Monday, April 8, 2019

တန်ဖိုးရှိသည့် နိုင်ငံ့အရင်းအမြစ်


မြန်မာ့အလင်းအယ်ဒီတာအာဘော်



သစ်ကောင်းဝါးကောင်းမရှိသောတောကို တောနိမ့်တောပျက်ဟု ဆိုကြ သည်။ တောနိမ့်တောပျက်သည် သစ်ကောင်း ဝါးကောင်း၊ သစ်ကြီး ဝါးကြီးမရှိသည့်အတွက် တန်ဖိုးလည်းမရှိ။ သစ်ကောင်း ဝါးကောင်းတို့ ထူထူထပ်ထပ်၊ ပေါပေါများများ ပေါက်ရောက်သည့်တောသည်သာ တန်ဖိုးမြင့်မားသည့် တောဖြစ်သည်။


ထိုနည်းတူစွာ နိုင်ငံတစ်နိုင်ငံရှိ ပြည်သူလူထုသည်လည်း အရည် အသွေးမြင့်မားမှသာ ထိုနိုင်ငံသည် အဖိုးတန်လူသားသယံဇာတကို ပိုင်ဆိုင်ထားသည့်နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းတစ်ခု ရှိနေသည့်နိုင်ငံဖြစ်သည်ဟု ဆိုရမည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအကောင် အထည်ဖော်ဆောင်ရွက်ကြရာတွင် အရည်အသွေးပြည့်၀သော ပြည်သူ လူထုကသာလျှင် စွမ်းဆောင်နိုင်ကြသူများဖြစ်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတိုင်းက မဖြစ်မနေ ဆောင်ရွက်ကြရသည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းလည်းဖြစ်သည်။


ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သူ တိုနီဘလဲက မိမိတို့အစိုးရ အဖွဲ့အတွက် အဓိကအကျဆုံး ဦးစားပေးလုပ်ငန်းသုံးခုသည် အဘယ်နည်း ဟု မိမိအား မေးလာပါက ပညာရေး၊ ပညာရေးနှင့် ပညာရေးဟူ၍သာ ဖြေလိုပါသည်ဟု ဆိုခဲ့ဖူးသည်။ အရည်အသွေး ပြည့်၀သော လူသား အရင်းအမြစ် ပိုင်ဆိုင်နိုင်ရေးအတွက် ကျောင်းသင်ပညာရေး၊ ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးသည့် သက်မွေးဝမ်းကျောင်းပညာရေး၊ ပြည်သူ များ အသိအမြင်တိုးပွားရေးစသည်ဖြင့် အသိပညာ၊ အတတ်ပညာ များ တိုးပွားအောင်ဆောင်ရွက်နိုင်မည့် အခြေခံကောင်းများကို ဖန်တီး တည်ထောင်ပေးရန်မှာ အစိုးရများကသာ ဆောင်ရွက်နိုင်သည့် လုပ်ငန်း များဖြစ်ပြီး ပြည်သူတစ်ဦးချင်းစီကလည်း မိမိတို့၏အရည်အသွေးကို သင်ယူမှုဆိုင်ရာ နည်းလမ်းများဖြင့် မပြတ်ဆိုသလို မြှင့်တင်ပေးနေကြ ရန် လိုအပ်သည်။


သင်ယူမှုဟူ၍ဆိုရာတွင် ကျောင်းသင်အတန်းပညာရေးမျှကိုသာမက၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာဆိုင်ရာ ပညာရေးကိုလည်း အလေးအနက်ထားသင်ယူသင့်သလို ကျောင်းပြင်ပတွင်လည်း အသိပညာ၊ အတတ်ပညာများ၊ အတွေ့အကြုံဗဟုသုတများ၊ ပေါင်းသင်းဆက်ဆံမှု၊ စီမံခန့်ခွဲမှုဆိုင်ရာများ စသည်တို့ကို စာအုပ်စာပေများမှတစ်ဆင့် ရှာဖွေ ရယူနိုင်ကြသည်။


ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ''မိဘဆရာများသည် ကလေးများကို တိုးတက်အောင်၊ ပညာ ရှာတတ်အောင်၊ ပညာရှာချင်အောင် အားပေးစေလိုပါကြောင်း၊ မိဘများ ကိုယ်တိုင်ကလည်း အသက်ထက်ဆုံး ပညာရှာတတ်သည့် အမူအကျင့် များကိုပြကြပါဟု မေတ္တာရပ်ခံလိုပါကြောင်း၊ ပညာရှာခြင်းသည် ကျောင်း တွင် သင်ယူခြင်းကို ဆိုလိုခြင်းမဟုတ်ပါကြောင်း၊ လောကတွင် ရင်ဆိုင်ရ မည့်ပြဿနာ၊ စိန်ခေါ်မှုများကို ကျော်လွှားသည့်နေရာတွင် မှန်မှန်ကန်ကန် သိက္ခာရှိရှိဖြင့် ကျော်လွှားနိုင်ရန် နည်းလမ်းများရှာခြင်းကို ဆိုလိုခြင်း ဖြစ်ပါကြောင်း'' စသည်ဖြင့် ပြောကြားခဲ့သည်ကို မှတ်သားမိသည်။ ပညာသင်ယူခြင်း၏ အနက်အဓိပ္ပာယ်သည် ကျောင်းတက်ခြင်းမျှသာ မကဘဲ ပိုမို၍ ကျယ်ဝန်းကြောင်းကို ညွှန်ပြခြင်းလည်း ဖြစ်သည်။


နိဂုံးချုပ်အားဖြင့်ဆိုပါမူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသား အရင်းအမြစ်၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ကျန်းမာရေးနှင့် ပညာရေးတို့တွင် မူဝါဒများချမှတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်ခြင်းတို့ကို အစိုးရများက မဖြစ်မနေဆောင်ရွက်ကြရသကဲ့သို့ ပြည်သူတစ်ဦးချင်း စီကလည်း မိမိတို့၏စွမ်းရည်များ မြင့်မားသည်ထက် မြင့်မားလာအောင် ဖြည့်ဆည်းလေ့ကျင့်ခြင်း၊ မိမိတို့၏ နောက်မျိုးဆက်သစ်များ၏ သင်ယူ မှုကိုအားပေးခြင်း နည်းလမ်းများဖြင့် ပူးပေါင်းပါဝင်ကြရစမြဲပင်ဖြစ် သည်။ တန်ဖိုးမြင့်မားသော အရည်အချင်းပြည့်၀လာသော လူ့စွမ်းအား အရင်းအမြစ်ကို ထိရောက်စွာအသုံးချခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် မှန်ကန်သော လုပ်ငန်းစဉ်တစ်ခုပင်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment