Saturday, May 4, 2019

ကျောက်တော်မြို့နယ် ပိန္နဲချောင်း - ကြောင်စွယ်ဖြူလမ်းအား ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်သွားမည်


Image may contain: 1 person, standing and hat
နေပြည်တော် မေ ၃

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ် ငါးဦးမေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်းဖြေကြားခြင်းနှင့် အဆို(၁)ခု တင်သွင်းခြင်း တို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီတွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သက်နိုင်အစား ဗိုလ်မှူးချုပ်ညွှန့်ဆွေအား အဖွဲ့ဝင်အဖြစ် အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက် ရယူသည်။

ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင် ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းဖြစ်သည့် ပိန္နဲချောင်း-ကြောင်စွယ်ဖြူလမ်း ၁၉ မိုင်ထဲမှ ကွန်ကရစ်လမ်းနှစ်မိုင်၊ ကျောက် ချောလမ်းနှစ်မိုင်နှင့် မြေသားလမ်းနှစ်မိုင်တို့ကို   ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ပိန္နဲချောင်း-ကြောင်စွယ်ဖြူလမ်း အရှည် ၁၉ မိုင်သည် ကွန်ကရစ်လမ်းနှစ်မိုင်နှင့် မိုင်တိုင်အမှတ် (၂/၀)မှ (၄/၀)အထိ ကျောက် လမ်းနှစ်မိုင် ပါဝင်ပြီး ကျန်လမ်းပိုင်းသည် ကျေးရွာချင်းဆက် မြေသားလမ်း ဖြစ်ပါကြောင်း၊ လမ်းအဆင့်မြှင့်တင်ပြီးပါက ကျေးရွာသုံးရွာ၊ အိမ်ခြေ ၂၃၂၃ အိမ်၊ လူဦးရေ ၄၆၀၀ ကျော် တို့၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း။

ပိန္နဲချောင်း - ကြောင်စွယ်ဖြူလမ်းအား ကျောက်တန်းကျေးရွာမှ စစ်အောင်ကျေးရွာအထိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၁ မိုင်  ၅ ဖာလုံနှင့် သာဒါဆိပ်ကျေးရွာမှ ကသစ်တောကျေးရွာအထိ မြေသားလမ်းဖောက်လုပ် ခြင်းလုပ်ငန်း နှစ်မိုင်တို့ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ရန်ပုံငွေတွင် တင်ပြထားပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ စစ်ကိုင်းတိုင်းဒေသကြီး   တမူးမြို့နယ် မြို့မ ၁၃ ရပ်ကွက်  နန်းဖာလုံနှင့် သာယာကုန်းကျေးရွာသို့  ဆက်သွယ်ထားသော  လမ်းမပေါ်ရှိ ချောင်းကူး တံတားအား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်  မေးမြန်းသည့် ပြည်တော်သာသစ်သားချောင်းကူးတံတားသည်  တမူးခရိုင် တမူးမြို့နယ် မြို့မ  ၁၃ ရပ်ကွက်မှ ချောင်းနက်ကြီး - အူစူး - သာယာကုန်း ဂဝံလမ်းအရှည် ၆ မိုင် ၄ ဖာလုံကျေးလက်လမ်းပေါ်တွင် တည်ရှိသည့်တံတားဖြစ်ပြီး တမူး- စေတီ လမ်းမကြီးတို့နှင့် ဆက်သွယ်လျက်ရှိပါကြောင်း။

