Monday, April 15, 2019

တပ်မတော်လုံခြုံရေးစစ်ကြောင်းများက AA အဖွဲ့များ၏ သင်တန်းကျောင်းနှင့်စခန်းများအား သိမ်းပိုက်ရရှိ၊ လက္ကာကျေးရွာ၌ လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

No photo description available.

နေပြည်တော် ဧပြီ  ၁၄

တပ်မတော်လုံခြုံရေးစစ်ကြောင်းများက ယမန်နေ့မွန်းလွဲပိုင်းတွင် AAအဖွဲ့များ ၏သင်တန်းကျောင်းနှင့်စခန်းများအား သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပန်းမြောင်ကျေးရွာအနီးပတ်ဝန်းကျင် တောင် ကြောများ၌ AA အဖွဲ့၏ သင်တန်းကျောင်းနှင့် စခန်းများရှိပြီး ၎င်းနေရာမှ မြောက်ဦးမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအား ခြိမ်းခြောက်အကျပ်ကိုင် စိုးမိုးမှုများ မကြာခဏပြုလုပ်လျက်ရှိသဖြင့် တည်ငြိမ်အေးချမ်းစွာနေထိုင် လိုကြသည့် ဒေသခံများက တပ်မတော်လုံခြုံရေး စစ်ကြောင်းများထံသို့ ၎င်းတို့၏ တည်နေရာများအား သတင်းပေးပို့တိုင်ကြားလာခဲ့ကြသည်။

သို့အတွက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများက အထက်ပါနေရာ တစ်ဝိုက်အား မတ် ၁၉ ရက်မှစတင်၍ အဆင့်ဆင့်ခြေကုပ်ယူချဉ်းကပ်တိုက် ခိုက်ခဲ့ရာ AA အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ အကြိမ် ၂၀ ခန့်ဖြစ်ပွားခဲ့ကာ  ဧပြီ ၁၃ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်တွင် ယာယီလေ့ကျင့်ရေးသင်တန်း ကျောင်း နေရာ တစ်ခုအား သိမ်းပိုက်ရရှိခဲ့ပြီး ၎င်းအဖွဲ့များသည် အနောက် တောင်နှင့် အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

အလားတူ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ    လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်ရှာဖွေမှုများဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ကိုလပြည့်၏ နေအိမ်ခြံဝင်းအတွင်းမှ ကျည်အိမ် သုံးခု၊ ကျည် ၂၀၃ တောင့်နှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် ကိုလပြည့်၏ အစ်ကိုဖြစ်သူ ဦးမောင်ဦးကျော်၏နေအိမ်မှ လက်ပစ်ဗုံး ၁၀ လုံးအားလည်း ကောင်း သိမ်းဆည်းရမိခဲ့သည်။

သို့ဖြစ်ရာ မြောက်ဦးမြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား ခြိမ်းခြောက် နေသည့် AA အဖွဲ့များ၏ သင်တန်းကျောင်းနေရာနှင့် စခန်းကုန်းများအား မောင်းထုတ်ရှင်းလင်းသိမ်းပိုက်ရရှိခဲ့ပြီး   အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်လုံခြုံရေးစစ်ကြောင်းများက  နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏သတင်းထုတ်ပြန်ချက်အရ သိရသည်။    
                          

သတင်းစဉ်


No comments:

Post a Comment