Monday, April 15, 2019

ချစ်ကြည်ရင်းနှီးငြိမ်းချမ်းခြင်း အတာသင်္ကြန်

Image may contain: text

သင်္ကြန်ရေသဘင်ပွဲတော်သည် ဗုဒ္ဓဘုရားရှင် မပွင့်ထွန်းမီအချိန်မှ ယနေ့ ထက်တိုင် အစဉ်အလာမပျက် ပျော်ရွှင်စွာ ဆင်နွှဲလာသော ပွဲတော်ဖြစ် သည်။ ဘုရင်၊ မင်းညီမင်းသား၊ မှူးမတ်များ ကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံစေရန် သန့်စင်သောရေစင်ပက်ဖျန်းခြင်းမှအစပြု၍ ပြည်သူပြည်သား များပါ ကောင်းခြင်းမင်္ဂလာများ ဆောင်ကြဉ်းလာကြသည့် ရှေးထုံးအစဉ် အလာပွဲတော်ဖြစ်ပါသည်။

ထိုပွဲသဘင်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသဖြင့် ပျော်ရွှင်ချမ်းမြေ့မှု အပေါင်းတို့ကို  ဖြစ်စေပါသည်။  အေးချမ်းသည့်ရေစင်ဖြင့်    ပက်ဖျန်း ဆေးကြောခြင်းခံရသဖြင့် သန့်ရှင်းကြည်လင်လန်းဆန်းမှုအပေါင်းတို့ကို ဖြစ်စေသည်။   သင်္ကြန်ရေသဘင်ပွဲတော်သည်   ဗုဒ္ဓဘာသာဝင်များ၏ ထုံးတမ်းစဉ်လာမင်္ဂလာပွဲတော်ဖြစ်သည်ဟု ဆိုသော်ငြားလည်း အေးချမ်း ပျော်ရွှင်သန့်ရှင်းခြင်းအပေါင်းတို့ကို ဆောင်ကြဉ်းသဖြင့် ဘာသာတိုင်း၊ လူမျိုးတိုင်း ပါဝင်ဆင်နွှဲနိုင်သည့် ပွဲတော်ဟု ဆိုနိုင်ပါသည်။

သင်္ကြန်ရေသဘင်ပွဲတော်၏         သမိုင်းကြောင်းအစဉ်အလာကို ပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင်လည်း   သင်္ကြန်ရေသဘင်သည် ချစ်ခင်ခြင်း၊  စည်းလုံးခြင်း၊  ညီညွတ်ခြင်း၊  ငြိမ်းချမ်းခြင်း၊ လန်းဆန်းခြင်း၊ ပျော်ရွှင်ခြင်း၊ အေးချမ်းခြင်း၊ ကောင်းမှုကုသိုလ်များပွားတိုးခြင်း စသည့် ကောင်းခြင်းလက္ခဏာအမျိုးမျိုးတို့ကို ဆောင်ကြဉ်းသောကြောင့် ပြည်သူ ပြည်သားအားလုံး ပါဝင်ဆင်နွှဲထိုက်သော ပွဲတော်ဖြစ်ပါသည်။

ထိုသို့ပါဝင်ဆင်နွှဲထိုက်သည်နှင့်အညီ မြန်မာပြည်တစ်ဝန်းအတွင်း လူမျိုးဘာသာအားလုံး အသွေးအရောင် အဆင့်အတန်းမခွဲခြားဘဲ အတူ တကွ ပါဝင်ဆင်နွှဲနေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အပျော်တို့သည် ကူးစက်တတ်သည့်သဘောရှိသကဲ့သို့ သင်္ကြန်ရေသဘင်ပွဲတော်ကို စုပေါင်း ပျော်ရွှင်စွာဆင်နွှဲခြင်းမှ ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းမှုကို နိုင်ငံတစ်ဝန်းလုံး လွှမ်းခြုံနိုင်အောင် တည်ဆောက်ယူရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခင်စည်းလုံး ခြင်းတို့ ဦးစားပေးလိုအပ်နေသော အချိန်အခါ၌ အေးချမ်းစွာဖြင့် စုပေါင်း ဆင်နွှဲကြသော ၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကြီးတွင်  မြန်မာပြည်ကြီးငြိမ်းချမ်းပါစေကြောင်း အဓိပ္ပာယ်ဖော်ဆောင်သည့် စုပေါင်း ပါဝင်ဆင်နွှဲမှုများမှာ အထူးပင် လျော်ကန်သင့်မြတ်လှပေသည်။ သင်္ကြန်၏  စုပေါင်းပျော်ရွှင်မှုအပေါင်းတို့သည်       အေးချမ်းမှု၊   ငြိမ်းချမ်းမှုတို့ကို ဖော်ဆောင်နေပေသည်။

