Tuesday, April 2, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြောင်းမြတံတားဖွင့်ပွဲ တက်ရောက် ကျောင်းကုန်းမြို့နှင့် ပုသိမ်မြို့များရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ




ပုသိမ် ဧပြီ ၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူနှင့် ဦးအုန်းဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များအား ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက ပုသိမ်မြို့လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ် များဖြင့် မြောင်းမြသို့ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ် များဖြင့် မြောင်းမြတံတားဖွင့်ပွဲအခမ်းအနားကျင်းပမည့် ယာယီမဏ္ဍပ်သို့ ရောက်ရှိကြ သည်။
နှုတ်ခွန်းဆက်
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုအခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်သူပြည်သား အားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။
"မြောင်းမြကြိုးတံတားဟောင်းဟာ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကြံ့ခိုင်မှု အားနည်းပြီး ကျိုးကျခဲ့တဲ့အတွက် မနှစ်က ဒီအချိန်မှာ ဒေသခံပြည်သူများအတွက် စိတ်ထိခိုက်စရာ၊ ဝမ်းနည်းစရာများဖြစ်ပေါ်ခဲ့ရပါတယ်။ အခု တစ်နှစ်ပြည့်ခဲ့ပြီးနောက်မှာတော့ ဒေသခံများ မျှော်လင့်တောင့်တခဲ့တဲ့ မြောင်းမြတံတားသစ်ကြီး ပြီးစီးလို့ ဖွင့်လှစ် အသုံးပြုနိုင်ပါပြီ။ မြောင်းမြတံတားကြီးကတော့ ကြံ့ခိုင်၊ စိတ်ချရတဲ့အနေအထား ရှိနေပြီဖြစ်ပေမယ့် ဧရာ၀တီတိုင်းဒေသကြီးအတွင်းက ကြံ့ခိုင်မှုအားနည်းနေတဲ့ တံတားတွေရှိနေပါသေးတယ်။ ကြိုးတံတားများဖြစ်တဲ့ လပွတ္တာ(ပင်လယ်လေး)တံတား၊ ဝါးခယ်မတံတား၊ ရွှေလောင်းတံတားတွေကိုလည်း မြောင်းမြတံတားသစ် ကြီးလို ခံနိုင်ရည်အားကောင်းတဲ့ Steel Box Girder တံတားများအဖြစ် အဆင့်မြှင့်တင် တည်ဆောက်လျက် ရှိလို့ ယာယီအခက်အခဲများနဲ့ အဆင်မပြေမှုများ ရှိခဲ့ရင် လည်း သည်းခံပေးကြပါလို့ ပြည်သူလူထုကို မေတ္တာရပ်ခံ ချင်ပါတယ်။ တည်ဆောက်ပြီး လမ်း၊ တံတားများကို ရေရှည်ခိုင်ခံ့ဖို့ ဒေသခံများက ဝိုင်းဝန်းကူညီ ထိန်းသိမ်း စောင့်ရှောက်ပေးကြပါလို့လည်း တိုက်တွန်းမှာကြားလိုပါ တယ်။
ဦးစားပေးဆောင်ရွက်
"ကျွန်မတို့ဟာ တည်ဆောက်ရုံနဲ့မလုံလောက်ပါဘူး။ ဆက်ပြီးတော့ ထိန်းသိမ်းဖို့ အင်မတန်မှအရေးကြီးပါတယ်။ ပြည်သူပြည်သားများ အားလုံးဟာ တစ်ဦးချင်း တစ်ဦးချင်း ကနေ ကိုယ့်ရဲ့တာဝန်လို့ နှလုံးထဲမှာထားပြီး ကူညီပေးစေ ချင်ပါတယ်။ အခုလို လမ်း၊ တံတားတွေဟာ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံအကျဆုံး အချက်တစ်ခုဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(၂၀၁၈-၂၀၃၀)မှာ ချမှတ်ထားတဲ့ သာယာ၀ပြောမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှု မဏ္ဍိုင်ရဲ့ မဟာဗျူဟာတွေထဲမှာလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုနဲ့ စီးပွားရေးလုပ်ငန်း အမျိုးမျိုးကို ပံ့ပိုးပေးမယ့် ဦးစားပေးအခြေခံအဆောက်အအုံများ တည်ဆောက်ရေး ဆိုပြီး မျှော်မှန်းချက်၊ ရည်မှန်းချက်တွေ ထည့်သွင်းချမှတ် ကြိုးပမ်းလျက်ရှိပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လမ်း၊ တံတားများ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း အပါအဝင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်
"ဧရာ၀တီတိုင်းဒေသကြီးဟာ မြစ်၀ကျွန်းပေါ်ဒေသ ဖြစ်တာနဲ့အညီ မြစ်^ချောင်းများ ပေါများပြီး မြေဆီဩဇာ ကောင်းမွန်တာကြောင့် စိုက်ပျိုးရေးလုပ်ငန်း ကောင်းမွန်တဲ့ အပြင် ရေထွက်သယံဇာတတွေလည်း ပေါကြွယ်၀ပါတယ်။ ရှေးယခင်ကာလက ခရီးသွားလာရေးမှာ ရေလမ်းကြောင်း ကိုပဲ အဓိကအားပြုနေခဲ့ရပေမယ့် အခုဆိုရင် ကုန်းလမ်း ကြောင်းမှာ လမ်းကွန်ရက်တွေများစွာနဲ့ အချိန်တိုအတွင်း ပြည်နယ်နဲ့တ်ိုင်း အသီးသီးကို ဆက်သွယ်သွားလာနိုင်ကြပြီ ဖြစ်ပါတယ်။ ဧရာ၀တီတိုင်းဒေသကြီးရဲ့ မြို့တော်ပုသိမ်နဲ့ ရန်ကုန်ကို လေကြောင်းလိုင်းနဲ့လည်း ပို့ဆောင်ပေးနေတဲ့ အတွက် ပိုမိုအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ပြီး ပြည်သူ များအတွက် အခက်အခဲတွေဟာ နည်းပါးသွားပါတယ်။ ဒီလို လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေလွယ်ကူလာတာနဲ့ အမျှ ကုန်စည်ပို့ဆောင်ရေး ပိုမိုလွယ်ကူမြန်ဆန်လာပြီး စီးပွားရေးလုပ်ငန်းတွေ ပိုမိုတိုးတက်လာမှာဖြစ်သလို ဧရာ၀တီတိုင်းဒေသကြီးအတွင်းက သဘာ၀အတိုင်းနီးပါး ရှိသေးတဲ့ လှပတဲ့ပင်လယ်ကမ်းခြေတွေကိုလည်း ပြည်တွင်း^ပြည်ပခရီးသွားတွေ ပိုမိုလာရောက်ကြမှာ ဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်ပါတယ်။
ပူးပေါင်းဆောင်ရွက်ကြစေ
"နိုင်ငံတော်အစိုးရက အခြေခံအဆောက်အအုံ ဖွံ့ ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ အကန့် အသတ်နဲ့သာရှိတဲ့ ရင်းမြစ်တွေကို သုံးရကျိုးနပ်အောင်၊ အလေအလွင့်အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြဖို့ လိုပါတယ်။ ဌာနအသီးသီးအနေနဲ့ တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ကြဖို့၊ သတ်မှတ် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြဖို့ အထူး မှာကြားလိုပါတယ်။
"နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ပြည်သူများရဲ့ တက်ကြွတဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိမှသာ အောင်မြင် နိုင်မှာ ဖြစ်ပါတယ်။
ခေတ်ဟောင်း စနစ်ဟောင်းတစ်ခုကနေ ဒီခေတ်ရဲ့ လိုအပ်ချက်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီတဲ့ စနစ်သစ်တစ်ခုကို ပြောင်းလဲတဲ့နေရာမှာ အခက် အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရမှာ သဘာ၀ပဲဖြစ်ပါ တယ်။ ပြည်သူလူထုတစ်ရပ်လုံးကသာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ဘယ်လို အတားအဆီးတွေ၊ စိန်ခေါ်မှုတွေကိုမဆို ရင်ဆိုင် ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေမှာလည်း ဧရာ၀တီတိုင်းအတွင်းမှာရှိတဲ့ တိုင်းရင်းသား ပြည်သူများအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြစေလိုပါတယ်။
ကတိတွေတည်ဖို့ အင်မတန်မှအရေးကြီး
"မြောင်းမြတံတားသစ်ကြီးကို ရည်မှန်းထားတဲ့အတိုင်း အချိန်(၁)နှစ်တာကာလအတွင်း ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ အလုပ်သမားများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကာယဉာဏဝန်ထမ်း များနဲ့ အခြားဆက်စပ်ဝန်ကြီးဌာနများ၊ ပံ့ပိုးကူညီတဲ့ ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများကို နိုင်ငံတော်အစိုးရက ကျေးဇူးအထူးတင်ရှိပါတယ်။
"နိဂုံးချုပ်အနေဖြင့် ကျွန်မအတွက် မြောင်းမြတံတား ဟာ အထူးအရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။ မြောင်းမြ တံတားပျက်သွားတုန်းကလည်း လာကြည့်ခဲ့ပါတယ်။ အလုပ်တစ်ခုဟာ စပြီဆိုရင် ဆုံးခန်းတိုင်အောင် အောင်မြင်အောင် လုပ်ဖို့ဟာ ကျွန်မတို့အားလုံးမှာ တာဝန် ရှိပါတယ်။ အဲဒီတုန်းက အမြန်ဆုံး ဒီတံတားကို တည်ဆောက် ပေးပါမယ်လို့ ပြည်သူကို ကတိကဝတ်ပေးခဲ့ပါတယ်။ ဒါဟာလည်း အင်မတန်အရေးကြီးပါတယ်။ အုပ်ချုပ်ရေး ယန္တရားကို တာဝန်ယူတဲ့အဖွဲ့အစည်းတစ်ခုဟာ ပြည်သူကို ပေးတဲ့ ကတိတွေတည်ဖို့ဆိုတာဟာ အင်မတန်မှကို အရေးကြီးပါတယ်။ ပြည်သူနဲ့အစိုးရကြားမှာ ယုံကြည်မှုရှိဖို့ တစ်ဦးနဲ့တစ်ဦး ယုံကြည်ဖို့၊ လေးစားဖို့ဆိုရင် နှစ်ဖက်စလုံး က ကိုယ့်တာဝန်ကိုကျေပြီးတော့ ကိုယ့်အခွင့်အရေး ကိုလည်း စောင့်ရှောက်နိုင်ရပါမယ်။ အစိုးရတာဝန်တစ်ခု ဟာ ပြည်သူလူထုတွေကို ပေးထားတဲ့ ကတိကိုတည်ဖို့ပဲ ဖြစ်ပါတယ်။ ပေးထားတဲ့ကတိအတိုင်း ဒီနေ့မှာ ဒီတံတား ဖွင့်နိုင်တာကို အင်မတန်မှ ဝမ်းသာပါတယ်။
အစဉ်အလာကောင်းတွေကို ထိန်းသိမ်း
“ကျွန်မတို့ ငယ်ငယ်ကတည်းက မြောင်းမြမြို့နဲ့ နတ်မောက်မြို့ဆိုတာသိခဲ့ပါတယ်။ အထူးသံယောဇဉ်ရှိတဲ့ မြို့လို့ ပြောမယ်ဆိုရင် တခြားမြို့တွေက နားလည် ခွင့်လွှတ်မယ်လို့ ထင်ပါတယ်။ အထူးတာဝန်ရှိတဲ့အတိုင်းပဲ အင်မတန်မှ တိုးတက်စေချင်ပါတယ်။ မြောင်းမြမြို့ဟာ ဧရာ၀တီတိုင်းမှာ အတိုးတက်ဆုံး၊ ခေတ်အမီဆုံး၊ အတော်ဆုံး ပဲလို့ ပြောကြပါတယ်။ ဒါကတော့ မြောင်းမြဒေသခံတွေက ပြောတာဖြစ်ပါတယ်။ တခြားမြို့ရဲ့ ဒေသခံတွေက တစ်မျိုး ပြောရင် ပြောမှာပါ။ ပခုက္ကူဆရာတော်ကြီးရဲ့ မိန့်ကြားခဲ့တဲ့ ဩဝါဒထဲမှာဆိုရင် မြှောက်တိုင်းလည်း မမြောက်နဲ့ မမြှောက် ဘဲနဲ့လည်း မနေနဲ့တဲ့ဆိုတဲ့စကားကို သွားပြီးတော့ သတိရ ပါတယ်။ မြောင်းမြ ပြည်သူ ပြည်သားများက မြှောက်တိုင်း မမြောက်ပေမယ့်လည်း မမြှောက်ဘဲတော့ မနေပါနဲ့၊ ကိုယ်ထိန်းသိမ်းရမယ့် အစဉ်အလာကောင်းတွေကို ထပ်ပြီးတော့ ထိန်းသိမ်းသွားပါလို့ တိုက်တွန်းချင်ပါတယ်။
တာဝန်သိသိနဲ့ လုပ်ဆောင်
"ကျွန်မတို့နိုင်ငံ တိုးတက်ဖို့ဆိုတာ အဓိကအားဖြင့် ပြည်သူမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ စနစ်ကိုသွားနေပြီဆိုရင် ပြည်သူမှာ တာဝန်ရှိတယ်။ မှန်ကန် တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေကို ရွေးချယ်တင်မြှောက် ရမယ်။ ဒါမှကိုယ့်ကိုလေးစားမယ့်၊ ကိုယ့်ကိုထောက်ထား မယ့် အစိုးရတစ်ခုကနေပြီး နိုင်ငံတာဝန်ကို ယူမှာဖြစ်ပါ တယ်။ အစိုးရအနေနဲ့လည်း ပြည်သူတွေရဲ့မျှော်လင့်ချက် တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ နှစ်ဦး နှစ်ဖက် ကနေပြီးတော့ တာဝန်သိသိနဲ့ လုပ်ဆောင်သွားရင် ကျွန်မ တို့ဟာ စိန်ခေါ်မှုမှန်သမျှကို ကျော်လွှားရင်ဆိုင်နိုင်ပြီး စိန်ခေါ်မှုတွေဟာ အခွင့်အရေးတွေဖြစ်သွားမယ်လို့ သေသေချာချာ စွဲစွဲမြဲမြဲယုံကြည်ပါတယ်။ ဒီအတိုင်းပဲ ပြည်သူလူထုကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ ပြီးတော့ ကိုယ့်ရဲ့အင်အားကို အားကိုးပြီးတော့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက်ကို တစိုက် မတ်မတ်ကြိုးစားပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာ ရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်"ဟု ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က တံတားတည်ဆောက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဒေသဖွံ့ဖြိုးရေးဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒေသခံပြည်သူ စဝေလွင်မိုးက တံတား တည်ဆောက်ပြီးစီးမှုနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မြောင်းမြတံတားသစ် မုခ်ဦးသို့ ရောက်ရှိကြပြီး တံတားသစ်အား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး ဝန်ကြီး ဦးဝင်းဌေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက
ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြကာ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တံတားသစ်မော်ကွန်းကမ္ပည်း ကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေး နံ့သာရည်များ ပက်ဖျန်းပေးသည်။
အမွှေးနံ့သာရည်များ ပက်ဖျန်း
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တံတားသစ်မော်ကွန်း ကမ္ပည်းကျောက်စာကို အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မော်တော်ယာဉ်ဖြင့် မြောင်းမြတံတားသစ်အား ဖြတ်သန်းကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြောင်းမြတံတားသစ်တည်ဆောက်ရေးတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် လုပ်သားများနှင့်တွေ့ဆုံပြီး လုပ်သားများ နိုင်ငံသားစိစစ်ရေးကတ်ရရှိမှုအခြေအနေ၊ လုပ်သားမိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းမှု အခြေအနေများ ကို တွေ့ဆုံမေးမြန်းသည်။
ရွေးမြစ်ကူး မြောင်းမြတံတားဟောင်းကို ၁၉၉၄ ခုနှစ် မတ် ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဖွင့်လှစ်အသုံးပြုခဲ့ရာ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်တွင် ကျိုးကျပျက်စီးခဲ့သည်။ ယခု မြောင်းမြတံတားအသစ် ကို ၂၀၁၇ ခုနှစ် မေ ၁ ရက်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ် ၃၀ ရက်တွင် တည်ဆောက်ပြီးစီးကာ ယနေ့ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တံတားသည် Steel Truss Deck Type သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး တံတားအရှည် မီတာ ၈၃၀ ( ၂၇၂၃ ဒသမ ၂၃ ပေ)ရှိကြောင်း၊ ယာဉ်သွားလမ်း အကျယ် ၈ ဒသမ ၅ မီတာ (၂၈ ပေ)နှင့် လူသွားလမ်း တစ်ဖက်လျှင် ၃ ပေစီပါရှိကြောင်း၊ ယာဉ်တစ်စီးချင်း ယာဉ်နှင့် ကုန်အပါအဝင် ၇၅ တန် (အလေးချိန် Hs – 25 Load Class) တင်ဆောင်ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြောင်းမြခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ရောက်ရှိပြီး ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ရွေ့လျားစာကြည့်တိုက်လုပ်ငန်းများ၊ ကွန်ပျူတာအခြေခံ သင်တန်းနှင့် ကလေးစာဖတ်ခန်းတို့ကို လှည့်လည်ကြည့်ရှု သည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်များဖြင့် မြောင်းမြမြို့မှ ကျောင်းကုန်းမြို့သို့ရောက်ရှိကြပြီး ကျောင်းကုန်းမြို့နယ် အားကစားခန်းမ၌ ဒေသခံပြည်သူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ နိုင်ငံသည် ပတ်ဝန်းကျင်ရှိ နိုင်ငံများနှင့်စာလျှင် ဖွံ့ဖြိုး တိုးတက်မှုမှာ နောက်ကျကျန်နေခဲ့ပါကြောင်း၊ ကျောင်းကုန်း မြို့ ပြည်သူ ပြည်သားများနှင့် ဧရာ၀တီတိုင်းမှ ပြည်သူ ပြည်သားများ သိပြီးဖြစ်ပါကြောင်း၊ ခက်ခဲသည့်အချိန်ကို ကျော်ဖြတ်ရမည့်အချိန်တွင် အရေးကြီးဆုံးမှာ စိတ်ဓာတ် ဖြစ်ပြီး ယင်းစိတ်ဓာတ်ဖြင့် ကျော်လွှားရမည်ဖြစ်ကြောင်း၊ မိမိတို့ ယခုလိုလုပ်ဆောင်သည့်အခါ စိတ်ထားခိုင်သကဲ့သို့ ပစ္စုပ္ပန်ကို တည့်တည့်ရှုပြီး ကိုယ်တတ်နိုင်သည်ကို လုပ်ရန် စိတ်ဓာတ်က များစွာအရေးကြီးပါကြောင်း၊ မိမိကို နှစ်သစ်ကူး အချိန်က သတင်းဌာနတစ်ခုက မေးပါကြောင်း၊ နှစ်သစ်ကူး တွင် နိုင်ငံအတွက် ဘာဆုတောင်းသလဲဟုမေးရာ နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်း တစ်ယောက်ချင်း တာဝန်ကျေပါ စေဟု မိမိပြောခဲ့ပါကြောင်း။
နိုင်ငံသား ပြည်သူပြည်သားများထဲတွင် အစိုးရ အဖွဲ့ဝင်များလည်း ပါပါကြောင်း၊ အစိုးရအဖွဲ့ဝင်များကအစ နိုင်ငံ၏ဝန်ထမ်းများ၊ ပြည်သူပြည်သားများအားလုံး တာဝန်ကျေပါက နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုအတွက် စိတ်ပူ ရမည် မဟုတ်ကြောင်း၊ တာဝန်ကျေသည့် အထဲတွင် ကလေးများ၊ ကျောင်းသူ ကျောင်းသားများလည်း ပါဝင် ကြောင်း၊ မိမိကျောင်းနေသည့်အချိန်တွင် ကျောင်းသွား ရခြင်း၏ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ရန်ဖြစ်ပါ ကြောင်း။
ပညာရေးနှင့်ပတ်သက်ပြီး ဘဏ္ဍာငွေကိုမြှင့်တင်ထား
ပညာရေးသည် အရေးကြီးပါကြောင်း၊ မိမိနိုင်ငံ၏ အနာဂတ်ကို ရင်ဆိုင်နိုင်ရန် အနာဂတ်တွင် ဖြစ်လာမည့် ကိစ္စမှန်သမျှကို ကျော်လွှားနိုင်ရန် ပညာရေးသည် အရေး ကြီး၍ ဦးစားပေးပြီး လုပ်နေပါကြောင်း၊ ပညာရေးနှင့် ပတ်သက်ပြီး ဘဏ္ဍာငွေကို မြှင့်တင်ထားပါကြောင်း၊ ပညာရေးစနစ်အောင်မြင်ရန် ကျောင်းသူ ကျောင်းသား များသာမက ဆရာ ဆရာမများနှင့်လည်း ဆိုင်ပါကြောင်း၊ မိမိတို့က သင်ယူနေသည့်သူမျိုး မဟုတ်ပါက ကလေးများ ကို သင်ယူနိုင်အောင်လည်း ပြသနိုင်မည်မဟုတ်ပါကြောင်း။
မိမိတို့ ကျောင်းကုန်း မရောက်ခင် မြောင်းမြကို ဝင်ခဲ့ပါ ကြောင်း၊ မြောင်းမြတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပူးတွဲပြီး လုပ်ဆောင်နေသည့် ရွေ့လျားစာကြည့်တိုက်ကို ကြည့်သည့်အခါတွင် စာအုပ် များကို လူထုက မည်မျှစိတ်ဝင်တစားဖတ်သလဲဆိုသည် ကို လေ့လာရာ တော်တော်များများသည် စာအုပ်များကို လေ့လာလိုပြီး ဖတ်ချင်သည့်စိတ်များရှိပါကြောင်း၊ သို့သော် ဖတ်စရာစာအုပ် မရှိသည့်သူက အင်မတန်မှ များပါ ကြောင်း။
