Sunday, May 5, 2019

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကြည့်ရှုစစ်ဆေး

Image may contain: 1 person, standing, sky and outdoor

နေပြည်တော် မေ   ၄

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်သည်    ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးတို့နှင့်အတူ ယနေ့နံနက်ပိုင်း တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ မြို့၏တောင်ဘက်   မိုင်၂၀ ခန့်အကွာ ဒုဋ္ဌ၀တီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင် ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၃) တည်ဆောက်ရေးမှ အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိသည့် အထက်ရဲရွာ  ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် စီမံကိန်းပုံစံငယ်အား ကြည့်ရှုပြီး စီမံ ကိန်းရှင်းလင်းဆောင်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးချစ်တိုးနှင့် တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးနေလင်းတို့က စီမံကိန်း ဆိုင်ရာများကို  လည်းကောင်း၊  IPGRB Co.,Ltd. တာဝန်ရှိသူများက  စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း  ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ပြီး ရှင်းလင်း ဆောင်ရှုရပ်မှ    ပင်မတမံ၊  မြေကြီး/ ကျောက်သား  တူးဖော်ခြင်းနှင့် ခိုင်ခံ့မှုလုပ်ငန်း များဆောင်ရွက်မှုနှင့် စီမံကိန်းလုပ်ငန်းများ        ဆောင်ရွက်မှုအခြေအနေတို့ကို         ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် အမှတ် (၁) ရေသွယ်ဥမင် လိုဏ်အဝင်ပိုင်းနှင့် အမှတ်(၂)ရေသွယ်ဥမင် လိုဏ်ဖောက်လုပ်မှု၊   ဥမင်လိုဏ်ခိုင်ခံ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို     ဥမင် လိုဏ်အတွင်း    လိုက်လံကြည့်ရှုစစ်ဆေး  သည်။
ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ရှုရပ်မှနေ၍ ရေသွယ်ဥမင်လိုဏ်အထွက်ပိုင်း ဖောက်လုပ်မှု၊  ဓာတ်အားပေးစက်ရုံတည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို  ကြည့်ရှုစစ်ဆေးသည်။

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် ဒုဋ္ဌ၀တီမြစ်(မြစ်ငယ်မြစ်)ပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး မဂ္ဂါဝပ် ၂၈၀ ရှိ  ဓာတ်အားပေးစက်ရုံတည်ဆောက်၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း ၁၄၀၉ သန်းထုတ်လုပ်ကာ  နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်မှ တစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့  လျှပ်စစ်ဓာတ်အား များ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သော စီမံကိန်းဖြစ်ပြီး တည်ဆောက်မည့် ပင်မတမံအမျိုးအစားမှာ RCC ကွန်ကရစ် တမံဖြစ်၍ ကန်ရေပြည့် ရေသိုလှောင်ပမာဏ မှာ၂ ဒသမ ၇၇ သိန်းဧကပေ သိုလှောင်နိုင် မည်ဖြစ်သည်။

ယခုအခါစီမံကိန်း၏ ၃၈ ဒသမ ၇၃ ရာခိုင်နှုန်းတည်ဆောက်ပြီးစီး နေပြီဖြစ်ပြီး စက်တင်ဘာလတွင်   ၄၃ ရာခိုင်နှုန်းသို့ ပြီးစီးအောင် စီမံဆောင်ရွက်လျက်ရှိကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စီမံကိန်းတစ်ခု လုံး ပြီးစီးမည်ဖြစ်သည်။    ဒုဋ္ဌ၀တီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင်     ဆောင်ရွက်ပြီး ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ မဂ္ဂါဝပ် ၇၉၀ ထုတ်လုပ်လျက်ရှိရာ ဆက်လက်၍ အနာဂတ် စီမံချက်များအနေဖြင့်    နမ္မတူ(သီပေါ) စီမံကိန်း  မဂ္ဂါဝပ် ၂၁၀ အား လည်းကောင်း၊ အလယ်ရဲရွာစီမံကိန်း  ၇၃၅  မဂ္ဂါဝပ်အား လည်းကောင်း၊ ဒီးဒုတ်စီမံကိန်း  မဂ္ဂါဝပ် ၆၀ အားလည်းကောင်း   ထုတ်လုပ်နိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment