် မှာ အခြေခံမှစ၍ အဆင့်မြင့်ကဏ္ဍများအထိ  ထိရောက်သောအကျိုးရလဒ် ကောင်းများ ဖြစ်ပေါ်စေသည်။

လျှပ်စစ်မီးအလင်းရောင်ရရှိခြင်းဖြင့်  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ  ဖြစ်ပေါ်စေနိုင်သဖြင့်  ယင်းတို့ကို ထိရောက်စွာအသုံးချ၍   မိမိဘ၀၊  မိမိဒေသ အခြေအနေဖွံ့ဖြိုးတိုးတက် လာအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာ တွင် အဓိကမှာ ပညာဖြစ်ပြီး ပညာဖြင့် စီးပွားရေး၊ လူမှုရေး၊  ဖွံ့ဖြိုးတိုးတက် ရေးတို့ကို စဉ်ဆက်မပြတ်တိုးတက်ဖြစ်ပေါ်လာအောင် လက်ဆင့်ကမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းသည်   အရင်းအနှီးကြီးမားသော စီမံကိန်းလုပ်ငန်းဖြစ်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေအားဖြင့် လုံလောက်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိချေ။ ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက် စေမည့် အလင်းရောင်ကိုပေးစွမ်းနိုင်သော လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရန်အတွက် အမြင်တစ်ခုတည်းမမြင်ဘဲ နိုင်ငံ၏လိုအပ်ချက်၊ နိုင်ငံ၏ ဓနအင်အား၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအင်အားများကို လွှမ်းခြုံ သုံးသပ် ဆင်ခြင်တွေးခေါ်ရှုမြင်ပြီး  ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာပေါ်ရှိနိုင်ငံအများသည် လမ်းပန်းဆက်သွယ်ရေး နှင့် လျှပ်စစ်ဓာတ်အားရရှိရေးကို  လုံလောက်အောင်ဆောင်ရွက်နိုင်သော ကြောင့်  ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများဖြစ်လာကြသည်ကို သိမြင်နားလည်ပြီး မိမိတို့တစ်နိုင်ငံလုံးအလင်းဆောင်ပေးကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရေးအတွက်  မည်သို့မည်ပုံဆောင်ရွက်ကြရမည်ကို မှန်ကန်သော အသိဉာဏ်အလင်းဖြင့် ဝိုင်းဝန်းလက်တွဲပူးပေါင်း ဆောင်ကြဉ်းပေးကြ ရမည် ဖြစ်ပါကြောင်း။         ။

No comments:

Post a Comment