ထို့ကြောင့် အစိုးရနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာတို့က ဖြည့်ဆည်းပေးရမည့် ကိစ္စဖြစ်ပါကြောင်း၊ စာအုပ် ထုတ်လုပ်ရေးနှင့် စာပေဖြန့်ဖြူးရေးကို ပုဂ္ဂလိကအပိုင်းက စိတ်ဝင်စားရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်သူ ပြည်သားများ လိုအပ်နေသည့် ဗဟုသုတများကို ဖြည့်တင်း ပေးနိုင်မည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုတစ်ခုတည်းမှ သားသမီးများပင်ဖြစ်
ထို့ပြင် ကျန်းမာရေးကို ပြည်သူများအတွက် အဓိက ထားပါကြောင်း၊ ပညာရေးနည်းတူ ကျန်းမာရေးကဏ္ဍတွင် ဘဏ္ဍာငွေ တိုးတက်သုံးစွဲပါကြောင်း၊ ပြည်သူများ သည် ပညာမည်မျှတတ်တတ် မကျန်းမာပါက မိမိ၏ စွမ်းရည်နှင့် အရည်အချင်းများကို အပြည့်အဝ သုံးနိုင်မည် မဟုတ်ပါကြောင်း၊ မိမိတို့က ကျန်းမာရေးနှင့် ပညာရေးကို အလေးထားပါကြောင်း၊ ပြည်သူများကလည်း အလေး ထားပါကြောင်း၊ ပြည်သူများ ပိုပြီး အလေးထားသည့် ကိစ္စများမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လယ်ယာမြေပိုင်ဆိုင်မှု ပြဿနာများ ဖြေရှင်းရေးတို့ ဖြစ်ပါကြောင်း။
တစ်တိုင်းပြည်လုံးတွင် လိုအပ်ချက်များသည် အတူတူပင်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် အားလုံးသည် တစ်ရေတည်းသောက်ပြီး တစ်မြေတည်းနေရုံသာမက တစ်လှေတည်းစီးနေသည့် ပြည်ထောင်စုသားများဖြစ်သည် ဆိုသည်ကို မမေ့စေလိုပါကြောင်း၊ မည်သည့် တိုင်းရင်းသား ပင်ဖြစ်စေ၊ မည်သည့်ဘာသာစကားပင် ပြောပြော၊ မည်သည့် ဘာသာကို ကိုးကွယ်သည်ဖြစ်စေ မိမိတို့အားလုံး သည် ပြည်ထောင်စုတစ်ခုတည်းမှ သားသမီးများပင် ဖြစ်ပါကြောင်း။
လွတ်လပ်သော်လည်း ကန့်သတ်ချက်များရှိ
ယခုဆိုလျှင် Social Media Page တွင် တက်နေ သည့် အသံများမှာ ပြည်သူများ အားကိုးသည့် အသံများ မဟုတ်ပါကြောင်း၊ Social Media Facebook တွင် ကြည့်သည့်အခါ ဒေါသများ အင်မတန်များသည်ကို သတိ ပြုမိပါကြောင်း၊ တစ်ယောက်နှင့် တစ်ယောက် မလိုလား အပ်သည့်စိတ်၊ မုန်းတီးသည့်စိတ်၊ ဒေါသစိတ်၊ ဝေဖန်ချင် သည့်စိတ် ထိုအရာများဖြင့် ရေးသားနေပြီး ယင်းတို့သည် မိမိတို့ နိုင်ငံအတွက် အကျိုးပြုသည် မဟုတ်ပါကြောင်း၊ အပေါင်းလက္ခဏာ မဆောင်ပါကြောင်း၊ မိမိ၏ အကောင်းကို မြင်၍ သူတစ်ပါး၏ အကောင်းကို ကျုံ့၍မြင်ချင်းသည် သူတော်ကောင်းစိတ်ဓာတ်မဟုတ်ဘဲ သူယုတ်မာ စိတ်ဓာတ်ဖြစ်ပါကြောင်း၊ လွတ်လွတ်လပ်လပ် မိမိတို့၏ အတွေးအခေါ် အယူအဆများကို ဖော်ပြပိုင်ခွင့် ပေးထား ပါကြောင်း၊ လွတ်လွတ်လပ်လပ် သို့သော်လည်း ကန့်သတ် ချက်များ ရှိပါကြောင်း၊ လူတိုင်းကို ပြောချင်သလို ပြော၍ မရပါကြောင်း၊ ယင်းသို့ ကန့်သတ်ထားခြင်းသည် မိမိ၏ လွတ်လပ်ပိုင်ခွင့်ကို ကန့်သတ်ခြင်း မဟုတ်ပါကြောင်း၊ လူ့အသိုင်းအဝိုင်း၏ တည်ငြိမ်မှု၊ အေးချမ်းမှုကို ထိပါးမည် စိုး၍ ကန့်သတ်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ ပြည်သားများ အနေဖြင့် ယင်းကိုလည်း သဘောပေါက်ရန်လိုပါကြောင်း။
မိမိလုပ်မည့် ကိစ္စတစ်ခု၏ ရည်ရွယ်ချက်သည် ဘာလဲ ဆိုသည်ကို သတ္တိရှိရှိဖြင့် မိမိကိုယ်ကို ပြန်ကြည့်ရန် လိုပါကြောင်း၊ မိမိတို့ ပြည်သူပြည်သားများသည် နိုင်ငံ အတွက် လုပ်ရခြင်းကို ဂုဏ်ယူရမည်ဖြစ်ပါကြောင်း၊ မိမိ နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေ တည်တံ့ခိုင်မြဲရေး၊ မိမိနိုင်ငံ၏ တိုးတက်ရေး၊ ဖွံ့ဖြိုးရေး၊ မိမိတို့၏ ပြည်သူ ပြည်သားများ၏ ချမ်းသာရေးအတွက် လုပ်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် ပြည်ထောင်စု၏ သားသမီးများဖြစ်သည်ဆိုသည့် စိတ်ဓာတ်နှင့်သာ တကယ် လုပ်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံသည် မတိုးတက်နိုင်စရာ အကြောင်းမရှိပါကြောင်း။
မိမိတို့အားလုံးတွင် တာဝန်ရှိ
မိမိတို့ နိုင်ငံ၏ ဒီမိုကရေစီသည် အပြည့်အဝမဟုတ်သေး သော်လည်း ယင်းလမ်းကို မိမိတို့ လျှောက်လာခဲ့ပြီးဖြစ် ကြောင်း၊ လျှောက်လာသည့်အချိန်တွင် မိမိတို့အားလုံးတွင် တာဝန်ရှိလာပါကြောင်း၊ ပြည်သူလူထုမှ ရွေးချယ်တင်မြှောက် ထားသည့် မိမိတို့အစိုးရတွင် အထူးတာဝန်ရှိပါကြောင်း၊ ပြည်သူလူထုက မိမိတို့ကို တာဝန်ပေးခဲ့သည်ဆိုသည်မှာ မျှော်လင့်ချက်၊ ယုံကြည်ချက်နှင့် တာဝန်ပေးခဲ့ခြင်းဖြစ်ပါ ကြောင်း၊ မျှော်လင့်ချက်နှင့် ယုံကြည်ချက်ဆိုသည်မှာ မိမိတို့ ချိုးဖောက်၍ မဖြစ်ပါကြောင်း။
ဧရာ၀တီတိုင်းအစိုးရ၊ လွှတ်တော်တွင် ပါဝင်နေသည့် ကိုယ်စားလှယ်များ အားလုံးသည် ပြည်သူပြည်သားများ၏ မျှော်လင့်ချက်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရ မည် ဖြစ်ပါကြောင်း၊ ပြည်သူ ပြည်သားများ၏ ယုံကြည်မှု၊ မျှော်လင့်ချက်များကို ဖျက်ဆီး၍ မရပါကြောင်း၊ ဖျက်ဆီး ပါက မအောင်မြင်ဟု ပြောရမည်ဖြစ်ပါကြောင်း၊ တစ်ရာ ရာခိုင်နှုန်း ကျေနပ်အောင် လုပ်ပေးနိုင်ရန်မှာ မည်သည့် အစိုးရမှ လုပ်ပေး၍ မရပါကြောင်း၊ ကမ္ဘာပေါ်တွင် မည်မျှအောင်မြင်သည့် အစိုးရဖြစ်စေ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ ကျေနပ်အောင်၊ အားလုံး တစ်ရာရာခိုင်နှုန်း ကျေနပ်အောင် လုပ်ပေးရန်ဆိုသည်မှာ မည်သည့်အစိုးရ၊ မည်သည့်အဖွဲ့အစည်းနှင့် မည်သည့်ပုဂ္ဂိုလ်မျှ လုပ်ပေး၍ မရပါကြောင်း။
ဝိုင်းဝန်းကြိုးစားရန် အင်မတန်အရေးကြီး
မိမိတို့သည် ပြည်သူများ၏ ကောင်းကျိုးအတွက် တတ်နိုင်သမျှ ကြိုးစားသွားမည်ဖြစ်ပြီး ကြိုးစားသည့်နေရာ တွင်လည်း ပြည်သူများကိုယ်တိုင် ပါဝင်ရမည်ဖြစ်ပါ ကြောင်း၊ မိမိ၏အနာဂတ်၊ မိသားစုအနာဂတ်နှင့် မျိုးဆက်သစ်များအတွက် ဝိုင်းဝန်းရုန်းကန်ရန်၊ ကြိုးစားရန် မှာ အင်မတန်အရေးကြီးပါကြောင်း ပြောကြားသည်။
ယင်းနောက် ကျောင်းကုန်းဒေသခံပြည်သူများ၏ တင်ပြချက်(၁၁)ချက်ဖြစ်သည့် မီးသွေးတိုက်တောင်စု ကျေးရွာအမည်ဖြင့် ပြည်ထဲရေးအမည်ပေါက်လျှောက်ထားမှုကို ခွင့်ပြုပေးနိုင်ရေး၊ ကျောင်းကုန်းမြို့နယ် ပေါက်ဆိန်ပဲ့ကျေးရွာအုပ်စုမှ မိုးစပါးထိခိုက်ပျက်စီးသည့် နှစ်များတွင် ဘဏ်မှ ချေးယူထားသော ငွေကြေးများကို အချိန်မီ မဆပ်နိုင်သည့်အတွက် လျှော့ပေါ့စဉ်းစားပေးရန် ရှိ/မရှိ၊ သာပေါင်းမြို့နယ် ရွှေညောင်ပင်ချောင်းရိုးမှ ကျောင်းကုန်းဆိပ်ချောင်းရိုး၏ ကျန်ရှိသော အရှည်ပေ ၁၇၅၀၀ ကို ဆက်လက်တူးဖော်ပေးနိုင်ရေး၊ ကျောင်းကုန်း မြို့နယ် ရင်ဆိုင်ကျေးရွာရှိ
ကွင်းအမှတ် ၄၃၀-A ၊ ဧရိယာ ၅၁၃ ဧက ကို ဂိုးဒင်းဂရင်း ကုမ္ပဏီမှ သိမ်းဆည်းထားသည့်ကိစ္စ၊ ဆူးပဒေါင်းကွင်း စားကျက်မြေကို ပုံစံ(၇) လျှောက်ထားခွင့် ခွင့်ပြုပေးနိုင်ရေး၊ စာဖြူ-အစုကြီး ကျေးရွာချင်းဆက်မြေသားလမ်းမကြီးကို ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရေး၊ မကျီးပင် ကျေးရွာ လျှပ်စစ်မီးလင်းရေးနှင့် နှစ်မိုင်အတွင်းရှိ ကျေးရွာ များအတွက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ပသွယ် တံတား၊ ကျောင်းကုန်းတံတားဖြတ်သန်းခတို့ကို ကျောင်းကုန်းမြို့အဝင် တိုးဂိတ်တွင် ပေါင်း၍ ကောက်ခံ သည့်ကိစ္စ၊ သစ်စိမ့်ကုန်းကျေးရွာ စည်ပင်သာယာအခွန် ကောက်ခံသော်လည်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးခြင်းမရှိသေးသည့် ကိစ္စ၊ (၂၃/၂၀၁၈) ပညာရေးကောလိပ်ဝင်ခွင့်ကို တိုင်းဒေသကြီးအစိုးရမှ ၅ ရာခိုင်နှုန်းရွေးချယ်မှုတွင် မည်သို့ရွေးချယ်သည်ကို သိလိုခြင်းနှင့် ချောင်းကြီးတိုက်နယ်ဆေးရုံကို မည်သည့် အချိန်တွင်ဖွင့်လှစ်မည်ကိုသိလိုခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ခန်းမအပြင်ဘက်ရှိ ဒေသခံ ငါးဦး တင်ပြသည့် အသုတ်မြို့ ချောင်းမကြီးတူးဖော်ရေး နှင့်စပ်လျဉ်း၍ အများပြည်သူပွင့်လင်းမြင်သာစွာ သိရှိ နိုင်ရေး၊ ကျောင်းကုန်းမြို့ရှိ ၁၉၈၈ ခုနှစ်နောက်ပိုင်း သိမ်းဆည်းခံမြေယာဆိုင်ရာ ကိစ္စ၊ တပ်မတော်သား အငြိမ်စားများ၏ ဆုကြေးနှင့် ပင်စင်ဆိုင်ရာကိစ္စ၊ လယ်မြေ ၈ ဒသမ ၃၃ ဧက အငြင်းပွားမှုနှင့် ဒါးကကျေးရွာ မြေကို ရထားဌာနမှ အကြောင်းကြားစာပေးပို့လာသည့် ကိစ္စများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ခန်းမအတွင်းရှိ ဒေသခံပြည်သူနှစ်ဦး တင်ပြသည့် အသုတ်-ကျောင်းကုန်း ကွန်ကရစ်ကားလမ်းတွင် ပိတ်ဆို့ထားမှုနှင့် လမ်းမ တစ်ဖက်စီ သုံးပေတိုးချဲ့ပေးနိုင်ရေးနှင့် ဘုရားကြီးကုန်း ကျေးရွာ နွေစပါးစိုက်ပျိုးရေရရှိရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း တင်ပြဆွေးနွေးကြသည်။
ဖြည့်စွက်ရှင်းလင်း
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်း သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မိမိအနေဖြင့် ယခုကဲ့သို့ ပြည်သူနှင့် တွေ့နိုင်သည့်အခွင့်အရေးကို များစွာ တန်ဖိုးထားပါကြောင်း၊ ပြည်သူများ တင်ပြသည့်အခါတွင် ဒေါသမပါဘဲ အေးအေးချမ်းချမ်းဖြစ်နေသည်ကို သတိ ထားမိပါကြောင်း၊ မကျေနပ်ချက်များလည်း ရှိမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ မကျေနပ်ချက်များကို တင်ပြသွားကြခြင်း သည် မိမိတို့နိုင်ငံအတွက် ကောင်းမွန်သည့် လက္ခဏာ ဖြစ်ပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများ သိက္ခာရှိမှသာ နိုင်ငံလည်း သိက္ခာရှိမည်ဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့၏ စိုးရိမ်ကြောင့်ကြမှု၊ နားမလည်သည့် ကိစ္စရပ်များနှင့် မရှင်းလင်းသည့် ကိစ္စရပ်များကို တင်ပြကြခြင်းသည် ပြည်သူများ၏ အခွင့်အရေးဖြစ်သည့်အတွက် ကြိုဆိုပါ ကြောင်း။
အစိုးရပိုင်းဖြစ်သည့် ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့သည်လည်း အားလုံးခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ အားနည်းချက် များရှိပါက ကျော်လွန်နိုင်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့ ကျော်လွှားနိုင်ရန် ဝိုင်း၍ကူညီပေးမည်ဟု ယုံကြည်ပါကြောင်း၊ နောင်တွင် ပြည်သူများနှင့် အစိုးရအကြားတွင် အဆက်မပြတ် ဖြစ်စေရန် နည်းအမျိုးမျိုး စဉ်းစားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရကိုလည်း ပြည်သူများနှင့် တစ်ချိန်လုံး ထိတွေ့ မှုရှိစေရန်နှင့် ပြည်သူများ မေးမြန်းနိုင်ရန်အတွက် လုပ်ဆောင်ပေးရန် မှာကြားခဲ့မည် ဖြစ်ပါကြောင်း၊ မိမိတို့ မည်သည့်အရာပင်လုပ်လုပ် ပြည်သူလူထုကို ရှင်းပြရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တရားမျှတစေရန် လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ တရားမျှတမှုကိုလည်း ထင်ရှားစေရန် ကြိုးစား၍ ရှင်းပြသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ လိုအပ်ချက်များအကြောင်းကို သိရှိစေရန် ကူညီပံ့ပိုးပေးသည့် ပြည်သူများအားလုံးကို ကျေးဇူး တင်ပါကြောင်း ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် ကျောင်းသား ကျောင်းသူများနှင့် မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ကျောင်းကုန်းမြို့မှ ပုသိမ်မြို့သို့ ရောက်ရှိကြပြီး ပုသိမ် မြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တန်းတူညီတူအခွင့်အရေးရှိသည်ကို ပြခြင်းဖြစ်