အဆိုပါ တံတားသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၁)လမ်းပေါ်တွင် တည်ရှိသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် တင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ကွန်ကရစ်တံတားအဖြစ် အသစ်ပြန်လည်တည်ဆောက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေး၏ မွန်ပြည်နယ် မော်လမြိုင်ခရိုင်  ချောင်းဆုံမြို့နယ်အတွင်းရှိ   ကမာကေး-ကွင်းကလိန်-ဆယ်ပလာလမ်းပိုင်းအား  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း  ကတ္တရာလမ်း ခင်းပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ဒုတိယဝန်ကြီးက ကမာ ကေး - ကွင်းကလိန် - ဆယ်ပလာလမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့် (၁)တွင် ပါဝင်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ဆက်လက်ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ကတ္တရာလမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာ တင်တင်ဝင်းက ကျေးလက်နေအမျိုးသမီးများ၏ လူနေမှုဘ၀မြှင့်တင်ရန်၊ စီးပွားရေးတွင် တစ်နိုင်တစ်ပိုင်ပါဝင်ရန်၊  နေရပ်စွန့်ခွာ၍ ရေမြေခြား အလုပ် သွားလုပ်ခြင်းကို လျှော့ချနိုင်ရန်နှင့် အမျိုးသမီးများအတွက် ပတ်ဝန်းကျင် ကောင်းတစ်ခု ဖန်တီးပေးရန် အိမ်တွင်းစီးပွားရေးလုပ်ငန်းများဖော်ဆောင်ဖို့ အသိပေးခြင်း၊ နည်းပညာပေးခြင်း၊ ရင်းနှီးရန်ပုံငွေကြေး ရှာဖွေခြင်း၊ ကုန်ကြမ်း ကို ဒေသထွက်အဖြစ် ဖော်ထုတ်ပေးခြင်း၊   ဈေးကွက်ဖော်ဆောင်ပေးခြင်း၊ ဈေးကွက်တည်တံ့အောင်ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာနများ စုပေါင်း၍ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းရာတွင် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ပါကြောင်း၊ ကျေးလက်နေအမျိုးသမီးဦးရေသည် မြို့ပြထက်ပိုပါ ကြောင်း၊ အဆိုတင်သွင်းရသည့်ရည်ရွယ်ချက်အနေဖြင့် ကျေးလက်နေ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိရန်၊ တစ်ဖက်နိုင်ငံနှင့် မြို့ပေါ်သို့ အလုပ်သွားရောက်မလုပ်ကိုင်ဘဲ အိုးမကွာ အိမ်မကွာ သင့်တင့်မျှတသော ဝင်ငွေရရှိနိုင်ရန်နှင့် နိုင်ငံ့စီးပွားရေးတွင် ပို့ကုန်မြှင့်တင်ရာတွင် ပါဝင်ရန် ဖြစ်ပါကြောင်း။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်မှာ မဲဆန္ဒရှင် ပြည်သူ များ၏ ဘ၀များကို ထူးခြားပြောင်းလဲသွားစေမည့် လုပ်ငန်းများ လုပ်ဆောင်ရန် ပါဝင်ပါကြောင်း၊ ယခုအဆိုမှာ မဲဆန္ဒရှင် ကျေးလက်အမျိုးသမီးများ၏ဘ၀ကို ပြောင်းလဲသွားစေလိုသော ဆန္ဒဖြင့် တင်သွင်းခြင်း ဖြစ်ပါကြောင်း၊  အဆိုသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ရေးဆွဲသော မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး   ဖွံ့ဖြိုးတိုးတက်ရန်  စီမံချက် (၂၀၁၈ - ၂၀၃၀)တွင် ငြိမ်းချမ်းရေး၊ စီးပွားဖွံ့ဖြိုးရေး၊ လူထုဗဟိုပြုဒီမိုကရေစီနိုင်ငံဖြစ်ရေးဟူသော ဦးတည်ချက်ကို အထောက်အပံ့ပြုနိုင်မည်ဖြစ်ပါကြောင်း။

ယခုအချိန်သည် ကျေးလက်ကိုစွန့်ခွာ၍ တစ်ရပ်တစ်ကျေးသို့ သွားရောက် အလုပ်လုပ်နေသောကြောင့်  ကျေးလက်တွင် လယ်ယာလုပ်သားများ ရှားပါး ချိန်လည်း ဖြစ်ပါကြောင်း၊ အမျိုးသမီးများအတွက်လည်း ကျေးလက်တွင် အဆင်မပြေသောကြောင့် မြို့ပြသို့ သွားရောက်၍ တစ်ဖက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ရာတွင် လူကုန်ကူးခံရခြင်း၊ မြို့ပြတွင် ကျူးကျော်များ များပြား လာခြင်း၊ လိင်အကြမ်းဖက်မှုများ ကြုံနေရခြင်းကြောင့် အမျိုးသမီးများဘ၀ လုံခြုံမှုမရှိတော့ပါကြောင်း၊ ယခုအတိုင်း ဆက်လက်၍ ကျေးလက်ကို ပစ်ထား မည်ဆိုပါက ကျေးလက်များ ဆိတ်သုဉ်းသွားနိုင်ပါကြောင်း။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အမျိုး သမီးအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊  SME ချေးငွေပေးနိုင်သောဌာနများမှ ဟန်ချက် ညီညီစုပေါင်းလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၊ ပြည်တွင်း၊ ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ လူထုအခြေပြုအဖွဲ့အစည်းနှင့် ပုဂ္ဂလိကများထံမှ ဘဏ္ဍာရေးနည်းပညာအကူအညီများကို အစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် ဥပဒေနှင့်အညီ ရယူနိုင်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခြင်းသည် ကျေးလက်ဥပဒေ အခန်း(၃) အပိုဒ်(၅) ဃ နှင့် ညီပါသဖြင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန နှင့် အခြားသက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ဦးဆောင်၍ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင် က ကျေးလက်နေအမျိုးသမီးများ၏ လူနေမှုဘ၀ မြှင့်တင်ရန်အတွက် ပစ္စည်းကိရိယာများ၊ နည်းပညာများ၊ ငွေကြေးအရင်းအနှီးပံ့ပိုးမှုများကို နိုင်ငံ တော်မှ မူဝါဒများ ချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေး ရန် လိုအပ်နေပြီဖြစ်သည့်အတွက် အဆိုကို လွှတ်တော်က လက်ခံဆွေးနွေး သင့်ပါကြောင်း ထောက်ခံပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ မကွေးတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဦးအောင်ကြည်ညွန့် က အဆိုသည် ဆွေးနွေး၍ အောင်မြင်သွားပါကလည်း အစိုးရအနေဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် အင်မတန်ခက်ခဲမည်ဖြစ်သည့်အတွက် အဆိုကို  လွှတ်တော်က အလေးအနက်ထား၍ စဉ်းစားသုံးသပ်သင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုကို လက်ခံဆွေးနွေး ရန် သဘောမတူသည့် လွှတ်တော်ကိုယ်စားလှယ် ရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ(တ)၊ နည်း ဥပဒေခွဲငယ် (၃)အရ မတ်တတ်ရပ်၍ ဆန္ဒပြုသည့်နည်းလမ်းဖြင့် လွှတ်တော်၏ ဆန္ဒရယူမည်ဖြစ်ကြောင်းနှင့်    ဆန္ဒရယူရာတွင်လည်း   အဆိုကိုလက်ခံ ဆွေးနွေးရန်   သဘောတူသည့်   လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့နေရာများတွင် မတ်တတ်ရပ်ပြရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ပြင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မတ်တတ်ရပ်ပြသည့် လွှတ်တော် ကိုယ်စားလှယ်သည် ၄၀ နှင့်အထက် ဖြစ်ပါက လက်ခံဆွေးနွေးရန် သဘောတူ သည်ဟုလည်းကောင်း၊ ၄၀  မပြည့်လျှင် လက်ခံဆွေးနွေးရန် သဘောမတူဟု လည်းကောင်း  လွှတ်တော်သို့ကြေညာမည်ဖြစ်ကြောင်း   ပြောကြားပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူရာ မတ်တတ်ရပ်ပြသည့် လွှတ်တော်ကိုယ်စား လှယ်ဦးရေသည် ၁၁၀  ရှိပြီး ၄၀ ထက် ကျော်လွန်သည့်အတွက် အဆိုကို လက်ခံဆွေးနွေးရန် သဘောတူကြောင်းကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက  အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေး စတုတ္ထနေ့ကို မေ ၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။    
                                                         
    အောင်ရဲသွင်(သတင်းစဉ်)

No comments:

Post a Comment