Thursday, April 18, 2019

''၀''အထူးဒေသ (၂) ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့် အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့တက်ရောက်





Image may contain: one or more people, people standing, crowd and outdoor
ပန်ဆန်း ဧပြီ ၁၇



''၀” အထူးဒေသ(၂)၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃၀)ပြည့် အခမ်း အနားကို ယနေ့နံနက် ၇ နာရီက ပန်ဆန်း မြို့၌ ကျင်းပရာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သှူအင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးမိုး ဇော်ဦးတို့ပါဝင်သည့် အစိုးရကိုယ်စား လှယ်အဖွဲ့ တက်ရောက်ကြသည်။
မီးရှူးမီးပန်းများ ပစ်ဖောက်
ရှေးဦးစွာ ငြိမ်းချမ်းရေးတည်ဆောက် မှု နှစ် (၃၀) ပြည့် အခမ်းအနားတွင် မီးရှူး မီးပန်းများ ပစ်ဖောက်ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံတော်နှင့် ''၀''အထူးဒေသ(၂)၏ အလံကို အခမ်း အနားဖြင့် လွှင့်ထူ၍ နိုင်ငံတော်သီချင်း ကို တီးမှုတ်ဂုဏ်ပြုသည်။
ကပြဖျော်ဖြေ
ထို့နောက် ''၀'' အထူးဒေသ(၂) ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃၀) ပြည့်ကို စစ်ရေးပြအခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုခြင်း၊ “၀” အထူးဒေသ (၂) နယ်မြေအတွင်းရှိ တိုင်းရင်းသား ပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့ နှင့် လုပ်ငန်း နယ်ပယ်အသီးသီးရှိ ကိုယ်စားလှယ်အဖွဲ့ များက တိုင်းရင်းသားရိုးရာ အကအလှ များဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေမှု များပြုလုပ်၍ အခမ်းအနားကျင်းပရာသို့ ဝင်ရောက်နေရာယူခြင်းတို့ကို ပြုလုပ် ကြသည်။
ယင်းနောက် ''၀'' ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP)အထွေထွေ အတွင်းရေးမှူးချုပ်၊ ''၀''ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) စစ်ဦးစီးချုပ် ဦးပေါက်ယူချန်းက မိန့်ခွန်း ပြောကြားသည်။
သဝဏ်လွှာကို ဖတ်ကြား
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ကိုယ်စား လှယ်အဖြစ် တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ''၀”အထူးဒေသ(၂)၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ်(၃၀)ပြည့် အခမ်း အနားသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပေးပို့ သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
(အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သဝဏ်လွှာကို စာမျက်နှာ ၅ တွင် ဖော်ပြ ထားပါသည်။)
ယင်းနောက် အခမ်းအနားမှူးက ''၀''အထူးဒေသ(၂)၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့်ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့မှ ပေးပို့လာသည့် သဝဏ်လွှာများကို မှတ်တမ်းတင်ပြီး သဝဏ်လွှာဖတ်ကြား သည်။
နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနှင့် ဖိတ်ကြားထားသည့် ကိုယ်စားလှယ် များအား ပန်ဆန်းမြို့ ပြည်သှူခန်းမ၌ နေ့လယ်စာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
တွေ့ဆုံဆွေးနွေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သောအဖွဲ့နှင့် တရုတ်ပြည်သှူသမ္မတနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာန၏ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ စွန်းကော်ရှန်း ဦးဆောင်သောအဖွဲ့တို့သည် ပြည်သှူ ခန်းမ၌ သီးသန့်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စ ရပ်များ၊ နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေးဆ်ိုင်ရာ ကိစ္စရပ်များ၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agree-ment-NCA) လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်းများNCAလက်မှတ် ရေးထိုးရေးဆိုင်ရာကိစ္စရပ်များနှင့် တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သော အဖွဲ့သည် ''၀''အထူးဒေသ(၂) ပန်ဆန်း မြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် လားရှိုး မြို့သို့ရောက်ရှိကြပြီး ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်

No comments:

Post a Comment