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပုသိမ်ဒေသမှ ဖြစ်ပါကြောင်း၊ ပုသိမ်ကနေပြီး နိုင်ငံတော်သမ္မတတစ်ဦး ဖော်ထုတ်လိုက်နိုင်ခြင်းသည် ဒီမိုကရေစီအရ အားလုံးတွင် တန်းတူညီတူ အခွင့်အရေးရှိသည်ကို ပြခြင်းဖြစ်ပါကြောင်း၊ မည်သူမဆို နိုင်ငံသူ၊ နိုင်ငံသားများထဲက မိမိ၏ အရည် အချင်း၊ မိမိ၏ နိုင်ငံတော်တွင် သစ္စာရှိမှု၊ မိမိ၏ လုပ်ငန်း ကျွမ်းကျင်မှုအရ လုပ်နိုင်သည့် လမ်းကြောင်းများစွာ ရှိပါကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ အပြောသက်သက် မဟုတ်ပါကြောင်း၊ ပြည်သူလူထုကို အလေးထားပြီး အခွင့်အရေးပေးသည့် စနစ်တစ်ခုဖြစ်ပါကြောင်း၊ ယင်း စနစ်ကို အောင်မြင်အောင် လုပ်ဆောင်ရန်လည်း ပြည်သူများတွင် တာဝန်ရှိပါကြောင်း၊ ပြည်သူသိက္ခာရှိမှ၊ ပြည်သူတန်ဖိုးရှိမှ နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သည် သိက္ခာရှိပြီး တန်ဖိုးရှိမည်ဖြစ်ပါကြောင်း။
တရားဥပဒေစိုးမိုးမှုရှိမှ နိုင်ငံတည်ငြိမ်နိုင်မည်
မိမိတို့နိုင်ငံသည် သာမန် ဒီမိုကရေစီနိုင်ငံများထက် ပိုပြီးစိန်ခေါ်မှုများကို ရင်ဆိုင်ရပါကြောင်း၊ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရစဉ် ကာလကစပြီး ငြိမ်းချမ်းသည်ဟု တစ်ခါမျှမရှိသေးပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်လည်း အစိုးရက အဓိကထားပြီး ဆောင်ရွက်နေပါကြောင်း၊ ငြိမ်းချမ်းရေးရှိခြင်းနှင့် မရှိခြင်း၏ ကွဲပြားပုံကို ငြိမ်းချမ်းရေး မရှိခြင်း၏ အနိဋ္ဌာရုံကို ကိုယ်တိုင်သိခဲ့သည့်သူများမှ သဘောပေါက်ပါကြောင်း၊ မိမိတို့နိုင်ငံ တိုးတက်ရန်၊ ငြိမ်းချမ်းရန်၊ တစ်နိုင်ငံလုံးသာယာရန် အင်မတန်မှ အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ရှိရမည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှ နိုင်ငံတစ်နိုင်ငံသည် တည်ငြိမ်နိုင်မည်ဖြစ်ပါကြောင်း၊ ရေရှည်တည်ငြိမ်မှုရှိမှ ရေရှည်ငြိမ်းချမ်းရေး ရရှိနိုင်မည်ဖြစ်ပါကြောင်း။
တရားဥပဒေစိုးမိုးရေးကိုနားလည်ရန် အရေးကြီး
တရားဥပဒေစိုးမိုးရေးသည် ဘာလဲဆိုသည်ကို ပြည်သူ ပြည်သားများ နားလည်ရန် အင်မတန်မှ အရေးကြီးပါ ကြောင်း၊ မိမိတို့ ပြည်သူတော်တော်များများသည် မိမိတို့ ၏ ဘ၀အတွေ့အကြုံအရ ဥပဒေဆိုသည်မှာ ပြည်သူများကို ထိန်းချုပ်ရန်၊ ကန့်သတ်ရန်၊ ဒဏ်ပေးရန်ဟု ထင်နေသည့် သူများလည်း ရှိပါကြောင်း၊ ဥပဒေ၏ ရည်ရွယ်ချက်မှာ ထိုသို့ မဟုတ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ လူမှုအသိုင်း အဝိုင်းတစ်ခုကို တည်ငြိမ်အောင် လုပ်ပေးရန်၊ တစ်ဦးနှင့် တစ်ဦးအကြား ပဋိပက္ခများ နည်းနိုင်သမျှနည်းအောင်၊ ရှောင်ရှား၍မရသည့် လူသားများ အချင်းချင်းအကြား ဖြစ်သည့် ပြဿနာများကို ငြိမ်းချမ်းသည့် နည်းဖြင့် ဖြေရှင်းနိုင်ရန် ဥပဒေရှိခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ တွင် တရားဥပဒေဟု ဆိုပါကြောင်း၊ တရားမျှတရေးဥပဒေ ဟု မိမိက
အဓိပ္ပာယ်ဖွင့်ပါကြောင်း၊ တရားဥပဒေဆိုသည်မှာ တရား မျှတသည့် ဥပဒေ၊ အများအတွက် ညီညီမျှမျှ အများ ကောင်းကျိုးအတွက် ရေးဆွဲထားသည့်ဥပဒေဖြစ်ရမည် ဖြစ်ပါကြောင်း။
ဥပဒေသည် ခေတ်နှင့်လည်းညီညွတ်ရန်လို
ဥပဒေဆိုသည်မှာ လူများ၏လုပ်ဆောင်ချက်ပင် ဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ လူသားများက စဉ်းစား ပြီး လူသားများ၏ ဦးနှောက်က ဆုံးဖြတ်ပြီးပေါ်ပေါက်လာ ခြင်း ဖြစ်ပါကြောင်း၊ ဥပဒေသည် ခေတ်ပြောင်းလဲလာ သည်နှင့်အမျှ ခေတ်နှင့်လည်းညီညွတ်ရန်လိုပါကြောင်း၊ ဥပဒေ၏ တရားမျှတမှုကို ပြည်သူများက ရှင်းရှင်းလင်းလင်း နားလည်ပြီး လက်ခံနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့ ဒီမိုကရေစီစနစ်တွင် အများပြည်သူနှင့်ကိုက်ညီလိုလား လက်ခံသည့် ဥပဒေကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
မိမိတို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင် သည့်နေရာတွင် စည်းမျဉ်းစည်းကမ်း ဥပဒေနှင့်ကိုက်ညီ စေရန် လုပ်ဆောင်ရပါကြောင်း၊ ပြည်သူလူထုကလည်း နေ့စဉ်နှင့်အမျှ မိမိဘ၀အတွက် လုပ်ကိုင်စားသောက်ရာ တွင် စည်းမျဉ်းစည်းကမ်းဥပဒေအရ လုပ်ကိုင်ရပါကြောင်း၊ ပြည်သူလူထု ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ပြဿနာ များသည် တစ်နေရာနှင့် တစ်နေရာ ကွဲကွဲပြားပြား မရှိပါ ကြောင်း၊ အများအားဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ သည် အတူတူဖြစ်နေပါကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်လက်တွဲပြီး ရင်ဆိုင်မှသာ ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ နောက်ကျကျန်ရစ်ခဲ့သည့်အတွက် တစ်ဖက်မှကြည့်မည် ဆိုပါကဆုံးရှုံးသွားသည့်အချိန်များအတွက် ဝမ်းနည်းစရာ အဖြစ်ပြောရမည်ဖြစ်ပါကြောင်း၊ သို့သော် ဖွံ့ဖြိုးပြီးသည့် နိုင်ငံနှင့် ဖွံ့ဖြိုးမှုတွင် အရှိန်အဟုန်ရပြီး နိုင်ငံများ၏ အမှား များကို ကြည့်၍ သင်ခန်းစာယူရမည်ဖြစ်ပါကြောင်း။
အသက်မွေးဝမ်းကျောင်းပညာကို များစွာအားပေး
