Wednesday, April 24, 2019

နိုင်ငံတကာဈေးကွက်များ၌ ခိုင်မာသည့်ဈေးကွက်တည်ဆောက်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသည့်ဆန်များတင်ပို့နိုင်ရေး ညှိနှိုင်း




Image may contain: 5 people, table
နေပြည်တော် ဧပြီ ၂၃



နိုင်ငံတကာဈေးကွက်များ၌ ခိုင်မာသည့် ဈေးကွက်တည်ဆောက်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသည့် ဆန်များတင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြည်ပ သို့ ဆန်တင်ပို့မှုအနေဖြင့် ပင်လယ် ရေကြောင်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် ကုမ္ပဏီ ၈၃ ခုမှ ဆန်တန်ချိန် ၁ ဒသမ ၂ သန်း၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၈၁ သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၇၀ မှ ဆန်တန်ချိန် ၈ ဒသမ ၅ သိန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၈ သန်း တင်ပို့ နိုင်ခဲ့ပါကြောင်း။
နယ်စပ်မှ ဆန်တင်ပို့မှုအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၁၅၅ ခုမှ ဆန်တန်ချိန် ၁ ဒသမ ၇ သန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉၅ သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ကုမ္ပဏီ ၁၀၃ ခုမှ ဆန်တန်ချိန် ၁ ဒသမ ၀၇ သန်း၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၅၉ သန်း တင်ပို့နိုင်ခဲ့ပါကြောင်း။
အာဖရိကသည် ဆန်ကိုစိုက်ပျိုး ထုတ်လုပ်နိုင်သော်လည်း စားသုံးမှုသည် စိုက်ပျိုးထုတ်လုပ်နိုင်မှုထက် များပြား သဖြင့် အာရှဒေသရှိနိုင်ငံများထံမှ ပြန်လည်ဝယ်ယူ တင်သွင်းရပါကြောင်း၊ မြန်မာနိုင်ငံမှ ဆန်တင်ပို့သည့်နိုင်ငံများ တွင် အာဖရိကနိုင်ငံများလည်း အပါ အဝင်ဖြစ်ပါကြောင်း။
ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံ များသည် အိန္ဒိယ၊ ထိုင်း၊ အမေရိကန်၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အီတလီ၊ တရုတ်၊ ဥရုဂွေး၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ တို့ဖြစ်ပြီး က္ဘာ့ဆန်တင်သွင်းမှု အများဆုံးနိုင်ငံများမှာ တရုတ်၊ ဘီနင်း၊ ဆော်ဒီအာရေးဗီးယား၊ အီရန်၊ ဘင်္ဂလား ဒေ့ရှ်၊ အမေရိကန်ပြည်ထောင်စု၊ အာရပ် စော်ဘွားများနိုင်ငံ၊ အင်္ဂလန်၊ တောင် အာဖရိကနှင့် အီရတ်နိုင်ငံတို့ ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လယ်ယာ စိုက်ပျိုးရေးကို အဓိကအားထားသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ တိုးတက် ပြောင်းလဲလာသည့် Global စီးပွားရေး စနစ်တွင် စိန်ခေါ်မှုနှင့် ယှဉ်ပြိုင်မှုများစွာကို ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိပြီး မြန်မာ့ လယ်ယာကဏ္ဍတွင်လည်း စိန်ခေါ်မှုနှင့် ယှဉ်ပြိုင်မှုများစွာရှိနေရာ တောင်သူများ၊ ကုန်သည်များနှင့် နိုင်ငံတော်ပါ အကျိုး ဖြစ်ထွန်းနိုင်ရေးအတွက် ခိုင်မာသည့် ဈေးကွက်သစ်များ ရှာဖွေနိုင်ရေး ပိုမို ကြိုးပမ်းလုပ်ဆောင်နိုင်ရန် လိုအပ်လျက် ရှိပါကြောင်း။
မြန်မာ့ဆန်စပါး ကုန်သွယ်မှုကဏ္ဍသည် လုပ်ငန်းနယ်ပယ် အလွန်ကျယ်ပြန့် သောကြောင့် ရှုပ်ထွေးမှုများ၊ စိန်ခေါ်မှု များ၊ အခက်အခဲများနှင့် အကန့်အသတ် များစွာဖြင့် ဆောင်ရွက်နေရပြီး အဆိုပါ ကိစ္စများအား အဆင်ပြေချောမွေ့စွာ ကျော်ဖြတ် ဆောင်ရွက်သွားနိုင်ရန် အထူး လိုအပ်ပါကြောင်း။
အိုင်ဗရီကို့စ်တွင် ဖျက်ဆီးခံရသည့် ဆန်များကို မြန်မာနိုင်ငံက ကုမ္ပဏီသုံးခု ထံမှ ရန်ကုန်အခြေစိုက် စင်ကာပူ ကုမ္ပဏီဖြစ်သည့် Olam International Co.,Ltd.က FOB စနစ်ဖြင့် ဝယ်ယူခဲ့ ခြင်းဖြစ်ပြီး အာဖရိကတိုက် Guinea တွင် ရောင်းရန်ဖြစ်ပါကြောင်း၊ ဆန်တင် သည့် သင်္ဘောသည် မြန်မာနိုင်ငံက ဆန် တန်ချိန် ၂၂၀၀၀ ကို တင်ဆောင်၍ ရန်ကုန် ဆိပ်ကမ်းက ၂၀၁၈ ခုနှစ် အောက်တိုဘာ တွင် ထွက်ခွာခဲ့ပြီး Guinea ဆိပ်ကမ်း သို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆန်များ ကို သင်္ဘောချရာ၌ တန်ချိန် ၄၀၀၀ ချပြီး နောက် ဆန်အလေးချိန် မပြည့်ဆိုသည့် ပြဿနာပေါ်သည်ဟု သိရပါကြောင်း။
အာဖရိကနိုင်ငံများသို့ လှည့်လည် ရောင်းချရာတွင်လည်း လက်မခံနိုင်သည် ဟု သိရပါကြောင်း၊ ဆန်အိတ်များသည် ကီလို ၅၀ ရှိရမည်ဖြစ်၍ ၄၅ ကီလိုသာ ရှိသည့်အတွက် လက်မခံဘဲ ငြင်းပယ် ခဲ့ခြင်းဖြစ်သည်ဟု သိရပါကြောင်း၊ ယင်း ဖြစ်ရပ်နှင့် ပတ်သက်၍ ဝယ်ယူတင်ပို့ သည့် ကုမ္ပဏီ၊ ဆန်အရည်အသွေးနှင့် အလေးချိန်စစ်ဆေးသည့် Inspection Agency ၊ ဝယ်ယူသူ (Buyer)များ၏ အားနည်းချက်ကြောင့် ဖြစ်သည်ကို ဆန်းစစ်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ယခုကဲ့သို့ ဖြစ်စဉ် နောက်ထပ်မဖြစ်စေရန် စနစ်တကျစီစဉ်ကြပ်မတ် ဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသည့် အသင်းအဖွဲ့ များ၊ ဌာနဆိုင်ရာများ၊ ဆန်တင်ပို့သည့် ကုမ္ပဏီကြီးများ၊ အရည်အသွေးစစ်ဆေး သည့် အဖွဲ့အစည်းများမှ အကြံဉာဏ်များ တင်ပြဆွေးနွေးရန် ပြောကြားလိုပါ ကြောင်း။
နိုင်ငံတကာ ဆန်စပါးဈေးကွက်ကြီး များသည်လည်း ဈေးကွက်ရရှိရေးကို အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံသည်လည်း နိုင်ငံတကာ ဈေးကွက်အတွင်း ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် ခိုင်မာသည့်ဈေးကွက် တည်ဆောက်နိုင်ရေးနှင့် အရည်အသွေး ပြည့်မီသည့် ဆန်များတင်ပို့နိုင်ရေးကို သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့အစည်းများမှ ပိုမို တွန်းအားပေး ပူးပေါင်းဆောင်ရွက်ပေး ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်က ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၆ သန်း တိုးမြှင့်တင်ပို့နိုင်ခဲ့ပါ ကြောင်း၊ ဆန်တင်ပို့မှုအနေဖြင့် တရုတ် နိုင်ငံသို့ အများဆုံးတင်ပို့နိုင်ခဲ့ပြီး အာဖရိကနိုင်ငံများသို့ ဒုတိယအများဆုံး တင်ပို့နိုင်ခဲ့ပါကြောင်း၊ မည်သည့်ပြဿနာ မှ ကြီးကြီးမားမား မပေါ်ပေါက်ခဲ့ပါ ကြောင်း၊ ယခု အိုင်ဗရီကို့စ်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာနှင့် ပတ်သက်၍ မြန်မာ့ဆန်ပုံရိပ် မကျဆင်းစေရေး၊ ရေရှည်တည်တံ့သည့် ဆန်တင်ပို့မှုစနစ် ဖြစ်ပေါ်ရေး၊ ဆန်စပါးကြိတ်ခွဲမှု အရည် အသွေးပြည့်မီရေး၊ အလေအလွင့်နည်းပါး ရေး၊ အလေးတင်းတောင်း မှန်ကန်မှု ရှိရေး၊ သယ်ယူပို့ဆောင်မှုကောင်းမွန်ရေး မြန်မာ့ဆန်ပြည်ပဈေးကွက်သို့ ထိုးဖောက် ရာတွင် လိုအပ်သည့်စနစ်နှင့် အဖွဲ့အစည်း များ ထားရှိဆောင်ရွက်နိုင်ရေးကို အဖြေရှာ၍ အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ကိုယ်စားလှယ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက အိုင်ဗရီကို့စ်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် မြန်မာ့ဆန်နှင့် ပတ်သက် ၍ ပြည်တွင်းပြည်ပ စားသုံးသူများ၏ စိုးရိမ်ထိတ်လန့်မှုနှင့် လေ့လာတွေ့ရှိချက် များ၊ အသင်းချုပ်အနေဖြင့် မီဒီယာများ မှတစ်ဆင့် ပြည်သူများသို့ ရှင်းလင်း တင်ပြခဲ့မှု အခြေအနေ၊ ပြည်ပနိုင်ငံများသို့ သင်္ဘောများဖြင့် ဆန်တင်ပို့ခဲ့မှု အခြေ အနေ၊ ပြည်ပနိုင်ငံများသို့ ဆန်ကြိတ်ခွဲ တင်ပို့မှု လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည် သုံးသပ်စိစစ် လေ့လာသွားမည့် အခြေ အနေ၊ အလေးချိန်မှန်ကန်ရေး စနစ်တကျ စီစဉ်ဆောင်ရွက်နေမှု၊ နိုင်ငံတကာ ဆန်ဈေးကွက်အခြေအနေနှင့် မြန်မာ့ ဆန်ပုံရိပ်ကို ထိခိုက်မှုမရှိအောင် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာ သူများက ဆန်သင်္ဘောတင်ပို့မှုကိစ္စ၊ သင်္ဘောတင်ရန် စစ်ဆေးခြင်းကိစ္စ၊ သယ်ယူပို့ဆောင်သိုလှောင်ခြင်း ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာ နိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပြည်ပသို့ ဆန်တင်ပို့သည့်ကုမ္ပဏီများနှင့် Inspection Agency များမှ ကိုယ်စား လှယ်များ၊ ဆန်စပါးကျွမ်းကျင် ပညာရှင် များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment