Sunday, May 19, 2019

မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့် ပွဲတော်ကျင်းပရေး ပထမအကြိမ်တွေ့ဆုံအကြံဉာဏ်ရယူခြင်း အခမ်းအနားကျင်းပ


Image may contain: one or more people, wedding and indoor



ရန်ကုန် မေ ၁၈
မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်ပွဲတော် ကျင်းပရေး ပထမအကြိမ် တွေ့ဆုံ အကြံဉာဏ်ရယူခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့ မြင်းပြိုင်ကွင်းလမ်းရှိ Sky Star ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ပွဲတော်သည် ရုပ်ရှင်လောကအနေ ဖြင့်ရော၊ နိုင်ငံအနေဖြင့်ပါ ဂုဏ်ယူပြီး ဆောင်ရွက်ရမည့်ပွဲ ဖြစ်ပါကြောင်း၊ ယနေ့ အခမ်းအနားကို ခမ်းခမ်းနားနားပြင်ဆင် ထားမှုနှင့် စုံစုံညီညီတက်ရောက်လာကြ သည့်အတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန် တိုင်းဒေသကြီးအနေဖြင့် စီမံဆောင်ရွက် ပေးသွားမည့်၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည့် ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက် နှင့် အကြံပြုချက်များကို လည်းကောင်း ပြောကြားသည်။
အကြံပြုစကားပြောကြား
ယင်းနောက် အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ် ဦးမြတ်သူရ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးအောင်မြင့်မြတ်၊ တက်ရောက်လာကြ သည့် ဧည့်သည်တော်များ၊ ရုပ်ရှင်နှင့် ပတ်သက်သော မိတ်ဖက်အဖွဲ့အစည်း များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလွှာအသီးသီးမှ တာဝန်ရှိသူများက ကဏ္ဍနယ်ပယ်အလိုက် ပါဝင်ဆောင်ရွက် မည့် အကြောင်းအရာများနှင့် စပ်လျဉ်း ၍ အကြံပြုစကားပြောကြားပြီး မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင် ဝိုင်းက အကြံပြုချက်များအတွက် ကျေးဇူးတင်စကား ပြောကြားရာတွင် ''မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ပွဲတော် နဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများ၊ လောကသားများက စိတ်ပါဝင်စားစွာ အကြံပြုပြောကြားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
အလွန်တန်ဖိုးရှိ
အချို့ အကြံပြုချက်များက ကျွန်တော်တို့အတွက် အလွန်တန်ဖိုးရှိတဲ့ အကြံပြုချက်တွေ ဖြစ်ပါတယ်။ မြန်မာ့ ရုပ်ရှင်နှစ်(၁၀၀)အတွက်ကို ဇာတ်ကား တစ်ကားရိုက်ကူးဖို့ ရည်ရွယ်ထားပြီး ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ရဲ့ အထိမ်းအမှတ် ဂုဏ်ပြုဇာတ်လမ်း တစ်ပုဒ်ကို လူငယ်တွေဦးစီးပြီး ရိုက်စေ ချင်ပါတယ်။ လူငယ်တွေဘက်က တက်ကြွစွာ အခုပွဲကို တက်ရောက်လာ တဲ့အတွက် ဝမ်းသာပါတယ်။ တချို့ မတက်ရောက်နိုင်သော လူငယ်များ လည်း ရှိပါတယ်။ ဒီနေ့ တက်ရောက် လာတဲ့ လူငယ်များအနေနဲ့ ထပ်မံပြီး Sharing လုပ်ပေးကြပါ။ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် ပွဲတော်ကြီး လှလှပပ အောင်မြင်ဖို့အတွက် လူငယ်များက ဝိုင်းဝန်းကူညီပေးကြပါလို့ ကျွန်တော်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကိုယ်စား လေးလေးစားစား ပန်ကြားပါတယ်။
လောလောဆယ် တီဗွီချန်နယ်တွေ မှာ ပရိုဂရမ်တွေလုပ်ဖို့အတွက် တီဗွီ ချန်နယ်တွေစုပြီး Workshop တစ်ခု လုပ်လိုက်ရင် ကောင်းမယ်လို့ ထင်ပါ တယ်။ ဘယ်ပရိုဂရမ်ကို ဘယ်ချန်နယ်က တာဝန်ယူမလဲ။ အဲဒီချန်နယ်တွေကို ပြန်ပြီး Sharing ပြန်လုပ်ပါမယ်။ တချို့ ဆိုရင် ပရိုဂရမ်အသစ်မဟုတ်ဘဲ လုပ်လို့ ရတာတွေ ရှိပါတယ်။ မြန်မာ အိုင်ဒေါလ် မှာ သီချင်းပြိုင်ပွဲတွေ ရှိနေတဲ့အထဲမှာ အပတ်စဉ် သီချင်းပုံစံတွေပြိုင်သလို အပတ်စဉ် တစ်ပတ်လောက် ရုပ်ရှင် နှစ်(၁၀၀)ပြည့်အတွက် ရုပ်ရှင်သီချင်း တွေ ပြိုင်တာမျိုးလုပ်မယ်ဆိုရင် အထူး တလည် လုပ်စရာမလိုဘဲ ဖြစ်နိုင်တဲ့ ကိစ္စပါ။
မြ၀တီရုပ်သံနဲ့ ပတ်သက်ရင် နှစ်(၁၀၀)အတွင်းမှာ တပ်မတော်နဲ့ ပတ်သက်ပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကား တွေရှိပါတယ်။ ရှေးခေတ်မှာဆိုရင် တပ်မတော်နဲ့ ပတ်သက်ရင် မင်းသားကြီး ဦးဇော်လွင် ရိုက်ခဲ့တဲ့ ဇာတ်ကားတွေ မြောက်မြားစွာ ရှိပါတယ်။ ပြန်လည် ရှာဖွေ ဖော်ထုတ်လို့ရတဲ့ ဇာတ်ကားတွေ မြောက်မြားစွာ ရှိပါတယ်၊ ‘ဒီဘက်ခေတ် မှာလည်း ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ ရှိပါတယ်။ ‘ဒါတွေကို မြ၀တီရုပ်သံ အနေနဲ့ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်(၁၀၀)အတွင်း တပ်မတော်နဲ့ ပတ်သက်ပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေဆိုရင်လည်း ‘ဒါတွေက ကျွန်တော်တို့အတွက် ပရိုဂရမ်တစ်ခု ဖြစ်သွားနိုင်တဲ့ ကိစ္စပါ။
ထပ်မံတိုင်ပင်ဖို့ရှိ
မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)နဲ့ ပတ်သက်လို့ တက်ရောက်လာကြတဲ့ ညီနောင်အဖွဲ့အစည်းများ၊ မီဒီယာများ၊ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်များ၊ လောကသားများ၊ မျိုးဆက်သစ်လူငယ် များကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် မကြာခင်မှာ ထပ်မံတွေ့ဆုံကြပါဦး မယ်။ ဒီ့ထက်ပိုမိုခိုင်မာတဲ့၊ တိကျတဲ့ ရည်ရွယ်ချက်တွေ စသည်ဖြင့် ထပ်မံ တိုင်ပင်ဖို့ ရှိပါတယ်။ အားလုံးဝိုင်းဝန်းကူညီပေးကြပါလို့ လေးစားမေတ္တာရပ်ခံ ပါတယ်''ဟု ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြားရာ တွင် မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်ရော၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်အကြီး အကဲပုဂ္ဂိုလ်များကပါ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးကို အင်မတန် စိတ်ဝင်စားပါ ကြောင်း၊ ထို့ကြောင့် ရုပ်ရှင်ရာပြည့် ပွဲတော် ကျင်းပသည့်ကိစ္စကို ပြန်ကြားရေး ဝန်ကြီးဌာနအပြင် အခြားဝန်ကြီးဌာန များ၊ အခြားသက်ဆိုင်သည့် ဌာနများပါ ပါဝင်ပြီး ကျင်းပမည်ဆိုသည့် အစီအစဉ် မျိုးဆိုလျှင် ‘ ဒါကိုလည်း လက်ခံပြီး ကျေနပ်နှစ်သက်ကြမည်ဟု ထင်ပါ ကြောင်း။
ပီပီပြင်ပြင် အကောင်အထည်ဖော်
သို့ရာတွင် ဤပွဲသည် ရုပ်ရှင်နှစ် (၁၀၀)ပြည့်ပွဲတော်ကြီး ဖြစ်သည့် အတွက် ရုပ်ရှင်လောကသားများက သာလျှင် အဓိကဆောင်ရွက်ရမည့်ကိစ္စ ဟု မြင်ပါကြောင်း၊ မိမိတို့ လုပ်ပေးရမည့် အစိတ်အပိုင်းမျိုးတွင် မိမိတို့က ပြည့်ပြည့် စုံစုံဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ပြီး ကျန်သည့်အပိုင်းတွင် ရုပ်ရှင်လောက သားများ၏ စိတ်ကူးစိတ်သန်း ရှိသမျှ ကို ပီပီပြင်ပြင် အကောင်အထည်ဖော် နိုင်ရန် မိမိတို့ ဆောင်ရွက်ပေးလိုပါ ကြောင်း။
ရုပ်ရှင်ပွဲတော်၌ ရုပ်ရှင်အနုပညာနှင့် ပတ်သက်၍ ပြသသည့်နေရာတွင်လည်း တကယ် ပြောင်ပြောင်မြောက်မြောက် ပြသသည့် ပြကွက်များ၊ အစီအစဉ်များ ဖြစ်သင့်သည်ဟု မြင်ပါကြောင်း။
အင်ပြည့်အားပြည့် ပါဝင်
ရုပ်ရှင်သည် အလွှာအသီးသီး ပြောသလို အားလုံးဆောင်ရွက်၍ ဖြစ်လာသည့်ကိစ္စကြီး ဖြစ်ပါကြောင်း၊ အခု ရာပြည့်ပွဲတော်တွင် အဲဒီကဏ္ဍပေါင်းစုံမှ ပုဂ္ဂိုလ်များ အင်ပြည့်အားပြည့် ပါဝင်ရန် လိုအပ်မည်ဟု ထင်ပါကြောင်း။
ယနေ့အခမ်းအနားမှာ ယခုလောက် စည်စည်ကားကားဖြစ်သည်ဆိုလျှင် ရာပြည့်ပွဲသည် သေချာပေါက် ကြီးကြီး ကျယ်ကျယ်ဖြစ်မည်ဟု မိမိယုံကြည် ပါကြောင်း၊ အကြံပြုချင်တာတစ်ခုမှာ ဒီရာပြည့်ပွဲအား ငွေရတု၊ ရွှေရတု၊ စိန်ရတုလုပ်ခဲ့သည့် အစဉ်အလာမျိုး များကို ယူတာလည်း ယူပါ။ ထို့ပြင် နိုင်ငံတကာမှာ ဒီလိုပွဲကြီးကို ဘယ်လို လုပ်သလဲဆိုတာ လေ့လာကြည့်စေလိုပါ ကြောင်း၊ ပိုပြီးခေတ်မီသည့် ရာပြည့်ပွဲ အခမ်းအနားကြီးဖြစ်အောင် ဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ပွဲတော်ကို မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ယှဉ်တွဲ ပေါ်ပေါက်လာသည့် မြန်မာ့ရုပ်ရှင်၏ ခေတ်အဆက်ဆက် အခန်းကဏ္ဍများကို ထင်ရှားပေါ်လွင်စေရန်၊ ခေတ်အဆက် ဆက်တာဝန်ကျေခဲ့ကြသော ရုပ်ရှင်အနု ပညာရှင်၊ အတတ်ပညာရှင်ကြီးများကို အများပြည်သူ သိရှိနိုင်စေရန်အတွက် ဖော်ထုတ်ဂုဏ်ပြုရန်၊ ရုပ်ရှင် နှစ် (၁၀၀) ပြည့်အခမ်းအနားကိုမူတည်၍ ရုပ်ရှင် မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်များ အပါအဝင် ရုပ်ရှင်လောကသားများ အားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ကာ အနာဂတ်ရုပ်ရှင် လောကကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးရှုရန်၊ နှစ်ပေါင်း (၁၀၀)တိုင် မြန်မာ့ ရုပ်ရှင်ကို ချစ်ခင်အားပေးခဲ့ကြသော ကျေးဇူးရှင် ရုပ်ရှင်ပရိသတ်ကြီးအပေါ် တတ်နိုင်သမျှ ပြန်လည်ကျေးဇူးတုံ့ပြန် ရန် စသည့်ရည်ရွယ်ချက်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲ များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကများ၊ ရုပ်ရှင်အနုပညာရှင် များ၊ ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သက် သော လုပ်ငန်းရှင်များ၊ ရုပ်ရှင်နှင့် ပတ်သက်သော မိတ်ဖက်အဖွဲ့အစည်းများ၊ ဒါရိုက်တာ၊ ဇာတ်လမ်းနှင့် ဇာတ်òန်း၊ တည်းဖြတ်၊ ထုတ်လုပ်၊ စက်မှု၊ အဓိက သရုပ်ဆောင်၊ ဇာတ်ပို့ ၊ ဇာတ်ရံအလွှာ၊ ဗီဒီယို၊ ရုပ်ရှင်နှင့် ပြဇာတ်၊ အုပ်ချုပ် ဖြန့်ချိ အလွှာအသီးသီးမှ ပညာရှင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment