Sunday, May 26, 2019

ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြှင့်တင်




မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက် နိုင်ရန်အတွက် ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ ပြောင်းလဲဆောင်ရွက်လျက်ရှိသည်။ ထိုသို့ပြောင်းလဲရာတွင် လမ်းရိုးလမ်း ဟောင်းမှ ခေတ်စနစ်နှင့်အညီ      လမ်းသစ်ကိုထွင်ပြီး လုပ်ကိုင်ကြရာ စိန်ခေါ်မှုများစွာကြုံတွေ့ကြရသည်။  ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ရာ တွင် အစိုးရအဖွဲ့အစည်းများသာမက ပြည်သူ ပြည်သားများပါ လိုက်ပါ ပြောင်းလဲမှ အောင်မြင်မည်ဖြစ်သည်။

ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးသည် စနစ်တစ်ခုကို ပြောင်းလဲ ရာတွင် အဓိကအခရာကျသူများဖြစ်သည်။ ဌာနဆိုင်ရာတို့အနေဖြင့် ကိုယ်တိုင်မပြုပြင်မပြောင်းလဲဘဲ အခြားသူတို့အား ပြုပြင်ပြောင်းလဲရန် လွယ်ကူမည်မဟုတ်ချေ။ ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ နေပြည်တော်ကောင်စီခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ မေလ ၂၄ ရက်နေ့က တွေ့ဆုံလမ်းညွှန်မှာကြားခဲ့သည်။

"မိမိတို့တာဝန်ထမ်းဆောင်ရာတွင် အတိတ်ကိုသင်ခန်းစာယူပြီး အနာဂတ်ကို အကောင်းဆုံးဖန်တီးစေချင်ပါကြောင်း၊ မိမိတို့တာဝန်ယူ သည့်ကာလတွင် ပြုပြင်ပြောင်းလဲပြီး ဒီမိုကရေစီမျိုးစေ့ကို ချသွားနိုင်မှ နိုင်ငံတော် ငြိမ်းချမ်းသာယာ၀ပြောပြီး နိုင်ငံသားများ ညီတူညီမျှအခွင့် အရေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများမှာ စားဝတ်နေရေး အခက်အခဲ၊ အကျပ်အတည်းရှိသည်ကို နားလည်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် မိမိအခက်အခဲအတွက် ပြည်သူ ပြည်သားများကို ဖိစီးခြင်း၊ နှိပ်စက်ခြင်း၊ အာဏာပါဝါပြခြင်း၊   လာဘ်ပေးလာဘ်ယူခြင်းများကို မဖြစ်စေလိုပါကြောင်း"သတိပေးပြောကြားခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်òန်ကြားချက်၊ တည်ဆဲဥပဒေများကို လေးစား လိုက်နာရမည်ဖြစ်သည်။  နိုင်ငံ့ဝန်ထမ်းများ၏ဆောင်ရွက်ချက်သည် နိုင်ငံ၊ အစိုးရကို ကိုယ်စားပြုဆောင်ရွက်သည်ဖြစ်၍ ဝန်ထမ်းကောင်းလျှင် နိုင်ငံကောင်းမည်၊  အစိုးရကောင်းမည်ဖြစ်သည်။ တစ်နည်းဆိုလျှင် ဝန်ထမ်းအနေဖြင့် အလုပ်တာဝန်များကို အကောင်းဆုံးဆောင်ရွက်နိုင် လျှင် အစိုးရပုံရိပ်၊ နိုင်ငံ့ပုံရိပ်ကောင်းမွန်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်  ဗဟိုဦးစီးစနစ်ကိုဖြေလျှော့ပြီး ဒီမို ကရေစီထွန်းကားရေး၊  ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းရေးကို ကြိုးပမ်း တည်ဆောက်နေသည်။ တိုင်းပြည်တာဝန်ထမ်းဆောင်ရာတွင် အနာဂတ် မျိုးဆက်များအတွက် တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားရန် လိုအပ်သည်။ သမိုင်းပေးတာဝန်၊  နိုင်ငံတော်တာဝန်များကို ယခုလက်ရှိ တာဝန်ထမ်းဆောင်နေကြသူများ မည်မျှစွမ်းဆောင်နိုင်ခဲ့သည်ကို နောင်အနာဂတ် မျိုးဆက်များက အဆုံးအဖြတ်ပေးကြလိမ့်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူမျိုးများအားလုံး ယုံယုံကြည်ကြည်ပါဝင်မှသာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်၍ သက်ဆိုင်ရာ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံသားများက တိုင်းရင်းသားပြည်သူ အားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည် ဖြစ်သည်။ ချစ်ခြင်း၊ မုန်းခြင်းအပေါ် မူမတည်ဘဲ အပြန်အလှန်ထိန်း ကျောင်းခြင်း၊ ဖေးမကူညီမှုပေးခြင်းတို့ကို ပြုလုပ်ကြရမည်ဖြစ်သည်။ ယင်းသည် ဒီမိုကရေစီ၏အားသာချက်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်သမ္မတ၏  လမ်းညွှန်မှာကြားခဲ့သည့်အတိုင်း မိမိတို့အားလုံးက ပြုပြင်ပြောင်းလဲရေးအတွက် အတ္တကိုမကြည့်ဘဲ လုပ် ဆောင်ကြရမည်ဖြစ်သည်။  အတ္တကိုဗဟိုပြုပြီး လုပ်ဆောင်မည်ဆိုပါက ရည်မှန်းချက်ရောက်နိုင်မည်မဟုတ်ချေ။ ပရဟိတကိုဗဟိုပြုပြီး လုပ်ဆောင် မည်ဆိုပါက  လုပ်ငန်းအောင်မြင်ပြီး  နိုင်ငံ့တာဝန်ကို  ဂုဏ်သိက္ခာရှိစွာ ထမ်းဆောင်သူများအဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်ပြီး တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ လက်ရှိအချိန်မှစ၍ စိတ်အားထက်သန်စွာ ဖြင့် ပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်ကို ယခုထက် တက်ညီလက်ညီတိုးမြှင့် ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။   ။

No comments:

Post a Comment