Friday, April 26, 2019

မိမိကိုယ်ကို ကိုးကွယ်ရာ


မြန်မာ့အလင်းအယ်ဒီတာအာဘော်



''အတ္တာဟိ အတ္တနော နာထော မိမိသာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်သည်'' ဟူသည့်စကားက မြန်မာတို့အဖို့ မစိမ်းသော စကားစုဖြစ်ပါသည်။ သည်စကားက ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သည့် စကား ဖြစ်သည်။
အဆိုပါ စကားစုနှင့် ပတ်သက်၍ မည်သို့ယုံကြည်မှုရှိသည်၊ မည်မျှ လောက် ယုံကြည်မှုရှိသည် ဆိုသည်ကိုမူ ကိုယ်တိုင်ဆန်းစစ်မှ သင့်မည်ဟု ထင်၏။
အများအားဖြင့် မိမိတို့ လူမှုအသိုက်အဝန်းတွင် တွေ့မြင်ရလေ့ရှိသူ တို့တွင် မိမိမှတစ်ပါး အားကိုးရှာလေ့ရှိသည့်အလေ့ကို သတိပြုမိ ပါသည်။



မိဘကို၊ မိတ်ဆွေသူငယ်ချင်းကို၊ ဆွေမျိုးသားချင်းများကို စသဖြင့် အားကိုးကြလေ့ရှိ၏။ ဤသည်မှာ သဘာ၀ကျသောအလေ့ဟု ဆိုရ ပါမည်။ မည်မျှပင် မိမိကိုယ်ကို အားကိုးကြသည်ဆိုသော်လည်း မိမိချစ်ခင်သူများ၊ လေးစားသူများ၊ ကြည်ညိုသူများကို အားကိုးမိကြသည် မှာ မဆန်းလှ။
သို့သော်လည်း လက်တွေ့ဘ၀များတွင် ဟောသည်အရွက် အိတ်ထဲ တွင်ဆောင်ကာ စာမေးပွဲသွားဖြေလျှင် ဂုဏ်ထူးထွက်လိမ့်မည် ဆိုလျှင် လည်း ယုံကြည်အားကိုးမိသည်လား။ မနက်နေထွက်ချိန် ဟောသည်လမ်း ကို လျှောက်ကာ အနှီဘုရားရင်ပြင်တော်ပေါ်သို့ တက်၍ ဟောသည်လုံချည် ကို ဝတ်ရင်းသည်သို့သည်ပုံ လုပ်လိုက်လျှင် လက်ရှိအနေအထားမှာ ကြာကြာမြဲမည်၊ ဩဇာအာဏာ တည်လတံ့ဟုဆိုလျှင်လည်း အားကိုး ယုံကြည်ကြမိသည်လား။ ဟောသည်နေ့ရက် နေတက်ရေတက်မှာ အလှူ ကြီးလုပ်၊ ဟောသည်ထမင်း၊ ဟောသည်ဟင်းကို ကျွေးမည်ဆိုက ရာထူး တည်မြဲလိမ့်မည်ဟု ဆိုလျှင်လည်း ယုံကြည်မိကြသည်လား။



သည်လိုမျိုးတွေကို အားကိုးလို့ ဖြစ်ကြသည်လည်း ရှိကောင်းရှိမည်၊ မဖြစ်သည်ကလည်း ရှိသည်ဆိုတာ အရွယ်ရောက်သည်နှင့်အမျှ ကြုံဆုံဖူး ကြပါလိမ့်မည်။ ကိုယ့်အားကိုယ်ကိုး ဆိုသည်ထက် ဘာကမှ အားကိုးစရာ ရှိမည်မထင်။
ဗုဒ္ဓဘုရားရှင်၏ မိမိသာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်သည်ဟူသည့် စကားမှာ မိမိကိုယ်တိုင်စောင့်ထိန်းသည့်သီလ၊ မိမိကိုယ်တိုင် ကျင့်ကြံသည့် သမာဓိ၊ မိမိကိုယ်တိုင် ဆောက်တည်သည့် ဘာ၀နာတို့ကို အားကိုးရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ကိုယ့်အားကိုယ်ကိုးဟု ဆိုသည်မှာ ကိုယ်တိုင်၏ ကိုယ်နှုတ်နှလုံးတို့ မဖောက်မပြန် မှန်မှန်ကျင့်ကြံခြင်းကို အားကိုးရမည် မဟုတ်ပါလား။ ကိုယ့်ဘ၀၏ တိုးတက်ရာအတွက် မှန်ကန်သောအကျင့်၊ မှန်ကန်သော အသက်မွေးမှု၊ မှန်ကန်သော ပြောဆိုမှု၊ မှန်ကန်သော စိတ်သဘောထား၊ မှန်ကန်သော အာရုံစူးစိုက်မှု၊ မှန်ကန်သော စောင့်ထိန်းသည့် အသိ၊ မှန်ကန်သော သိမြင်မှုတို့ဖြင့်သာ မိမိဘ၀ မှန်မှန်ကန်ကန် တိုးတက်ဖွံ့ဖြိုး မည် မဟုတ်ပါလား။



မိမိပြုလုပ်သည့် အလုပ်၊ အပြော၊ အတွေးတို့ မှန်ကန်မှသာ မှန်ကန် ကောင်းမွန်သော ရလဒ်ရမည်ဆိုသည်ကို ယုံကြည်သည် ဆိုခြင်းက မိမိ ကိုယ်ကို ယုံကြည်ခြင်းပင်ဖြစ်ပါမည်။ မိမိပြုလုပ်သည့် အလုပ်များ ပေါ်တွင် နက်နက်ရှိုင်းရှိုင်း မယုံကြည်သူအများစုသည်သာ အခြားအခြား သော ယုံကြည်အားကိုးရာ ရှာကြလေ့ရှိမည်သာတည်း။
ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်သည်ပင်လျှင် သူ့ကိုအားကိုးရန်ဟု မဆို၊ ''အတ္တာဟိ အတ္တနော နာထော မိမိသာလျှင် မိမိ၏ကိုးကွယ်ရာဖြစ် သည်'' ဟု ဆိုခဲ့သည်။ ထိုတရားသည် ယုံကြည်ထိုက်၏ မဟုတ် ပါလော။


ယုံကြည်မှုတို့တွင် မိမိ၏ ယုံကြည်မှုနှင့် စပ်လျဉ်း၍ မည်မျှလောက် မိမိကိုယ်တိုင်က လိုက်နာသည်နည်း ဆိုသည်က အရေးပါပါမည်။ မိမိ ကိုယ်တိုင်ထက် မည်သည်တို့ကို ပိုမိုယုံကြည်ကြရန် လိုပါမည်လဲဟု ချင့်ချိန် စဉ်းစားဆင်ခြင်ကာ ကိုယ်ကိုယ်တိုင်၏ ကာယ၊ ၀ဇီ၊ မနော မှန်ကန်ကောင်း မွန်အောင် စောင့်ထိန်းကျင့်ကြံလိုက်နာ ဆောက်တည်နိုင်ကြပါစေ သတည်း။


No comments:

Post a Comment