Sunday, May 26, 2019

ပြည်နယ်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ




ဘားအံ မေ ၂၅
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကရင်ပြည်နယ် ပြည်နယ်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ''မြန်မာ့ကျောင်း''သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။
ကျောင်းအပ်နှံရေးအခွင့်အလမ်းများ တိုးတက်ရရှိစေရေး
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အခြေခံပညာရေးကဏ္ဍ အကောင်အထည်ဖော် အောင်မြင်ရေးအတွက် ကျောင်းနေအရွယ်ကလေးများ၊ လူငယ်များ အခြေခံပညာရေးကို လက်လှမ်းမီ သင်ယူ နိုင်ခွင့်ရရှိစေရေးအတွက် မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ် ကလေးလူငယ်တိုင်း ကျောင်းအပ်နှံရေးအခွင့်အလမ်းများ တိုးတက်ရရှိစေရေးနှင့် ကျောင်းအပ်နှုန်းမြင့်မား စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ''မည်သည့် ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့''ဟူသော ဆောင်ပုဒ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း၊ (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ အပ်နှံ ရန်၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1) သို့ အပ်နှံရန် အရေးကြီး ပါကြောင်း၊ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှကောက်ခံခြင်း၊ လက်ခံခြင်း မပြုရန်၊ ငွေကြေးလက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်ခံခြင်းမပြုရန်၊ ကျောင်း ဝတ်စုံ၊ အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များရောင်းချခြင်းမပြုလုပ်ရန်၊ မည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် အဓိကမှာကြားလိုကြောင်း။
ဂိမ်းစွဲလမ်းမှုကို လျှော့ချပေးရန် ဆောင်ရွက်လျက်ရှိ
အခြေခံပညာကျောင်းများတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကျောင်းသား ကျောင်းသူများအားလုံး စာရေးတတ်၊ စာဖတ်တတ်၊ အခြေခံ သင်္ချာတွက်ချက်တတ်ရန်အတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိပြီး မူးယစ် ဆေးဝါးအ္တရာယ်တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာနှင့် စီးကရက်မသုံးစွဲရေး၊ ယာဉ်အ္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး တို့ကို ဦးစားပေးဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများကို သိရှိစေရန် ပညာပေးအစီအစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုကိုလည်း ထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း၊ ကျောင်းသားများနှင့် လူငယ်များအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသော ဂိမ်းစွဲလမ်းမှုကို လျှော့ချပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများ၊ ကျောင်းအုပ်ကြီးများ အနေဖြင့် ဆရာ ဆရာမများကို ကောင်းစွာသင်ကြားသင်ယူနိုင်စေရန် ပံ့ပိုးဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ ပျော်ရွှင်မှသာ ကျောင်းသား ကျောင်းသူ များကို ကောင်းစွာ သင်ကြားပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် အခြေခံပညာ ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က အမှာစကားပြောကြားပြီး ကရင်ပြည်နယ် ညွှန် ကြားရေးမှူးရုံးမှ ညွှန် ကြားရေးမှူး ဒေါ်မြင့်မြင့်ဝင်းက ရှင်းလင်း တင်ပြသည်။
ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက အလှူရှင်များမှ လိုအပ်ချက်ရှိသော ကျောင်းသား ကျောင်းသူများအတွက် ပေးအပ်လှူဒါန်းသည့် စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ပစ္စည်းများကို ကျောင်းသား ကျောင်းသူ များထံ ပေးအပ်လှူဒါန်းကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ထို့နောက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက''ဇာတိမာန် ''သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (ခွဲ)နှင့် ဘားအံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဘားကပ်)သို့ ရောက်ရှိ ကြပြီး ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်၊ ဘားအံပညာ ရေးကောလိပ်တို့မှ ဆရာ ဆရာမများ၊ ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:

Post a Comment