အခြားကိစ္စများနှင့် ပတ်သက်၍ နောက်မှလိုက်ရသော် လည်း အခွင့်အရေးများလည်း ရရှိခဲ့ပါကြောင်း၊ ပညာရေး နှင့်ပတ်သက်၍ တစ်က္ဘာလုံးမှ သတိပြုမိသည့်အချက် သည် တက္ကသိုလ်ပညာသည် နိုင်ငံတစ်နိုင်ငံအတွက် လုံလောက်သည့် ပညာမဟုတ်တော့ပါကြောင်း၊ တက္ကသိုလ်ဘွဲ့ရရှိရန်အတွက် အဓိကဦးတည်နေပါက ပညာရေးစနစ်သည် အမှန်တကယ်အောင်မြင်နိုင်သည့် အခြေအနေတွင် မရှိတော့သည်ကို သဘောပေါက်လာပါ ကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာ၏ အရေးပါပုံနှင့် ထို ပညာတတ်သည့် ပြည်သူပြည်သားများသည် အလုပ် အကိုင်ရရှိရန်အတွက် ပို၍လွယ်ကူလာပါကြောင်း။
မိမိတို့ နိုင်ငံတွင်လည်း အလုပ်အကိုင် ဖန်တီးရေးသည် အဓိကအရေးကြီးသည့်အတွက် အသက်မွေးဝမ်းကျောင်း ပညာကို များစွာအားပေးပါကြောင်း၊ မိမိတို့အစိုးရအနေ ဖြင့် ၂၀၁၆ ခုနှစ် တာဝန်စယူကတည်းက မိမိတို့နိုင်ငံ၏ ၄ ရာခိုင်နှုန်းသာ တက္ကသိုလ်ဘွဲ့ရထားသည်ကို တွေ့ရပါ ကြောင်း၊ ထို ၄ ရာခိုင်နှုန်းသာ ဘွဲ့ရထားသောကြောင့် ပြည်သူပြည်သားများ အသက်မွေးဝမ်းကျောင်းပညာကို တက္ကသိုလ်ပညာနှင့်နည်းတူ တန်ဖိုးထားနိုင်အောင် လုပ်နိုင်သည့်အခွင့်အရေးရှိလာပါကြောင်း၊ ထို့အခွင့် အရေးသည်လည်း ယခုအကောင်အထည်ဖော်သည့် နေရာတွင် အောင်မြင်မှုရှိလာသည်ဟု ပြောနိုင်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရန် မိမိတို့ သားသမီးများကို အားပေးစေလိုပါကြောင်း။
အချိန်ကာလနှင့်ကိုက်ညီအောင် ပြောင်းလဲနိုင်ရန်လို
မိမိတို့က အချိန်ကာလနှင့်ကိုက်ညီအောင် ပြောင်းလဲ နိုင်ရန်လိုအပ်ပါကြောင်း၊ ယခုကာလနှင့်ခေတ် ကိုက်ညီ အောင် မည်သို့တိုးတက်အောင်လုပ်မည်၊ မည်သို့ရှေ့ကို သွားမည်၊ မိမိတို့နိုင်ငံကို အခြားနိုင်ငံများနှင့်မတူ တစ်မူ ထူးခြားစေရန် မည်သို့ထူထောင်မည်ဆိုသည်ကို စဉ်းစားရန်အရေးကြီးပါကြောင်း၊ ပြည်သူလူထုကို ဒီမိုကရေစီစံနှုန်းစံထားများ နားလည်စေလိုပါကြောင်း၊ ပြည်သူများ၏ တာဝန်က ဘာရှိသည်၊ နိုင်ငံအတွက် လုပ်ရမည့်တာဝန်ဘာရှိသည်ကိုသိပြီး မိမိအတွက်လည်း လုပ်နိုင်ရမည်၊ အများအတွက်လည်း လုပ်နိုင်ရမည်ဖြစ်ပါ ကြောင်း၊ ယင်းသည်ပြည်သူလူထုသိရှိရမည့် အရေးကြီးဆုံး ကိစ္စဖြစ်ပါကြောင်း။
ပြည်သူလူထု၏ ခံစားမှု၊ ပြည်သူလူထု၏ စိုးရိမ် ကြောင့်ကြမှု၊ ပြည်သူလူထု၏ မျှော်လင့်ချက်၊ ပြည်သူများ ၏ အားသာချက်၊ အားနည်းချက်များကို မိမိတို့သိမှသာ ပြည်သူလူထုကို တိုးတက်နိုင်အောင် ပံ့ပိုးကူညီနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ပြည်သူများနှင့် တွေ့ဆုံပွဲ လုပ်ခြင်းသည် ပြည်သူများ၏ ရည်ရွယ်ချက်နှင့် လိုအပ်ချက်ကိုသိမှ ပြည်သူများ တိုးတက်ရန်နှင့် အောင်မြင်ရန်အတွက် မိမိတို့ ဘာလုပ်ပေးရမည် ဆိုသည့် အဖြေကို မှန်မှန်ကန်ကန်ရှာနိုင်မည်ဖြစ်ပါကြောင်း။
ညီညီညွတ်ညွတ်ဖြင့် လက်တွဲ
အလုပ်တစ်ခုကို စီစဉ်သည့်အခါ အဘက်ဘက်က ကြည့်ပြီး စီစဉ်ရန် အရေးကြီးပါကြောင်း၊ ပြည်သူများက လည်း နားလည်ပေးရန် အရေးကြီးပါကြောင်း၊ မိမိတို့ စိတ်ဝင်စားသည့် အကွက်လေးတစ်ကွက်တည်းကို မကြည့် ဘဲ ဟိုဘက်ဒီဘက် အားလုံးပြည့်ပြည့်၀၀ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ကြည့်ပေးစေလိုပါကြောင်း၊ ယခုကလေး များ တိုင်းရင်းသားဝတ်စုံ အမျိုးမျိုးကို ဝတ်ဆင်ထားကြပါ ကြောင်း၊ ပြင်ပတွင် ဘယ်လိုပင်ဝတ်ထားဝတ်ထား အရေးကြီးသည်မှာ စိတ်ချင်းသဘောချင်းတူရန် အင်မတန် အရေးကြီးပါကြောင်း၊ ငါတို့သည် ညီအစ်ကိုမောင်နှမတွေ၊ သွေးရင်းသားရင်းတွေ၊ ပြည်ထောင်စု၏ သားသမီးတွေ ဆိုသည့်စိတ်ဓာတ်ရှိရန် အဓိကအရေးကြီးပါကြောင်း၊ မတူကွဲပြားမှုသည် ဂုဏ်ယူရမည့်ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးအမျိုးမျိုးရှိသည့် အတွက် ပြောသည့်ဘာသာစကားအမျိုးမျိုး၊ ကိုးကွယ် သည့် ဘာသာအမျိုးမျိုးရှိကြသော်လည်း မိမိတို့သည် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်ဖြင့် နေနိုင်ပါ က မိမိတို့နိုင်ငံသည် တိုးတက်မည်၊ အများ၏ လေးစား ကြည်ညိုမှုကို ခံယူရမည်ဖြစ်ပါကြောင်း။
လူတိုင်းလူတိုင်းသည် စေတနာမှန်မှန်ဖြင့် သေသေ ချာချာ ကြိုးစားသွားမည်ဆိုပါက တိုးတက်ရန် အခွင့် အလမ်းများစွာရရှိမည် ဖြစ်ပါကြောင်း၊ တိုးတက်သည့် အခွင့်အလမ်းများကို သုံးသည့်အခါတွင် မိမိတစ်ယောက် တည်းအတွက်မဟုတ်ဘဲ အများအတွက် သုံးစေလိုပါ ကြောင်း၊ မိမိတစ်ယောက်တည်းအတွက် သုံးခြင်းထက် အများအတွက် သုံးခြင်းသည် ပို၍ကျေနပ်မှုရှိပြီး ပို၍ ထိရောက်မှုရှိပါကြောင်း၊ ညီညီညွတ်ညွတ်ဖြင့် လက်တွဲ၍ လုပ်နိုင်မည်ဆိုပါက မိမိတို့အနေဖြင့် မည်သည့်ပြဿနာ ကိုမျှ စိုးရိမ်စရာမလိုပါကြောင်း။
ဆန္ဒရှိမှသာ လုပ်နိုင်မည်
အောင်မြင်ခြင်း တရားလေးပါးတွင် ဆန္ဒဖြင့် စတင်ပါ ကြောင်း၊ အားလုံးသည် နိုင်ငံတိုးတက်၊ အေးချမ်း၊ ချမ်းသာ စေလိုသည့် ဆန္ဒရှိမှသာ အဆိုပါဆန္ဒများအရ မိမိတို့နိုင်ငံ အေးချမ်း၊ တိုးတက်၊ ချမ်းသာစေရန် လုပ်နိုင်မည်ဖြစ်ပါ ကြောင်း၊ ပုသိမ်မြို့သည် မိမိတို့နိုင်ငံအတွက် များစွာ အရေးကြီးသည့် မြို့တော်တစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါ မြို့တော်မှစ၍ မိမိတို့ ဧရာ၀တီတိုင်းတစ်ခုလုံး ဆတက် ထမ်းပိုး ပို၍တိုးတက်အောင် လုပ်ဆောင်ရန် ပြည်သူများကို တိုက်တွန်းလိုပါကြောင်း၊ ဧရာ၀တီတိုင်းမှစ၍ တစ်တိုင်း ပြည်လုံးတိုးတက်၍ အေးချမ်းမှုရရှိအောင် ကြိုးစားပေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
တင်ပြဆွေးနွေး
ယင်းနောက် ပုသိမ်မြို့ဒေသခံပြည်သူများ၏ တင်ပြချက် (၁၁) ချက်ဖြစ်သည့် တိုင်ကြားစာနှင့်ပတ်သက် ၍ မမှန်မကန်တိုင်ကြားပါက ဥပဒေအရထိရောက်စွာ အရေးယူပေးနိုင်ရေး၊ စပါးဈေးကျဆင်းမှုကို ဆောင်ရွက် ပေးနိုင်ရေးနှင့် နှစ်တိုနှစ်ရှည်ချေးငွေထုတ်ချေးနိုင်ရေး၊ သိမ်းဆည်းခံမြေဧက ၁၈၀ ကို ဒေသခံပြည်သူများအား ပြန်လည်ပေးအပ်နိုင်ရန်အစီအစဉ် ရှိ^မရှိ၊ ဥယျာဉ်ခြံမြေ ပုံစံ - ၇ ၊ ပုံစံ - ၁၀၅ ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ၊ အမည်ပေါက် ပြောင်းလဲ၍ ရ/မရ၊ ရိုးချောင်းနှင့် စားကျက်တွင် စိုက်ပျိုး လုပ်ကိုင်နိုင်ခြင်း ရှိ /မရှိ ၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိမ်းဆည်း ထားသည့် ရေငန်ပုစွန်သားဖောက်စခန်း မြေနေရာကို မူလပိုင်ရှင်ထံပြန်လည်ပေးအပ်နိုင်ရေး၊ ဇင်ပြွန်းကုန်း ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ရေး၊ သလပ်ခွာကျေးရွာလျှပ်စစ်မီးလင်းရေး၊ ပုသိမ်မြို့ ကိုးထပ်ဆေးရုံ အမြန်တည်ဆောက်ပြီးစီးရေး၊ ရေနုတ်မြောင်းများအတွင်း အမည်မသိတိုင်များ စိုက်ထူထားခြင်းကိစ္စ၊ ၂၀၁၇-၂၀၁၈ ပညာရေးရန်ပုံငွေဖြင့် အလကခွဲ ရွာဟောင်းကြီးကို ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် ပုသိမ်ဆေးရုံကြီးတွင် ပစ္စည်းကိရိယာမလုံလောက်မှု အပါအဝင် လူနာများနေရာ ထိုင်ခင်းကိစ္စတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ခန်းမ အပြင်ဘက်မှ ဒေသခံပြည်သူ ခုနစ်ဦး၏ ကညင်ကောက် ကျေးရွာဆေးခန်းကို တရားဝင်ဆေးခန်းဖြစ်ရေး၊ ရွှေသောင်ယံချောင်းသာ ဟိုတယ်လုပ်ငန်းဆောင်ရွက် ရာတွင် မမှန်မကန်လိမ်လည်မှု၊ နနွင်းကန်ကျေးရွာ သိမ်းဆည်းမြေကိစ္စ၊ ကျုံကူးကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများ ငွေကြေး လိမ်လည်ခံရမှုများ၊ ချောင်းသာ ရွှေသောင်ယံရွာချင်းဆက်လမ်းဖြစ်သည့် လမ်းဟောင်း ကမ်းခြေပတ်လမ်းကို မူလအတိုင်းပြန်လည်အသုံးပြုနိုင် ရေး၊ အုတ်ဖိုကျေးရွာ သိမ်းဆည်းခံမြေယာကိစ္စရပ်နှင့် ချောင်းသာမြို့ ဖွဲ့စည်းပုံရရှိရေး၊ ချောင်းသာကမ်းခြေ သာယာလှပရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအပါအဝင် ကမ်းခြေနှင့်သက်ဆိုင်သည့် ဥပဒေတစ်ခု ဖြစ်ပေါ်ရေးတို့ နှင့်စပ်လျဉ်း၍လည်းကောင်း၊ ခန်းမအတွင်းရှိ ဒေသခံ ပြည်သူ သုံးဦးတင်ပြသည့် ဧရာ၀တီတိုင်းဒေသကြီးအတွင်း စက်မှုဇုန်တစ်ခုတည်ဆောက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး၊ ငွေဆောင်မြို့မီးသတ်ရေကန် တည်ဆောက်ပေးနိုင်ရေးနှင့် သိမ်းဆည်းမြေများမူလ ပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေး၊ တပ်မတော် သိမ်းဆည်း မြေ ၃၇ ဒသမ ၄၄ ဧက တို့နှင့် စပ်လျဉ်း၍ လည်းကောင်း တင်ပြဆွေးနွေးကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပြည်သူလူထုများ တောင်းဆိုခဲ့သည့် ကိစ္စရပ်များသည် ငါးမျိုးရှိပါကြောင်း၊ အဆိုပါ ငါးမျိုးမှာ သောက်သုံးရေရရှိရေး၊ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေးဖြစ်ပါကြောင်း၊ နောက်ပိုင်း မြေယာပိုင်ဆိုင်မှု ဖြစ်ပါကြောင်း၊ အဆိုပါအချက်သည် လည်း အရေးကြီးသည်ကို သဘောပေါက်ပြီး မှန်မှန် ကန်ကန်လုပ်ဆောင်ရန်လည်း အလေးထားပါကြောင်း၊ အခက်အခဲအမျိုးမျိုးရှိပါကြောင်း၊ ယခင်က မူလသိမ်းခဲ့သူ များ၏ အခက်အခဲ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အခက်အခဲ၊ ပြန်လည်ရလိုသည့် ပြည်သူများ၏ အခက်အခဲဖြစ်ပါ ကြောင်း၊ အဆိုပါ အခက်အခဲများကို အားလုံးဖြေရှင်း ပေးရန် အင်အားများလိုအပ်သည်ကို သဘောပေါက်သည့် အတွက် စတင်၍အစီအစဉ်များ လုပ်ဆောင်နေပါကြောင်း၊ စစ်ဆေးသည့်နေရာတွင် ပို၍မြန်မြန်ဆန်ဆန် စစ်ဆေးနိုင် စေရန် ဝန်ထမ်းများပို၍ လိုအပ်သည့်ဌာနများတွင် ဝန်ထမ်းများဖြည့်ဆည်းရန်မှစ၍ လုပ်ဆောင်နေပါ ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နောက်ပိုင်းတွင် ပို၍ အလေးထားဖြေရှင်းပေးရပြီး ပြည်သူများရင်ဆိုင်နေရသည့် ပြဿနာဆိုသည်ကိုသဘောပေါက်ပါကြောင်း။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယခုဆိုလျှင် ပြည်သူများသည် ပွင့်ပွင့်လင်းလင်းဖြင့် မိမိတို့၏ စိုးရိမ်ပူပန်မှုများနှင့် လိုအပ်ချက်များကို တင်ပြ လာသည်ကို မိမိအနေဖြင့် ကြိုဆိုပါကြောင်း၊ တင်ပြရာတွင် လည်း အေးအေးဆေးဆေးဖြင့် တင်ပြသည်ကိုလည်း ကျေးဇူးတင်ပါကြောင်း၊ မိမိတို့နိုင်ငံသည် သိက္ခာရှိပြီး ယဉ်ကျေးသည့် နိုင်ငံဖြစ်သည်ကို ပြသခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ မကျေနပ်မှုများကို ယဉ်ယဉ်ကျေးကျေးနှင့် အဆင့်အတန်းရှိရှိဖြင့် တင်ပြနိုင်ခြင်းသည် ပြည်သူ ပြည်သားများ၏အားသာချက်တစ်ခုဟု မြင်ပါကြောင်း၊ ပြည်သူများသိချင်သည့် ကိစ္စများကို အစိုးရမှ ပြည်သူများ နှင့် ထိတွေ့ပြီးဖြေကြားရန် အရေးကြီးပါကြောင်း၊ ယင်း အချက်ကိုလည်း တိုင်းဒေသကြီး အစိုးရသို့ သေချာစွာ မှာကြားမည်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံ၏ကိစ္စသည် မိမိ ကိစ္စဖြစ်သောကြောင့် ခွဲခြား၍ မမြင်စေလိုပါကြောင်း၊ နိုင်ငံကောင်းကျိုးနှင့်ဆိုင်သည့်ကိစ္စသည် နိုင်ငံသူနိုင်ငံသား အားလုံးနှင့်သက်ဆိုင်ပါကြောင်း၊ တင်ပြလာသည့် ကိစ္စ များကို တစ်ခုချင်းသေချာလေ့လာစိစစ်မည် ဖြစ်ပါ ကြောင်း၊ မှန်ကန်သည့်အဖြေများကို အမြန်ဆုံးရအောင် ရှာမည်ဖြစ်ပါကြောင်း ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူလေး များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
သတင်းစဉ်


No comments:

Post a Comment