Friday, April 26, 2019

နှစ်နိုင်ငံအကျိုးစီးပွားမြှင့်တင်ဖော်ဆောင်

Image may contain: text

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ် မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဖိုရမ်သို့   တက်ရောက်ရန်နှင့်   ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်အာခါ မိုဟာဆီနာ ပါတိုင်းတဲ့ချိုဟွန်ဆင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့  တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်နေသည်။

ဧပြီလ ၂၄ ရက်နေ့တွင်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ   ပေကျင်းမြို့  ပြည်သူ့ခန်းမဆောင်ကြီးတွင်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတတို့ ဦးဆောင်သည့် နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့ဝင်များ နှစ်နိုင်ငံအကျိုးစီးပွားများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။ မြန်မာနှင့် တရုတ်နိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များသာမက နှစ်နိုင်ငံပြည်သူများမှာ ဆွေမျိုးပေါက်ဖော် များသဖွယ် ရင်းနှီးချစ်ကြည်ဆက်ဆံကြပြီး နှစ်နိုင်ငံအကျိုးစီးပွားများကို အစဉ်အဆက် မျှဝေခံစားကြသည်။

ယခု နှစ်နိုင်ငံဆွေးနွေးပွဲတွင်    ရပ်ဝန်းနှင့်ပိုးလမ်းမ     ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာ- တရုတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ အဆိုပါအစီအစဉ်အောက်မှ နှစ်နိုင်ငံပြည်သူ များ၏ လူမှုဘ၀မြှင့်တင်ရေးနှင့်   အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန် ဆွေးနွေးကြသည်။ အဆိုပါ အစီအစဉ်ကို ဆောင်ရွက်ရာတွင် နှစ်ဖက်အကျိုးစီးပွားအတွက် မျှမျှတတ ဖြစ်အောင် မဟာဗျူဟာနှင့် နည်းဗျူဟာများ    ချမှတ်ဆောင်ရွက်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နှင့်အညီ ဆောင်ရွက် သွားရေးတို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားထားသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းမှာ က္ဘာ့နိုင်ငံ ၆၀ ကျော် ပါဝင်ပတ်သက် လျက်ရှိပြီး အခြေခံအဆောက်အအုံ၊  ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မည့်   ကျယ်ပြန့်သော   အစီအစဉ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံသည်  ပထဝီအနေအထားအရ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် မဟာဗျူဟာကျသည့် နေရာ၌ တည်ရှိနေသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ အကျိုးစီးပွားအတွက်သာမက ဒေသအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းများရှိနေသည်။

စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ရာ၌  ပြည်သူများအတွက် ရေတို အကျိုးဖြစ်ထွန်းရေးသာမက ရေရှည်အကျိုးကိုပါ ရှုထောင့်အမျိုးမျိုးမှ လေ့လာစိစစ်ဆောင်ရွက်သွားရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက် တွင် ဆောင်ရွက်မည့် စီမံကိန်းများသည် မိမိတို့နိုင်ငံ၏ အမျိုးသားစီမံကိန်း များ၊ မူဝါဒများ၊ ပြည်တွင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်လျော ညီထွေမှုရှိရေး  ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ဦးဆောင်ကော်မတီ ပထမအကြိမ်အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားထားရာ အကျိုးစီးပွားဖြစ်ထွန်း စေမည့်အစီအစဉ်အဖြစ် ရှုမြင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ခေါင်းဆောင်များ ထိတွေ့ဆက်ဆံမှုသည် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြန်မာအစိုးရ ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်အစိုးရမှ ဆက်လက်အကူအညီပေး ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရခိုင် ပြည်နယ်အရေးကိစ္စနှင့် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေးကိစ္စများအတွက် အလားအလာကောင်းများ ဖြစ်ထွန်းစေပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  တရုတ်နိုင်ငံခရီးစဉ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်မည့် လာမည့်  ၂၀၂၀ ပြည့်နှစ်၌ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံမြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအတွက် မြန်မာအစိုးရအား ယွမ်သန်း ၁၀၀၀ အကူအညီ အထောက်အပံ့ပေးမည့်ကိစ္စရပ်များကိုပါ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံခရီးစဉ်သည် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းမှုကို ရှေးရှု သည်ဖြစ်ရာ နှစ်ဖက်အကျိုးစီးပွားမျှတစွာဖြင့်  ရေတို၊ ရေရှည်အကျိုး ဖြစ်ထွန်းရေးကို ဆွေးနွေးဆောင်ရွက်ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည် ပါသည်။    ။

No comments:

Post a Comment