ယခုနှစ်  အတာသင်္ကြန်ရေသဘင်ပွဲတော်၏ထူးခြားချက်မှာ   ဒီမို ကရေစီ၏အနှစ်သာရကို ပေါ်လွင်စေသည့် လမ်းလျှောက်သင်္ကြန်ပင် ဖြစ်သည်။ လမ်းလျှောက်သင်္ကြန်သည် ခြိုးခြံချွေတာခြင်းသဘောဆောင်ပြီး ဆင်းရဲချမ်းသာမရွေး၊ ဘာသာလူမျိုးမရွေး စုပေါင်းပါဝင်ဆင်နွှဲနိုင်သဖြင့် တန်းတူညီမျှမှုနှင့်ချစ်ခင်ရင်းနှီးမှုတို့ကို ဆောင်ကြဉ်းပေးနိုင်ပေသည်။

သင်္ကြန်ရေသဘင်ပွဲသည် လူမျိုးတိုင်းနှင့်သက်ဆိုင်သဖြင့် တိုင်းရင်း သားလူမျိုးအသီးသီး ပါဝင်ဆင်နွှဲကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိရသည်။ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင် စသည့်တိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီအလိုက် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုနှင့်အညီ ဆင်နွှဲကြသကဲ့သို့ တိုင်းရင်းသားလူမျိုး အားလုံးပေါင်းစုပြီး ပျော်ရွှင်စွာဆင်နွှဲကြသည်မှာ ငြိမ်းချမ်းမှုကို ဆောင်နေ ပေသည်။

ထိုကဲ့သို့သော ကောင်းသတင်းများကို ဆောင်ကြဉ်းနေသည့်အခါ၊ ကောင်းသောအမှုများကို ပြုလုပ်နေသည့် သမယတွင် မကောင်းသော သတင်း၊ မကောင်းသောအပြုအမူနှင့် ပျော်ရွှင်မှုများကို ရှောင်ကြဉ်ကာ ကောင်းသောအမှုများ မြန်မာပြည်တစ်ဝန်းတွင် ထုံမွမ်းအောင် စုပေါင်း ဆင်နွှဲကြရမည်ဖြစ်သည်။ စည်းလုံးညီညွတ်သော စုပေါင်းအင်အားဖြင့် ငြိမ်းချမ်းမှုရယူကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ  ယခုနှစ်သင်္ကြန်သည်  ယခင်နှစ်များနှင့်မတူ  ငြိမ်းချမ်း ပျော်ရွှင်ဖွယ်များနှင့် ပိုမိုဖော်ဆောင်လာနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။ အတူတကွစုပေါင်းပါဝင်ဆင်နွှဲခြင်းမှပေါ်ထွက်လာသည့် ချစ်ကြည်ရင်းနှီးမှု နှင့် မေတ္တာတရားများကိုအခြေခံကာ မြန်မာပြည်တစ်ဝန်းတွင် ၁၃၈၀ ပြည့်နှစ် နှစ်သစ်ကူးပြောင်းသည့် နှစ်ကူးကာလမှစ၍ မြန်မာပြည်ကြီး အေးချမ်းသာယာပါစေကြောင်း တောင်းဆုခြွေပါသည်။          ။

No comments:

Post a Comment