Thursday, April 4, 2019

ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး ကျင်းပ
Image may contain: one or more people, people standing and indoor
နေပြည်တော် ဧပြီ ၃
ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လက်မှတ်ရေးထိုး
အစည်းအဝေးတွင် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten တို့အကြား ပဋိပက္ခအတွင်းလိင်အကြမ်း ဖက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
အဆိုပါပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်ရန်အတွက် အမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ အမျိုးသား ကော်မတီအနေဖြင့် လုပ်ငန်းတာဝန် (၅) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ပူးတွဲကြေညာချက်ပါ ဆောင်ရွက်ရမည့်ကဏ္ဍ (၆) ရပ်အနက် ဦးစားပေးကဏ္ဍများကို သတ်မှတ်၍ အရှိန်အဟုန်ဖြင့် တိုးမြှင့်အကောင်အထည်ဖော်ခြင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်တစ်ရပ်ကို ပြည်တွင်း၌ ညှိနှိုင်းရေးဆွဲခြင်း၊ လုပ်ငန်းစီမံချက် ရေးဆွဲရာတွင် ကုလသမဂ္ဂနှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက် မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ် စားလှယ်ရုံးတို့မှ နည်းပညာနှင့် အကြံÓဏ်များရယူနိုင်ရေး ဆောင်ရွက်ခြင်း၊ ပူးတွဲကြေညာ ချက်အား အကောင်အထည်ဖော်ရာတွင် တိုးတက်မှုရလဒ်များကို စုစည်းပြုစု၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာသို့ အသိပေးခြင်း၊ အမျိုးသမီးများအား လိင်အကြမ်း ဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးနှင့်စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ သတင်းမီဒီယာများမှတစ်ဆင့် လူထု အား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ပါကြောင်း။
ယခု ပထမအကြိမ်အစည်းအဝေးတွင် ပူးတွဲကြေညာချက်ပါ ဆောင်ရွက် ရမည့် ကဏ္ဍ(၆) ရပ်အနက် ဦးစားပေး ကဏ္ဍများ သတ်မှတ်ခြင်း၊ အမျိုးသား အဆင့် လုပ်ငန်းစီမံချက် (မူကြမ်း) ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးချမှတ်
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် အမျိုးသားအဆင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများက အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းကော်မတီ အားဖွဲ့စည်း သွားရန်၊ အမျိုးသားအဆင့် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင်တင်ပြသည့် အချက်အလက်များ အပေါ် မူတည်၍ Action Plan (မူကြမ်း) စုစည်းရေးဆွဲပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အတည်ပြုချက်ရ ယူရန်အပါအဝင် အစည်းအဝေး ဆုံးဖြတ်ချက် (၈)ချက်နှင့် ရှေ့လုပ်ငန်းစဉ် (၈) ရပ်ကို ဆွေးနွေးချမှတ်ခဲ့ကြသည်။
ပူးတွဲကြေညာချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားကော်မတီဖွဲ့စည်းခြင်း၊ ကော်မတီ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ ခြင်းနှင့် လုပ်ငန်းစီမံချက်ညှိနှိုင်းရေးဆွဲခြင်း စသော ဖြစ်ပေါ်တိုးတက်မှုများကို ၂၀၁၉ ခုနှစ် ဧပြီ ၂၆ ရက်တွင် ကျင်းပမည့် ပဋိပက္ခနှင့်စပ်လျဉ်းသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့် ဆွေးနွေးပွဲ၊ ၂၀၁၈ ခုနှစ်အတွက် ပဋိပက္ခနှင့်စပ်လျဉ်းသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတို့တွင် ထည့်သွင်းဖော်ပြခြင်းဖြင့် မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ဖြစ်ပေါ် တိုးတက်မှုများကို နိုင်ငံတကာသို့ အသိပေးမှုများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment