Wednesday, April 24, 2019

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအနက် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်း ဆောင်ရွက်





Image may contain: 2 people, people sitting and indoor
နေပြည်တော် ဧပြီ ၂၃



 
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအနက် နိုင်ငံခြား သား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံ တွင် နိုင်ငံခြားသားများအား ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသား ဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူများဟူ၍ အမျိုးအစား လေးမျိုးခွဲခြား သတ်မှတ်ကာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ကျင့်သုံးခွင့်ပြုဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ လျှောက်ထားသူများအား ထုတ်ပြန်ပြဋ္ဌာန်းထားသည့် နည်းဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီတို့မှ အဆင့်ဆင့်စိစစ်ရွေးချယ်ကာ လူတွေ့မေးမြန်း အကဲဖြတ်၍ အဆင့်ဆင့်အတည်ပြုပြီး အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ ယခုလည်း ဗဟိုကော်မတီမှ စိစစ်အတည် ပြုပြီးသူများအား လူကိုယ်တိုင်တွေ့ဆုံမေးမြန်း အကဲဖြတ်ကာ အမြဲနေထိုင်ရန် ခွင့်ပြုသင့်၊ မပြုသင့်ကို ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေး ကြရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းတာဝန်ခံတို့က နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားမှုနှင့် ဗဟိုကော်မတီမှ စိစစ်ပြီးသူများအား လူတွေ့ မေးမြန်း အကဲဖြတ်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ကော်မတီဝင်များက လူတွေ့အကဲဖြတ်ခံရမည့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံ၍ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေများအပေါ် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအခြေအနေများကို မေးမြန်းဆွေးနွေးကာ အကဲဖြတ်အတည်ပြု ဆုံးဖြတ်ကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာလုပ်ငန်း စတင် ဆောင်ရွက်သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ယခုအထိ နိုင်ငံခြားသား စုစုပေါင်း ၅၉၈ ဦး အမြဲနေထိုင်ခွင့် လျှောက်ထားသည့်အနက် ၄၈၀ အား ခွင့်ပြုပေးခဲ့ပြီး နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးဆောင်ရွက် လျက်ရှိသည်။ ယခုအခါ ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအနက် ၂၇ ဦး အား လူတွေ့မေးမြန်းအကဲဖြတ် အတည်ပြုဆောင်ရွက်မည်ဖြစ်ပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြ၍ နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment