Monday, May 20, 2019

လူသားမျိုးနွယ်အန္တရာယ် တားဆီးကာကွယ်



Image may contain: text

လူသားမျိုးနွယ်တစ်ရပ်လုံး၏အန္တရာယ်သည်  မူးယစ်ဆေးဝါးဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာများကို မြန်မာနိုင်ငံတွင် အထင်အရှားမြင်တွေ့နိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများကို လူမှုပတ်ဝန်းကျင်တစ်ခုလုံး ခံစားနေရ သည်။ ယနေ့ကာလ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ခြိမ်းခြောက်နေသောအန္တရာယ်များတွင် ဘိန်းဘင်း၊ ကစော်၊ လှော်စာ၊  အရက်စသည်တို့ကို အကြောင်းပြုသည့် မူးယစ်ဆေးဝါးအန္တရာယ်များ ကြောင့် မိသားစုအသိုင်းအဝိုင်းများ ထိခိုက်နေသည်ကိုတွေ့ရသည်။

ဖြစ်ပေါ်ခဲ့သော   အမှုအခင်းများနှင့်     ဒုစရိုက်မှုပြဿနာများကို အများဆုံးဖြစ်စေသောအကြောင်းအချက်မှာ    မူးယစ်စေတတ်သော ဆေးဝါးတစ်မျိုးမျိုး၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။ မူးယစ်ဆေးဝါး များမှာ  ထုတ်လုပ်သူရှိသောကြောင့်  သုံးစွဲသူများရှိနေပြီး  ထုတ်လုပ်မှု လျော့ကျလျှင် သုံးစွဲမှုလည်း လျော့ကျသွားနိုင်သည်။ ယခုအခါ ထုတ်လုပ် မှုထက် ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများကိုသာ ရှာဖွေဖမ်းဆီးအရေးယူမှု ပြုလုပ်နေရပြီး ထုတ်လုပ်မှုကို သိသာစွာလျော့ကျအောင် ဆောင်ရွက်နိုင် မည်ဆိုပါက မူးယစ်ဆေးဝါးပြဿနာလည်း လျော့နည်းသွားမည်ဖြစ်သည်။

မူးယစ်ဆေးဝါး၏ အဓိကထုတ်ကုန်မှာ ဘိန်းဖြစ်ပြီး ဘိန်းစိုက်ပျိုးမှု  တိမ်ကောပပျောက်ခြင်းမရှိသရွေ့ မူးယစ်ဆေးဝါးများ ထွက်ပေါ်နေမည် ဖြစ်သည်။ ဘိန်းစိုက်ပျိုးမှု အဓွန့်ရှည်နေသည့်အချက်သည် ပြည်တွင်းစစ် ကြောင့်ဖြစ်ပြီး  ပြည်တွင်းစစ်ကြောင့်   နယ်မြေဒေသများ   တည်ငြိမ် အေးချမ်းမှုမရှိသဖြင့် အချိန်တို၊ အလွယ်တကူ၊ ဝင်ငွေရလွယ်သောဘိန်းကို စိုက်ပျိုးနေကြခြင်းဖြစ်သည်။ ထို့ကြောင့် ဒေသငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မူးယစ်ဆေးဝါးအန္တရာယ်သည်   မြန်မာတစ်မျိုးသားလုံးအတွက် သာမက ကမ္ဘာ့လူသားအားလုံးအတွက် ကြီးမားကျယ်ပြန့်သောစိန်ခေါ်မှု ဖြစ်နေ၍ ထုတ်လုပ်ရောင်းဝယ်မှုများကို   တားဆီးနှိမ်နင်းရေး၊   ဘိန်း အစားထိုးသီးနှံစိုက်ပျိုးရေးတို့ဆောင်ရွက်ရာတွင် ကြီးမားသောအခက်အခဲ များရှိနေသည်။ ထိုပြဿနာကို ဖြေရှင်းရန်အတွက် စစ်မှန်သည့်ငြိမ်းချမ်း ရေးကိုတည်ဆောက်ပြီး ဘိန်းစိုက်ပျိုးသည့်တောင်သူများ၏ ဘ၀နှင့် ခံယူ ချက်များကိုပြောင်းလဲပေးကာ လူမှုဘ၀ကိုမြှင့်တင်ပေးရမည် ဖြစ်သည်။

ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ    အောင်မြင်စေရန် နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် ကုန်ထုတ်လမ်းများ ကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ နှစ်တို၊ နှစ်ရှည်သီးနှံစိုက်ပျိုးရေး၊ နည်း ပညာများပံ့ပိုးရေး၊ မြေယာပြုပြင်ရေး၊ ရေရရှိရေး၊ အစားထိုးသီးနှံများ ဈေးကွက်ဝင်ရေးတို့ကို  ဆောင်ရွက်ပေးခြင်းဖြင့်  တောင်သူများ  ဝင်ငွေ တိုးတက်ရရှိကာ   ဘိန်းစိုက်ပျိုးမှုလည်း  လျော့နည်းကျဆင်းသွားမည် ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ နယ်မြေအေးချမ်းသာယာရေး အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးဖြစ်သည်။

ဘိန်းအစားထိုးစိုက်ပျိုးရေးလုပ်ငန်းများကို  နိုင်ငံတော်အစိုးရက အဓိကအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်း ရှင်များပါ လက်တွဲပူးပေါင်းဆောင်ရွက်မည်ဆိုပါက ဒေသခံပြည်သူများ လည်း အကျိုးရှိပြီး မူးယစ်ဆေးဝါးပြဿနာများလည်း လျော့နည်းကျဆင်း သွားမည်ဖြစ်သည်။ ဘိန်းအစားထိုးစိုက်ပျိုးရေးကို ရှေးယခင်ကလည်း ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုမရှိခြင်းမှာ နယ်မြေဒေသများ မငြိမ်းချမ်း သောကြောင့်ဖြစ်၍  မိမိတို့ဒေသငြိမ်းချမ်းရမည်ဟူသည့် ခံယူချက်ဖြင့် လက်တွဲပါဝင်ရမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ တွင် ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ ရှိနေ သော်လည်း  ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို  တစိုက်မတ်မတ် ဆောင်ရွက်ခဲ့၍ အောင်မြင်မှုများရှိနေပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ယခုထက်ပူးပေါင်းလက်တွဲ၍ ပိုမိုနှိမ်နင်းတိုက်ဖျက်သွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် စဉ်ဆက်မပြတ် နိုင်ငံရေးဆွေးနွေးပွဲများကို ဆောင်ရွက် လျက်ရှိရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်အောင်မြင်လာသည်နှင့် အမျှ   ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး၊    မူးယစ်ဆေးဝါးပြဿနာများ လျော့နည်းကျဆင်းလာရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်း လက်တွဲကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။      ။

No comments:

Post a Comment