Wednesday, April 24, 2019

အပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေ လိုအပ်ချက်များအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ



Image may contain: 8 people, people standing and outdoor
နေပြည်တော် ဧပြီ ၂၃


 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် သောက်သုံးရေအခက်အခဲကြုံတွေ့နေရ သည့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် သောက်သုံးရေလှူဒါန်းခြင်းကို ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် ဇေယျာသီရိ မြို့နယ် စက်ကုန်းကျေးရွာရှိ လူဦးရေ ၄၀၂ ဦးအတွက် သောက်သုံးရေ ဂါလန် ၃၀၀၀ ၊ ရေသန့်တစ်လီတာဘူး ၈၁၀၊ ရေသန့်ဆေးပြား ၃၀၀၀ လှူဒါန်းခဲ့ပြီး ပြည်သူလူထုနှင့်တွေ့ဆုံ၍ လိုအပ်ချက်များ ဆွေးနွေးမေးမြန်းကာ ဖြည့်ဆည်းပေးနိုင် ရေးကို နေပြည်တော်ကောင်စီနှင့်အတူ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နွေရာသီကာလအတွင်း အယ်နီညိုရာသီ ဥတုဖြစ်စဉ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သပညာရှင်များမှ ခန့်မှန်းခဲ့သည်။ ယင်းဖြစ်စဉ်၏ အကျိုးသက်ရောက်မှုသည် မြန်မာနိုင်ငံသို့လည်း ရောက်ရှိနိုင်သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစ၍ ရေရှည်စီမံ ချက်အဖြစ် မကွေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေတွင်းတူးဖော်ခြင်း၊ အုတ်ရေကန်/ မြေသားရေကန်များ တည်ဆောက်ပေး ခြင်း၊ ပြုပြင်ပေးခြင်း၊ ရေသွယ်ယူမှု၊ ရေကန်ပေါင်အား မြေထိန်းနံရံရေတား တမံတည်ဆောက်ပေးမှုများ ဆောင်ရွက် ပေးခြင်း၊ ရေစက်ရုံနှင့် ရေစင်များ တည် ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ရာ စုစုပေါင်းကျပ်ကျပ်သန်း ၆၇၂ ဒသမ ၃၁၉ သုံးစွဲထောက်ပံ့ခဲ့ပြီးဖြစ်သည်။
အလားတူ ၂၀၁၉ ခုနှစ် နွေရာသီ ကာလအတွင်း အပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေရှားပါးမှု ကြုံတွေ့ရနိုင် သည့် ဒေသများအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ စာရင်းကောက်ယူခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ သည်။ ထို့အပြင် ၂၀၁၉ ခုနှစ် မတ်လမှစ၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်တွင် လူဦးရေ ၉၉၀၀ ခန့် အတွက် ရေဂါလန် ၉၁၂၀၀၊ ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်နှစ်မြို့နယ်တွင် လူဦးရေ ၂၆၀ အတွက် ရေဂါလန် ၁၂၈၀၀၊ ကယား ပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ် တွင် လူဦးရေ ၈၂၀၀ ခန့်အတွက် ရေဂါလန် ၇၀၂၀၀ ကို လှူဒါန်းခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနအနေဖြင့် သောက်သုံးရေ အခက် အခဲ ကြုံတွေ့နေရသည့် ဒေသများအား စုံစမ်းသတင်းရယူ၍ ဆက်လက်လှူဒါန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူ လူထုအနေဖြင့် သောက်သုံးရေ လိုအပ် ချက်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများ ဖြစ်သော ၀၆၇-၃၄၀၄၆၆၆နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီတောင်းခံ နိုင်ပါကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment