Tuesday, April 2, 2019

လုပ်ငန်းကျွမ်းကျင်မှ တိုးတက်အောင်မြင်

Image may contain: text


ကျွမ်းကျင်လုပ်သား၊ ကျွမ်းကျင်သူ၊ ကျွမ်းကျင်ပညာရှင်ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဆေးဘက်ပညာ၊ စာရင်းကိုင်ပညာ၊ နည်းပညာ မှအစ အောက်ခြေသိမ်းလုပ်သားအားလုံးအထိ ပါဝင်ပါသည်။ ၎င်းတို့ သည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်အရေးပါသော လူသားအရင်းအမြစ် များဖြစ်ကြပါသည်။ ကျွမ်းကျင်သော အရင်းအမြစ်များ နည်းပါးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနည်းပြီး များပြားပါက ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ ဖြစ်လာပါသည်။
ကျွမ်းကျင်မှုဟူသည် မွေးရာပါတတ်မြောက်လာခြင်းမဟုတ်ချေ။ ကျွမ်းကျင်မှုပညာတစ်ရပ်အား အပတ်တကုတ်လေ့လာလိုက်စား ဆည်းပူး သင်ယူခြင်းမှ တတ်မြောက်လာသောပညာတစ်ရပ်ဖြစ်သည်။ ထိုပညာကို နည်းမှန်လမ်းမှန်ဖြင့် ခေတ်မီနည်းကျ တတ်မြောက်ဖို့ လိုအပ်သည်။ ပုံသေကားကျမဟုတ်ဘဲ တီထွင်ကြံဆမှုဖြင့် စနစ်တကျလုပ်ကိုင်တတ်ဖို့ လိုအပ်သည်။ မြန်မာမှုနယ်ပယ်တွင် ဆရာမပြ ငါးပိဖုတ်ပင် နည်းမကျ ဆိုသကဲ့သို့ စနစ်တကျနည်းလမ်းပြသော ဆရာလိုအပ်သည်။
ချမ်းသာကြွယ်၀သော အနောက်နိုင်ငံများကို သံသေ တစ်ပြည်၀၊ ပြဒါးသေ တစ်ဆွေ၀သည့် နိုင်ငံများဟု ဆိုကြသည်။ အမှန်တွင် သံ၊ သတ္တုတို့ကို အရည်ကျိုချက်၍ များလှသော လူ့အသုံးအဆောင် ကိရိယာ တန်ဆာတို့ကို ကျွမ်းကျင်စွာ ဖန်တီးစီရင်တတ်သောကြောင့် ငွေအမြောက် အမြား ဝင်လာပြီး တိုင်းပြည်ကြွယ်၀ချမ်းသာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် နည်းပညာ၊ အတတ်ပညာတို့ကို ကျွမ်းကျင်စွာ တတ်မြောက် ခြင်းသည် ချမ်းသာခြင်း အကြောင်းရင်းခံဖြစ်ပေသည်။
မြန်မာနိုင်ငံသည် လုပ်သားအင်အား ပေါများသောနိုင်ငံဖြစ်သည်။ သို့သော် ကျွမ်းကျင်သောအတတ်ပညာကို ခေတ်မီနည်းကျ စနစ်တကျ တတ်မြောက်သောသူများမှာ နည်းပါးလှသည်။ ခေတ်မီနည်းစနစ်တကျ မတတ်မြောက်သရွေ့ မိမိနိုင်ငံကိုလည်း အကျိုးမဖြစ်၊ သူတစ်ပါးနိုင်ငံ တွင်လည်း အလုပ်မဖြစ်လောက်ချေ။ စားနိုင်သောက်နိုင်ရုံလောက် ချောင်ချောင်လည်လည်တော့ ရှိပေလိမ့်မည်။
ထိုင်းနိုင်ငံ၏စစ်တမ်းအရ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား သုံးသန်းကျော်ရှိပြီး မလေးရှား၊ စင်ကာပူနှင့် အခြားနိုင်ငံများတွင် မြန်မာ လုပ်သား သိန်း၊ သောင်းချီရှိသည်။ ပြည်ပရောက် မြန်မာလုပ်သားများတွင် အောက်ခြေသိမ်းလုပ်သားများမှာ ၆၅ ရာခိုင်နှုန်းကျော်ရှိပြီး ကျန် ၃၅ ရာခိုင်နှုန်းနီးပါးမှာ အသိပညာရှင်၊ အတတ်ပညာရှင်နှင့် ကျွမ်းကျင်သူများ ဖြစ်သည်။ သူတစ်ပါးနိုင်ငံမှ ကျွမ်းကျင်သူများ၊ အလုပ်သမားများထက် လုပ်ခသက်သာသော မြန်မာများကို အသုံးချရသဖြင့် ၎င်းတို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းကြသည်။
ပြည်ပနိုင်ငံများ၌ ကျွမ်းကျင်မှုလိုအပ်ချက်ရှိပါက အလုပ်အကိုင်ဆုံးရှုံး ခြင်း၊ လုပ်ခလစာနည်းပါးခြင်းတို့နှင့် ကြုံတွေ့ရမည်။ မြန်မာနိုင်ငံ၏ အဓိကစိန်ခေါ်မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ကျွမ်းကျင် လုပ်သားများ နည်းပါးနေခြင်းဖြစ်သည်။ ထိုအချက်ကို ဖြည့်ဆည်းသည့် အနေဖြင့် မတ်လ ၂၉ ရက်နေ့က နေပြည်တော်တွင် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု"စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏ ISO 9001:2015 အသိအမှတ်ပြု လက်မှတ်ရရှိခြင်းနှင့် အမျိုးသားအဆင့်အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ်ပေးအပ်ခဲ့သည်။
လုပ်ငန်းခွင်အတွင်း လုပ်သားများကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်လ အထိ အလုပ်အကိုင် ကျွမ်းကျင်မှုအလိုက် စစ်ဆေးအကဲဖြတ်ခဲ့ရာ အလုပ် အကိုင် ၂၃ မျိုးအတွက် အမျိုးသားအဆင့်အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ခဲ့ပေသည်။ သို့သော် လုပ်ငန်းနယ်ပယ်များမှာ များပြားကျယ်ပြန့် လှသဖြင့် ကျွမ်းကျင်သူများ၊ ကျွမ်းကျင်လုပ်သားများ သင်ကြားမွေးထုတ် ပေးနိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကျွမ်းကျင်သူများ၊ ကျွမ်းကျင်လုပ်သားများကို စဉ်ဆက် မပြတ် သင်ကြားမွေးထုတ်ပေးနိုင်ခြင်းဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် ဒေသတွင်းနိုင်ငံများတွင် သွားရောက် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများ၏ ရပိုင်ခွင့်နှင့် အကျိုးခံစား ခွင့်များ ဒေသတွင်းနိုင်ငံများရှိ ကျွမ်းကျင်လုပ်သားများနှင့်တန်းတူ အကျိုး ရလဒ်ကောင်းများ ရရှိမည်ဖြစ်ပါကြောင်း။ ။






No comments:

Post a Comment