Saturday, May 4, 2019

မဏ္ဍိုင်လေးရပ် ဟန်ချက်ညီတည့်မတ်

Image may contain: text

ဒီမိုကရေစီနိုင်ငံတိုင်းတွင် ဥပဒေပြုရေးမဏ္ဍိုင် (လွှတ်တော်)၊ အုပ်ချုပ်ရေး မဏ္ဍိုင် (အစိုးရအဖွဲ့)၊    တရားစီရင်ရေးမဏ္ဍိုင် (တရားရုံးများ) ဟူ၍ မဏ္ဍိုင်ကြီး သုံးရပ်တည်ရှိသည်။ထိုမဏ္ဍိုင်ကြီးသုံးရပ်၏ ဆောင်ရွက်ချက်  အခြေအနေများအား စာနယ်ဇင်းမဏ္ဍိုင်ဟုခေါ်ဆိုသည့် စတုတ္ထမဏ္ဍိုင်က  စောင့်ကြည့်လေ့လာပြီး ပြည်သူများအား နေ့စဉ်အသိပေးလျက်ရှိသည်။

အဆိုပါမဏ္ဍိုင်ကြီး လေးရပ်သည် စားပွဲတစ်လုံး၏ ခြေလေးချောင်း ထောက်ထားသည့်ပမာ ဖြစ်သည်။ စားပွဲတစ်လုံးတွင် ခြေလေးချောင်းညီပါ မှ စားပွဲမျက်နှာပြင်တည်ငြိမ်သကဲ့သို့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် လည်း ဖော်ပြပါမဏ္ဍိုင်ကြီးလေးခုသည် ၎င်းတို့၏တာဝန်များကို အသီးသီး မှန်မှန်ကန်ကန်၊ မျှမျှတတလုပ်ဆောင်ကြမှသာ ထိုနိုင်ငံလည်း  တည်ငြိမ် မည်ဖြစ်သည်။

အချို့သော  ဒီမိုကရေစီနိုင်ငံများတွင်  မီဒီယာလွတ်လပ်ခွင့်ကို အကြောင်းပြု၍  စာနယ်ဇင်းမီဒီယာတို့၏  အပြုသဘောမဆောင်မှုကြောင့် နိုင်ငံစည်းလုံးညီညွတ်မှု၊ နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ ထိခိုက်ပျက်ပြားရမှုများ လည်း ရှိခဲ့သည်။ ထိုနည်းတူစွာ အာဏာရှင်နိုင်ငံများတွင် တရားမျှတမှု မရှိသောကြောင့်  နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှု၊  စည်းလုံးညီညွတ်မှု၊ ယုံကြည်မှု၊ ပျက်ပြားခဲ့ရမှုများလည်း ရှိခဲ့သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းစ  မြန်မာနိုင်ငံတွင်  မဏ္ဍိုင်လေးရပ် တည့်မတ်မှန်ကန်ရေးကို  ကြိုးပမ်းအားထုတ်ရာ၌ မဏ္ဍိုင်များအချင်းချင်း အကြား၌  ဖြစ်ပေါ်နေသောအခက်အခဲများကို  အပြန်အလှန်ညှိနှိုင်း အဖြေရှာခြင်းဖြင့် တည်ငြိမ်အေးချမ်းမှုနှင့်  တိုးတက်မှုကို ရှေးရှုလာသည်။ ယခုအခါ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့်  သတင်းမီဒီယာတို့အကြား ဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် မဏ္ဍိုင်ကြီးလေးရပ် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့သည်။

မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးမှုကြောင့် အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာပြီး  သတင်းနှင့်စာနယ်ဇင်းလွတ်လပ်ခွင့်များ  ပိုမိုခိုင်မာလာ၍ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ပိုမိုချောမွေ့လာမည်ဟု မျှော်လင့်ပါသည်။ ဒီမိုကရေစီနိုင်ငံတွင် မဏ္ဍိုင်အချင်းချင်းအကြား အပြန်အလှန်ထိန်းကျောင်းမှုကို ခံယူရမည်ဖြစ်သလို ပြည်သူများ၏ အသံ နှင့်ထပ်တူ အပြုသဘောဆောင်သည့် ဝေဖန်ထောက်ပြမှုများလည်း ရှိရမည်ဖြစ်သည်။ မဏ္ဍိုင်အသီးသီးတွင်တာဝန်နှင့်လုပ်ပိုင်ခွင့်များ ရှိသလို လိုက်နာစောင့်ထိန်းရမည့်  အချက်များနှင့်  အကန့်အသတ်များလည်း ရှိမည်ဖြစ်သည်။

သတင်းမီဒီယာများသည် မဏ္ဍိုင်ကြီးသုံးရပ်နှင့် ပြည်သူများအကြား ပေါင်းစပ်ပေးခြင်းဖြစ်ပြီး မဏ္ဍိုင်ကြီး သုံးရပ်မှ တာဝန်ရှိသူများ၏ ပူးပေါင်း ဆောင်ရွက်မှုများနှင့် နားလည်ပေးမှုများ အထူးလိုအပ်ပါသည်။ သို့မှသာ လွတ်လပ်၍တရားမျှတသည့် သတင်းအချက်အလက်များကို ပြည်သူများ ထံသို့ အချိန်နှင့်တစ်ပြေးညီ မျှဝေပေးနိုင်မည်ဖြစ်သည်။ ပြည်သူများ၏အသံ၊  ပြည်သူများ၏မျက်စိဖြစ်သည့်  စတုတ္ထမဏ္ဍိုင်သည်  ခိုင်မာ အားကောင်းလာမှ နိုင်ငံနှင့်လူမျိုး အဓွန့်ရှည်စွာ ရပ်တည်နိုင်ရေးအတွက်  အထောက်အပံ့ကောင်းများ ဖြစ်ပေလိမ့်မည်။

သတင်းမီဒီယာကဏ္ဍနှင့်ပတ်သက်၍ မည်သို့ပင်ဆိုစေသော်လည်း ယခုကဲ့သို့  အစိုးရနှင့်သတင်းမီဒီယာအကြား ယုံကြည်မှုတည်ဆောက်နိုင် ခြင်းသည်ကောင်းမွန်သောရလဒ်များပေါ်ထွက်နိုင်ပေသည်။ မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ်နှင့် ယခု တတိယအကြိမ်ကျင်းပနိုင်ခဲ့ပြီး ယခုအလုပ်ရုံဆွေးနွေး ပွဲတွင် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မဏ္ဍိုင်လေးရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် သွားရန်နှင့် ပြည်ထောင်စုအဆင့် မဏ္ဍိုင်လေးရပ် တွေ့ဆုံမှုကို အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ်ဆောင်ရွက်ရန် ရလဒ်ပေါ်ထွက်ခဲ့သည်။

သို့ဖြစ်ရာ မြန်မာသတင်းမီဒီယာကဏ္ဍနှင့်ပတ်သက်၍ အခက်အခဲများ၊ စိန်ခေါ်မှုများရှိသည်ဖြစ်သော်လည်း ယခုကဲ့သို့ မဏ္ဍိုင်လေးရပ် တွေ့ဆုံခြင်း ဖြင့် မဏ္ဍိုင်များအချင်းချင်းအကြား အပြန်အလှန်ညှိနှိုင်းအဖြေရှာနိုင်ပြီး နိုင်ငံတည်ငြိမ်အေးချမ်း   ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဟန်ချက်ညီညီ တည့်တည့်မတ်မတ် လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။              ။

No comments:

Post a Comment